ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

စာရေး၊စာဖတ် နှင့် ဘာဘာညာညာများ

အလုပ်ထဲမှာ စာရေးရင်လည်း computer နဲ့ရေးလိုက်တာပဲ။ မှတ်စရာရှိရင်လည်း ဒီလိုပဲ Drive တစ်ခုခုထဲမှာ ထည့် သိမ်းထားလိုက်တာပဲ ပေါ့။ လိုအပ်မှPrint ထုတ်စရာတွေကို ထုတ်ရသလို စာအုပ်တွေ၊ွမှင်တံတွေနဲ့ဝေး ခဲ့ရတာကြာပေါ့၊ အလုပ်ထဲမှာကျတော့ စာဖတ်ချိန်လည်းမရှိဘူး စားရေးဖို့ကျတော့လည်း လူတွေကြားထဲမှာမို့လွတ်လွတ်လပ်လပ် မတွေးနိုင်မရေးနိုင်၊ စာလေးဖတ်ဖို့ ပိုက်ဆံမကုန်သော်လည်း အလကားမရတရဖြစ်နေတဲ့ အင်တာနက်က အစ်ကိုအစ်မတွေရဲ့ စာတွေဖတ်ဖို့ စိတ်အေးလက်အေး မဖြစ်ပြန်ဆိုတော့ အခက်သား၊ ဘလော့ဂ်တစ်ခုက စာတစ်ပုဒ်ကို နောက်ဆံမတင်းဘဲနဲ့ဖတ်ဖို့သီးခြား အင်တာနက်ကဖေး တစ်ခုကိုသွားဖို့ပဲ ရှိတယ်၊ စာဖတ်ပြီဆိုမှတော့ တစ်နာရီလည်း ကြာချင်ကြာမယ် နှစ်နာရီလည်း ကြာချင်ကြာမယ် စိတ်သွားတိုင်း
င၀ိုင်းက မပါဆိုသလိုပေါ့ အကောင်းဆုံးကတော့ ဖတ်ချင်တာ၊ ဖတ်ချင်စရာတွေကို Print ထုတ်ပြီး အိမ်မှာ အေးအေးဆေးဆေး ဖတ်ဖို့ပဲစိတ်ကူးမိတယ်။ တစ်ချို့ဘလော့ဂ်က ဖတ်ချင်တာတွေ ဖတ်ချင်စရာတွေ ရမ်းသရူးဖတ်ရတာလည်း အားမလိုအားမရ ဖြစ်မိတယ်။ ဒါပေမဲ့လည်း တစ်နည်းနည်းနဲ့ ဖြေရတာပေါ့။ အင်တာနက်မှာဆို စာအုပ်ဆိုင်လိုတော့ပင်းပန်းစရာ မလို ကိုယ်ဖတ်ချင်စရာရှိတဲ့ဘလောဂ့်ကို Book mark လုပ်ထားပြီးစောင့်ဖတ်ရုံပဲ မဂ္ဂဇင်း၊ ဂျာနယ်လို တစ်ပတ်တစ်လစောင့်နေရတာမျိုး စာအုပ်ဆိုင်ကိုခဏခဏ သွားရတာမျိုးလည်း မရှိ။ ရေးချင်တာလေးကိုလည်း word ထဲရေးချ ပြန်ပြင်ပြီး။ Publishလုပ်လိုက်ပြီး။ သူငယ်ချင်း မိတ်ဆွေ တွေကို မျှဝေလို့ အဆင်ပြေ ဆိုတော့ဘလောဂ့်ဂင်းမှာ အတော်အတန်တော့ အသားကျပြီး နေသာ ထိုင်သာတော့ ရှိရဲ့။ အဝေးသင် ကာလတွေတုန်းက ကိုယ့်ကဗျာကိုယ့်စာမူလေးပုံနှိပ်ခံရဖို့တံဆိပ်ခေါင်းဖိုးကုန်၊ စာအိတ်ဖိုးကုန်၊ အကြမ်းစာရွက်ဖိုး မကုန်၊ ရန်ကုန်မြို့နေပူပူထဲ မလျှောက်ရတော့အဆင်ပြေတယ် ၊ နို့မို့ဆိုရင်တော့မလွယ်ကြောပါပဲ။ ခုတလောတော့computerနဲ့စာတွေ၊ ကဗျာတွေ မရေးပဲ မှင်တံကိုပြန်လွမ်းလို့အလုပ်ကပြန်တိုင်း အဖေ၀ယ်ထားတဲ့အကြမ်းစာရွက် တွေယူပြီးရေးနေတာ။ စာရွက်ပေါ် ဘောလ်ပင်နဲ့ချရေးရတာလည်း အရသာ တစ်မျိုးပါပဲ။စိတ်သွားတိုင်း လက်ကပါနေတာ၊ ရေးလို့များကောင်းပြီးဆို ဘောပ်ပင် ထိပ်ဖူးက စာရွက်ပေါ်မှာလျှောခနဲပဲ။
ဒီလိုစာတွေကိုရင်ထဲရှိသမျှချရေးနိုင်ဖို့။သင်ကြားပေးခဲ့တဲ့မူလတန်းကဆရာတွေကိုလည်း အထူးပဲ နှလုံးသားထဲက ဦးခိုက်မိတယ်။အဲဒီလို ဆရာတွေက သင်ကြားပေးနိုင်အောင် ကျောင်းထားပေးခဲတဲ့အဖေနဲ့ အမေ့ကိုလည်း ကျေးဇူးအနန္တတင်မိတယ်။ မူလတန်း တုန်းက ကျောင်းမတက် ချင်ခဲ့တဲ့သိပ်ဆိုးတဲ့ ကောင်လေးတစ်ယောက်ကို ကျောက်သင်ပုန်း တစ်ချပ်ပေးပြီး ကျောင်းတက်စေခဲ့တာ။ ခုကလေးတွေလိုတော့ အဲ့ဒီ့တုန်းက ဗလာစာအုပ်နဲ့ မရေးရဘူး။ ကျောင်းစတက်တက်ချင်း ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ပဲ။ ကျောက်တံတွေကလည်း ၀ယ်လိုက်ပျောက်လိုက်ပဲ။ အဲ့ဒီတုန်းက ကျောက်တံထူထူ၊ တုတ်တုတ်ကိုင်နိုင်တဲ့ကောင်က ဆရာကြီးပဲ။ အားကျရတား)။ တစ်တန်း၊နှစ်တန်းလောက် ရောက်မှပဲ ဗလာစာအုပ်နဲ့ ခဲ့တံကိုစသုံးခဲ့ရတာ။
ဒါပေမယ့် အဲ့ဒီ့တုန်းကကျောင်းက ပေးတဲ့ ဗလာစာအုပ်တွေက ဆိုးမှဆိုး။ အကုန်လုံးက ဖိုက်တာစာရွက်တွေချည်းပဲ။ တစ်ခါပဲ ချောမွတ်နေတဲ့ စာအုပ်အကောင်းစားလေး တစ်အုပ် မှတ်မှတ်ရရ ရခဲ့ဖူးတယ်။
ဖိုက်တာစာရွက်ဆိုတာ တစ်ခြားမဟုတ်ပါဘူး။ အဲ့ဒီ့အချိန် ကျွန်တော်တို့ငယ်ငယ် တုန်းက စာအုပ်အမျိုးအစားတစ်ခုပါ။ အဲ့ဒီ့စာအုပ်နာမည်က “ဖိုက်တာ”။ စာအုပ်အဖုံးမည်းညစ်ညစ်ပေါ်မှာ ဖိုက်တာလေယာဉ်ပျံနေတဲ့ပုံကို တံဆိပ်နှိပ်ထားတယ်။ ပြီးတော့ ဖိုက်တာ ဆိုပြီး အင်္ဂလိပ်လိုရော မြန်မာလိုရော ရေးထားတယ်။ အတွင်းစာမျက်နှာတွေ က နှစ်ဖက်စလုံး အကြမ်းရေးပြီးတော့ စာရွက်တွေ ကရိနေပြီး မှားလို့ဖျက်ချင်ရင် ခပ်ကြမ်းကြမ်း ဖျက်လို့မရဘူး။ ပြဲမှာစိုးလို့။
အဲ့ဒီတုန်းကတော့ ကလေးအများစုက အဲ့ဒီ့စာအုပ်မျိုးပဲ သုံးကြရတယ်။ စာရွက်တွေက စက္ကူအဟောင်းတွေကို ပြန်ပြီး အသစ်လုပ်ထားတာမို့ အကြမ်းမခံတာကြောင့် အများစုကခဲဖျက် မသုံးဘူး။ တံတွေးစွတ်ပြီး ဖြေးဖြေးချင်း ပွတ်ချင်ပွတ်၊ မရရင်တော့၊ မှားတဲ့စာကို ကန့်လန့်ခြစ်ပစ် လိုက်တာပဲး)။ အခုကလေးတွေ ကတော့ အဲ့ဒီ့လောက်မဆိုတော့ပါဘူး။ တစ်ခါတစ်လေ အဲ့ဒါလေးတွေ ပြန်တွေး မိပြီး ၀ယ်မလို့ ဖိုက်တာစာအုပ် လိုက်ရှာပါတယ်။ မတွေ့တော့ဘူးး)။ ဘယ်တော့မှမေ့လို့မရမယ့် ဖိုက်တာစာအုပ် ပါ။
ငယ်ငယ်တုန်းကဆို စာရေးရမှာ အရမ်းကြောက်တာ။ စာရေးရမှာ စိုးလို့ကို ကျောင်းကို မတက်ချင်ဘူး။ အကြောင်းပြချက်က လက်ညောင်းလို့း)။ ခုမှ စာရေးတဲ့ပိုးက အရမ်းကို ထကြွသောင်းကျန်း လာခဲ့တာ။ တစ်ခုခုဆိုရင် ရေးလိုက်ရမှ နေသာထိုင်သာ ရှိသလိုလိုပါပဲ။ ကျောင်းတက်၊ အလုပ်တက်ခဲ့တဲ့ ကာလ တစ်လျှောက်လုံး တွေ့ခဲ့ရတဲ့ သူငယ်ချင်း၊ အပေါင်းအသင်းကောင်းတွေ နဲ့ ဆရာသမားကောင်းတွေရဲ့ ကောင်းသော အသိုင်အ၀ိုင်းရိုက်ခတ်မှု့ တွေကြောင့် လည်း စာပေကိုချစ်မြတ်နိုးတတ်ရမှန်း သိလာခဲ့ရတယ် လို့ ယုံကြည်ခဲ့တယ်။
ဒီဘလော့ဂ့်ရပ်ဝန်း ထဲကိုရောက်တော့လည်း အားကျစရာ အစ်ကို၊ အစ်မတွေရဲ့ စာတွေက ကိုယ့်စိတ်ထဲကို စာတွေ ရေးချင်စိတ် ဖြစ်အောင်လုပ်ပေးခဲ့တယ်။ စာအရေးအသားကောင်းတဲ့ အစ်ကို၊ အစ်မတွေကိုလည်း တိတ်တခိုး ကျေးဇူးတင်မိပါတယ်။ အရေးအသား ညက်ညောတဲ့ အစ်မတွေ၊ အစ်ကိုတွေရဲ့ စာတွေ ဖတ်ရတိုင်း စာရေးဖို့ ခွန်အား တစ်ရပ်ဖြစ်စေခဲ့တာက ကျွန်တော့် လက်ရေးတွေအတွက် တန်ဖိုးရှိနေလေရဲ့။



ကိုဂစ်တာ

gravatar

ကိုယ်ကတော့ စာရွက်ပေါ်မှာ ချရေးဖြစ်တဲ့ အကျင့် နည်းသထက်နည်းလာလို့ လက်ရေးတော်တော် ပျက်သွားတယ်။ အထူးသဖြင့် မြန်မာစာပေါ့။
နောက်ပြီးတော့ ကဗျာတွေ စာတွေ ရေးရင်လည်း ကွန်ပြူတာရှေ့မှာ ထိုင်လိုက်မှ mood ၀င်လို ဖြစ်နေတယ်။ နည်းပညာတွေကို သိပ်အားကိုးသလို ဖြစ်လာတာ မကောင်းပါဘူးလေ။