ကွေကာ ရဲ့ ကမ္ဘာ


ကွေကာ ရဲ့ ကမ္ဘာ



ဟောဒီ သံသရာထဲမှာ
ကြောင်ကလေး ကွေကာ ဟာ။
စက္ကူပုံး  နဲ့ လူ ကြား
အတင်းတိုးဝှေ့လို့ ခွေခွေလေး အိပ်ရှာတယ်။


အိမ်က ထွက်ပြေးချင်နေတဲ့ ကဗျာဆရာရှိတဲ့
အိမ်ဟာ ဇာတိချက်မြုပ်။
အိမ်က ထွက်မပြေးလေနဲ့ ကွေကာ
ဒီအိမ်မှာပဲ မင်းမျှော်လင့်တဲ့ အညိုရောင်ကြယ်ကလေးတွေ ရှိတယ်။
မင်းရဲ့ အကုတ်အခြစ်ခံချင်သေးတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်ယောက်များ
ရှိလိမ့်မလဲ တွေးမလား။


ကြယ်တွေကို ကြိုက်တတ်ပေမယ့်
မင်းဟာ မင်း သန္ဓေကိုလည်း မစွန့်လွှတ်နိုင်။
သံသရာထဲက အမှီတစ်ခု ကို ခေါင်းခုလို့
အိပ်ရှာတယ်။


ဟောဒီ သံသရာထဲမှာ
ကြွပ်ကြွပ်အိတ်သံလေးတစ်ခု ကြားလို့
မင်းဟာ
ကင်းစောင့်တပ်သားက
သတိမျက်လုံးနဲ့ ဝေ့၀ိုက်ကြည့်သလိုမျိုး
သတင်းအမဲလိုက်သမားက
ဆပ်ဘဂျက် တစ်ခု ကို ကင်မရာချောင်းကြည့်ပေါက်ထဲ
မျှားခေါ်သလိုမျိုး၊
ပတ်ဝန်းကျင်ကို ဆွဲယူခြုံငုံလိုက်တယ်..။


အိပ်ဦး ကွေကာ
မင်းရဲ့ ရင်ခုန်သံနှိုးစက်က
မင်းကို လှုပ်နှိုးဖို့ အချိန်တွေ ရောက်မလာသေးဘူး
အိပ်ဦး...။

ဒီသဘာဝကြီးထဲမှာ
မင်း မျက်လွှာတွေ တက်ကြွချိန်ဆို
အညိုရောင် ကြယ်တွေ က မင်း ကို စောင့်ကြို နေဦးတော့မယ်။

မင်းအတွက်တော့..
အညိုရောင် ကြယ်ကလေးတွေ က ဆိုတဲ့ သီချင်း
မင်းအတွက် အလင်းရောင်။
မင်းအတွက် သီချင်းတောင် ဖြစ်သေးရဲ့။
ဆိုပြီးတဲ့သီချင်း မင်း မေ့လိုက်နိုင်တာ ကောင်းပါရဲ့။
ကြယ်ရောင်သီချင်းတွေ အဆုံး
စက္ကူပုံး နဲ့ လူကြားမှာ
သံသရာကို မျက်ကွယ်ပြုလို့ မင်းမှေးစက်ဦးကွယ်။

ကဗျာမဆန်တဲ့ ညမှာ
ကဗျာဆရာ က ကဗျာရေးနေတာ
မင်းလစ်လျူရှုလိုက်ဦး။

သံသရာ ကမ်းတစ်ဘက်က နေကြာပွင့်တွေ မပွင့်ခင်အထိ
ကြယ်ရောင်တွေ ကို ကုတ်ခြစ် လိုက်ဦး
မင်းရဲ့ ကြယ်စင်သီချင်းဟာ
နေရောင်ခြည် ကကြိုး နဲ့အတူ
ဆည်းဆာဆီ ယိမ်းနွဲ့နေပေါ့။


အခုတော့..အိပ်ဦးကွေကာ...။
ဒီသဘာဝကြီးထဲမှာ
မင့် ရေဒါတွေ တက်ကြွချိန်ဆို
အညိုရောင် ကြယ်တွေ က မင်း ကို စောင့်ကြို နေဦးတော့မယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး