ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အဲ့ဒီ့မြို့လေးမှာ

အဲဒီမြို့လေးမှာ ကျွန်မချစ်သူရှိနေတယ် ဆောင်းရာသီမှာ ရေခဲမတတ်အေးပြီး နွေရာသီမှာတော့ အလွန်တရာ အပန်းဖြေလို့ကောင်းတဲ့ မြို့လေးပါ
မြို့လေးကို ရောက်ဖို့ရာ မြွေလိမ်မြွေကောက် လမ်းလေးကို ဖြတ်သန်းလာရတယ်ချယ်ရီပန်းတွေအဆုပ်လိုက်ပွင့်တတ်တယ်။
တခါတလေ ကုန်တင်ကားကြီးတွေ ဖြတ်သွားချိန်ကလွဲလို့ မြို့ငယ်လေးက အေးဆေးငြိမ်သက် နေတတ်တယ် မြို့အနှံ့အပြားနွားနို့ဆိုင်လေးတွေ ရှိတတ်တယ်။ ရှမ်းထမင်း ရှမ်းဟင်း ပူပူနွေးနွေး ရောင်းတတ်တဲ့ ဆိုင်သေးသေးလေးတွေ လည်းအများကြီးရှိတယ်။
မြို့ကိုဝင်ဝင်ချင်း တောင်ပေါ်လေးမှာ ဘုရားတစူရှိပြီး မြို့ကို အပေါ်စီးကနေ မြင်ရတယ်
တချိန်က စက်ဘီးနဲ့ သွားလာတတ်ပေမယ့် ခုချိန်မှာတော့ ဆိုင်ကယ်သံတ၀ီဝီနဲ့ မြို့လေးက အသက်ဝင်နေတယ်။

ချစ်သူနဲ့ အတူတူ လက်တွဲလျှောက်ခဲ့ဖူးတဲ့ လမ်းလေးမှာ ချစ်ရနံ့တွေသင်းပျံနေတယ် ဟိုးအဝေးကို မျှော်ကြည့်လိုက်ရင် မြုမှုန်ဆန်ဆန်နှင်းတွေ ပိတ်ဆို့နေပေမယ့် နှင်းထုနောက်မှာတော့ သာယာတဲ့ ချစ်သူနှစ်ယောက်ရဲ့အနာဂတ်ရှိနေတယ်
ပြာလွင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ အတူတူရှိခဲ့ဖူးသလို မိုးမှောင်ကျနေတဲ့ ညနေစောင်းတွေမှာလည်း တယောက်လက်တယောက် မဖြုတ်ခဲ့ကြဘူး။ ကယ်ရီယာ မပါတဲ့စက်ဘီးလေးမှာ ဘားတန်းမှာထိုင်ပြီး လေအေးတွေတိုးသွားတိုင်း သူ့ရင်ခွင်ခေါင်းလေးပုဝင်သွားတတ်တယ်။
သူ့ ရင်ခုန်သံတချို့ကိုလည်း ကြားရသလိုလိုပဲ။ ချယ်ရီပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ လမ်းလေးမှာ ပင်စည်ခပ်ကြီးကြီးနှစ်ချို့ညောင်ပင်ကြီးတပင်လည်းရှိနေတယ်။
ညောင်ပင်စောင်းလေးမှာ လာလာထိုင်တတ်တဲ့ ချစ်သူနှစ်ဥိးကိုတွေ့ရလိမ့်မယ်။
သူတို့နှစ်ဦး တယောက်မျက်နှာတယောက် ကြည့်ပြီးကြည်နူးခဲ့ဖူးသလို တယောက်ကိုတယောက် စိတ်ကောက်ပြီး ကျောခိုင်းထိုင်နေဖူးတယ်။
တခါတလေ ဘာမဟုတ်တဲ့အကြောင်းလေးနဲ့ မျက်ရည် လွယ်လွယ်ကျတတ်ပေမယ့် မျက်ရည်တွေသုတ်ပြီး ကြင်နာစွာ ယုယချော့မြုတတ်တဲ့ ချစ်သူလည်း အနားမှာ အမြဲရှိနေခဲ့တယ်။ ဘာမှဟုတ်တဲ့ အကြောင်းလေးတွေကိုလည်း ငြင်းခုံတတ်ကြသလို တခါတလေတော့ ဘ၀ရှေ့ရေး အလေးအနက်တိုင်ပင်ဖူးတယ်။ ၀ယ်လာတဲ့ ခေါပုတ်ကြော်ကို အလုအယက် အတူတူလုစားဖူးခဲ့တယ်
နေရောင်မထိုးနိုင်အောင် သစ်ရိပ်တွေနဲ့ အုံ့ဆိုင်းနေတဲ့ လမ်းလေးမှာ သူကျွန်မကို စက်ဘီးစီး သင်ပေးဖူးတယ် ကျွန်မကတော့ ဒီလို အမှတ်တရတွေနဲ့ ပြည့်နေတဲ့ လမ်းလေးကို အချစ်လမ်းလို့ ပဲ နာမည်ပေးထားခဲ့ပါတယ်။

အချစ်လမ်းဆီ ပြန်လာခဲ့ပါ ဆိုတဲ့သူ့တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်သေးတဲ့ အချိန်လေးအတွင်းမှာပဲ ကျွန်မကိုအရွဲ့တိုက်ပြီး သူ ကောင်မလေးတယောက် ရသွားခဲ့တယ်။ အချိန်မရွေးပြန်လာပါ နင်ကိုသာငါအချစ်ဆုံးပါ တဲ့။ အချစ်လမ်းက ညောင်ပင်ခြေရင်းမှာ သူတို့ချစ်သူနှစ်ဦး သွားထိုင်မှာပဲဆိုတာ တွေးလိုက်မိတိုင်း ကျွန်မ ငိုခဲ့ရတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ အချစ်လမ်းကို သူကောင်မလေးကို မခေါ်သွားခဲ့ပါဘူး။ ကျွန်မကိုချစ်နေဆဲဖြစ်ပြီး ကျွန်မကိုစောင့်စားနေဆဲ ဆိုတဲ့ သူ့ရဲ့ မုသာဝါဒစကားလုံးတွေကိုပဲ မျက်စိမှိတ်ယုံလိုက်မိတယ်။ ကျွန်မအပြင် တခြားမိန်းကလေးတယောက်ကို သူ့ရင်ထဲ နေရာပေးထားတဲ့အတွက်လည်း အပြစ်တလုံးမှမဆိုပါဘဲ ခွင့်လွှတ်ပေးခဲ့တယ်။ ကျွန်မမှ သူ့အနားမှာ မနေနိုင်သေးတာ သူစိတ်ချမ်းသာသလို လုပ်ပါစေဆိုတဲ့ အတွေးလေးနဲ့ သူ့ကိုကျွန်မ မတားခဲ့မိဘူး။ ကျွန်မရင်ထဲက စိတ်စေတနာကိုသူမြင်ရင် ကျွန်မကျေနပ်ပါတယ်။

ဒီနေ့တော့ ကျွန်မအချစ်လမ်းကို ကျွန်မတယောက်တည်း ရောက်လာမိတယ်။ ထုံးစံအတိုင်း မြို့လေးက နှင်းလွှာတွေကြားမှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ မြူနှင်းဆန်ဆန် မိုးမှုန်လေးတွေလည်း တဖွားဖွားကျနေတယ်။ မရည်ရွယ်ပါဘဲ အချစ်လမ်းကို ကျွန်မတယောက်တည်း ထွက်လာမိတယ်။ သစ်ရွက်ကြွေတချို့ လမ်းပေါ်မှာ နှင်းငွေ့နဲ့အတူ စိုစွတ်နေတယ်။ နှင်းမှုန်ပါးပါးလေး ကျနေတဲ့အထဲမှာ ချယ်ရီပွင့်တွေပါ ရောပါလာတယ်။
စိတ်ထဲ အတန်တန် တားမြစ်ထားပါလျှက် ထိုင်နေကျ ညောင်ပင်ခြေရင်းလေးမှာ ကျွန်မထိုင်လိုက်မိတယ် အရင်လို လက်ကိုင်ပုဝါလေးနဲ့ ဖုန်ခါပေးတဲ့သူကို ယောင်ပြီး တမ်းတမိလိုက်သေးတယ်
မိုးနှင်းဆန်ဆန် နှင်းမှုန်လေးတွေကို အုပ်မိုးကာကွယ်ပေးမယ့် သူ့ ဂျာကင်ပြာပြာလေးမရှိဘူး
မနက်စောစောမီးထရှို့တတ်တဲ့ အနီးအနားခြံတခြံက ခြံစောင့်အဖိုးကြီးကတော့ မီးထရှို့နေတုန်းပါပဲ
ကျွန်မ မျက်လုံးထဲကို မီးခိုးတွေဝင်လို့ စပ်ပြီး မျက်ရည်ဝဲလာတယ်..
ဒါပေမယ့် မီးခိုငွေ့ကြောင့်မဟုတ်ပါပဲ မျက်ရည်တချို့လည်း ပါးပြင်ပေါ်စီးကျနေတယ် .. ။
ဟိုအရင်ချိန်ကလို တယုတယနဲ့ မျက်ရည်သုတ်ပေမယ့်သူဆိုတာ အခုတော့....။

ဘယ်သူမှ ရှိမနေတဲ့အတွက် ကျွန်မ ကျေးဇူးတင်ပါတယ်လေ ကျွန်မ ဒီမြို့လေးကို တိတ်တဆိတ် ရောက်လာတာ ဘယ်သူမှမသလို အချစ်လမ်းလေးမှာ တိတ်တဆိတ် လာထိုင်သွားတာကိုလည်း ဘယ်သူကိုမှ မသိစေချင်ပါဘူး။
သူငယ်ချင်းတွေနဲ့ဆုံရင် အံသြတကြီး မေးလာမယ့် စကားသံတွေနဲ့ အတူ သနားတဲ့ မျက်ဝန်းတွေရဲ့အကြည့်ကို ကျွန်မမခံနိုင်ဘူး ဘယ်သူမှမသိခင် ကျွန်မ ဒီမြို့လေးကနေ အမြန်ဆုံး ထွက်ခွာသွားတော့မှာပါ။ နောက်ဆုံးအကြိမ် ကျွန်မတို့ရဲ့ အချစ်လမ်းကိုလာပြီး နောက်ဆုံးအနေနဲ့ သူ့ကို လွမ်းဆွတ်တမ်းတခွင့်ရှိပါသေးတယ်။ နှင်းကွဲစအချိန်မှာ ကျွန်မ လာရာလမ်းအတိုင်း ပြန်လျှောက်လာခဲ့တယ်
ခပ်ဝေးဝေးကနေပဲ ညောင်ပင်အိုကြီးကို နှုတ်ဆက်ကြည့်လိုက်ရင်း အချစ်လမ်းကနေ တယောက်တည်း ကျောခိုင်းပြန်လာခဲ့ တယ်။
ဒါ နောက်ဆုံးပါပဲ အချစ်လမ်းရယ်..။


သိပ်မကြာတော့တဲ့အချိန်အတွင်းမှာပဲ မြို့လယ်က မြို့ရဲ့တခုတည်းသောခန်းမမှာ မင်္ဂလာဆောင်တစ်ခု ခမ်းနားသိုက်မြိုက်စွာ ကျင်းပတော့မယ်။

...........................................................................................

ရေးသားသူ - ဂင်္ဂါ

gravatar

ဖတ်ရင်းနဲ့ကိုယ်တိုင်အချစ်လမ်းလေးထဲရောက်သွားသလိုခံစားရတယ်၊ကောင်းသောပို့စ်ပါ အားပေးလျှက်

gravatar

အရေးအသားရဲ့ ဆွဲဆောင်မှုကြောင့် အစကနေ အဆုံးထိ နစ်မျောသွားတယ်..။ မြို့ကလေးကိုရောက်လို့ အချစ်လမ်းလေးကို လျှောက်ဖူးသူတိုင်းကို လမ်းကလေးက အချစ်ပုံပြင်လေးပြောပြနေမှာပါ...။ ဘယ်မြို့လေးလဲဆိုတာသိချင်တယ်..။

gravatar

နောက်တစ်ခါဒီလိုရေးနဲ့ဗျာ ဖတ်ရင်းနဲ့ကြက်သီးတွေ
ထလာပြီး ကြေကွဲလွမ်းလို့ပါ
ကောင်းလိုက်တာ ဘယ်လိုအတွေးမျိုးနဲ့
ရေးသလဲမသိဘူး မိုက်တယ်

gravatar

အရေးအသား က လေးစားစရာပါပဲ အမ ဂင်္ဂါရေ ။
နောက်ထပ်လည်း ဒီလိုမျိုးလေးတွေ ဖတ်ချင်ပါသေးတယ်ခင်ဗျာ ။

ကြည်နူးမှုလေးတွေ ဖြန့်ဝေ ပေး လေးလို့ ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ

အားပေးလျှက်