ဘာသာပြန်ကဗျာ
ဘာသာပြန်ကဗျာ
ငါ့အလုပ်နေရာက စတိုထဲမှာ တိုလီမုတ်စတွေ ရှင်းလင်းတဲ့အခါ
အပိုပစ္စည်းတွေ ထိန်းသိမ်းထားတဲ့ ခြင်းတောင်းလေးထဲက အတိုအစတွေ
အသုံးပြုမယ့် သူကို ငံ့လင့်နေသလိုမျိုး မင်းကို သတိရနေတယ်ပေါ့…
လူတွေကလည်းကွယ်…
ကမ္ဘာဦးကတည်းက အသံတစ်သံကို ကြားပြီးတဲ့နောက်
အဲဒီအသံကို မျှော်လင့်ရင်း အတုဖန်တီးတာတွေ များလာကြတာ…။
ငါဟာသစ်ရွက်တွေ ထဲမှာ သိမ်ငယ်နေတတ်တဲ့ ဘယ်သူမှ မမြင်တဲ့ သစ်သီးလေးတွေလိုမျိုး
မတွေ့နိုင်တဲ့ လူတွေ တွေ့ပါစေ ဆုတောင်းနေသလိုမျိုးပေါ့…
ဆာလောင်မှုနဲ့ ပြင်းထန်နေတဲ့ ငတ်မွတ်ကလေးငယ်ရဲ့ မျက်လုံးမျိုးနဲ့
“အစားအစာဆိုတာ နတ်တွေရဲ့ ကောင်းချီးပေးသလိုများ လား” လို့ တွေးသလိုမျိုး
မည်းကြုတ်နေတဲ့ အရေတွန့် လက်ကလေးနဲ့ သဲပြင်ပေါ်မှာ
“ပေါင်မုန့်… ပေါင်မုန့်… ပေါင်မုန့်…” လို့ ဆာလောင်မှုတွေ ရပ်တန့် မေ့လျော့သွားချိန်အထိ ရေးခြစ်မိနေသလိုမျိုး
မင်းနာမည်ကို အော်ခေါ်နေသံ ဘယ်ဆီကမှန်းမသိကြားတယ်…
ခုနှစ်ထပ် မြောက်ဟိုတယ် အလွှာရဲ့ ပူအိုက်တဲ့ စတိုခန်း ဘေးပြတင်းပေါက်တွေကနေ
လှမ်းမျှော်ရင်း မြင်ကွင်းတွေ ကို ကြည့်တဲ့အခါ ထီးဆောင်းသွားတဲ့ လူတစ်ယောက်ကို တွေ့တော့
ဘတ်စ်ကားမှတ်တိုင်ကနေ လွယ်အိတ်လွယ်ရင်းကားပေါ်က ဆင်းလာတဲ့ ငါ့ကို သတိရတယ်။
အပေါ်စီးကနေ ကြည့်တဲ့အခါ ဖြတ်သွားဖြတ်လာ တစ်ယောက်တိုင်းဟာ ငါဖြစ်နေပေါ့ကွယ်…။
နည်းနည်းနောက်ကျနေပြီ ဆိုပေမယ့်လည်း ပိုးမွှားတွေက ငါ့ကို အဖော်ပြုပေးနေသေးတယ်။
အပူအပင်သောကနဲ့ စိတ္တဇတွေကို မေ့ပစ်လိုက်တဲ့အခါ
ငါဟာ လူပိုတစ်ယောက်သာပါပဲ။
ရေခွက်ထဲက ရေတစ်ဝက်ကိုငါကြည့်ရင်း
ကမ္ဘာပေါ်က ဆက်သွယ်မှု မီဒီယာတွေထဲမှာ ကြားခံဆွဇ်ခ်ျလေး တစ်လုံးပဲ ဖြစ်ချင်မိတယ်လေ
မြင်ကွင်းတွေကို အနီးကပ် ဆွဲယူတဲ့အခါ လိုအပ်တဲ့ မှန်ဘီလူး လေး တစ်ကုံးပဲ ဖြစ်ချင်မိတယ်လေ။
အခုအချိန်ဆို…
ငါ့ရှေ့က တိုက်ခတ်လိုက်တဲ့ လေပြေတွေကြားမှာ ဘယ်လို အသံလှိုင်းတွေကများ ဘယ်သူ့ဆီကို ပြေးလွှားနေမှာပါလိမ့်ကွယ်။
ကျော်ညိုသွေး

Comments