ဈေးသည် အေးကြွယ်


ဈေးသည် အေးကြွယ်

Online Shopping Site တွေ က ပေါ်လာကြပြီ မမ။
ဒီအချိန်မှာ ပြန်တွေးကြည့် ရင်
အတိတ်က စကားတွေ ကို ကြားယောင်မိသေး
သက်တန့်လို အပြုံးတွေစိန်လို မျက်လုံးတွေ အောက်မှာ
ကျွန်တော့် ရင်ခုန်သံတွေ အိမ်ရာမဲ့ ဖြစ်ခဲ့ရ
စီးကရက်မီးခိုးငွေ့ လို ကျွန်တော့် စကားလုံးတွေ အထည်ပျက်ခဲ့ရ
ကျွန်တော့် စိတ်အထည်လေး ရွှဲသွားရ
အခုတော့ မမရေ...Online Shopping Site တွေ ပိုပိုများလာကြ
မမ ဟာ လှတယ်။
မမ မျက်လုံးတွေ ဟာ တောက်ပတယ်။
မမ အမျိုးသားဟာ ကံကောင်းတယ်။
မမ နှုတ်ခမ်းတွေဟာ ဖယောင်သားတွေ ကို ပြုစားနိုင်တယ်။
မမရေ... မာစရိုက်ပွင့်ရိုက် ထမီတွေ ရဲ့ သစ္စာ တေးမှာ
စပိန် ဂစ်တာလေးတွေလည်း ကြိုးပြတ် ကုန်ကြလေတယ်။
အချိန်က စကားပြောပါလိမ့်မယ် မမရေ...
ကုမ္ပဏီ ထောင်ထားတဲ့ သတင်းကို ဂျာနယ်မှာ တွေ့လိုက်တယ်။
ကျွန်တော်လည်း သစ်ရွက်ကလေးလို လွမ်းသွားပေါ့။
မမ ရင်ညွန့်ပေါ်က လော့ကတ်သီးဟာ
သူရဲကောင်း တစ်ထောင် လို မာန်ဝင့်တယ်။
စွန်ပလွန်ပင်တွေ ရဲ့ တေးကို ဆိုတယ်။
သားပိုက်ကောင်တွေ မြင်ကွင်းထဲ ဖြတ်ပြေးတယ်။
ကျွန်တော်လည်း ယောင်နန နဲ့ 
ဓါတ်ပုံရိုက်တယ်
သီချင်းဆိုတယ်
ကဗျာရေးတယ်
ဖရဲသီးတွေ ခွဲပြီး ဇွန်းနဲ့ ခပ်စားတယ်။
အိပ်မက်တွေ ကို ဆားခတ်တယ်
ဂစ်တာကြိုးတွေ နဲ့ မီးခြစ်ဆံကို ပွတ်လို့ မီးတောက်စေတယ်
မမ..ကြောင့်ဆိုဖာလေးတွေ အိုက်စပ်ပူလောင် လာမယ်။
နှစ်လိုဖွယ် အပြုံးကို ပြုံးပါမမ
ဒီ နှစ်ထဲ ပွင့်တဲ့ ခရေတွေဟာ
ကျွန်တော့် အထင် အပွင့်တွေ ပိုကြီး ကြသလားလို့။

ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး