အကြည်ဓါတ်လေး

.
အဆိုတော် ထူးအိမ်သင် ရှိတုန်းက သူ့အင်တာဗျူးတစ်ခုမှာ ပြောတာလေး တစ်ခုကို ပြန်လည် အမှတ်ရနေမိပါတယ်။ သူပြောတာလေးက တစ်ကယ်လက်တွေ့ ဖြစ်မှ ပိုမိုမှန်နေတာကို သတိပြုမိပါတယ်။ “သီချင်းပဲရေးရေး ကဗျာပဲရေးရေး အကြည်ဓါတ်လေး တစ်ခုရှိနေမှ ” တဲ့လေ။ သူဆိုလိုချင်တာကို အဲ့ဒိတုန်းကတော့ ယောင်ယောင်လေးပဲ သိလိုက်တာ။ သူပြောတာက တစ်ကယ် ဟုတ်မှန်း ခုတစ်လောမှာ မှ တစ်ကယ် သဘောပေါက်တော့တယ်။ အဲ့ဒီ့ အကြည်ဓါတ်ဆိုတာကိုလည်း ဘာကိုဆိုလိုချင်မှန်း တိတိပပ သိရတော့တယ်။

ခုတစ်လော ညဘက်တွေ ဆိုရင် အေးအေးချမ်းချမ်းနဲ့ စာရေးမယ့် သူတွေအတွက်တော့ တစ်ကယ့်ကို အချိန်ကောင်းပဲ ဒီဇင်ဘာ ရောက်ပြီဆိုပေမယ့် သိပ်လည်းခိုက်ခိုက်တုန်အောင် ချမ်းနေတာမျိုးမရှိဘူး။ တစ်ကယ့် နေထိုင်ကောင်းတဲ့ ရာသီဥတုပဲ။ စိတ်ထဲမှာ တွေးမိတာလေးတွေ ၊ ရေးချင်တာလေးတွေ ရှိနေပေမယ့်လည်း တစ်ကယ်တမ်း ချရေးမိတော့ ပထမ တစ်ပိုဒ် နှစ်ပိုဒ် မှာတင်ပဲ ဖီလင် က အောက်သွားတယ်။ ဆက်မရေးချင်တော့ဘူး။ ဆက်ရေးချင် လောက်အောင်ကို စိတ်က မသွားတော့ဘူး ဖြစ်ဖြစ်နေမိတာပေါ့။

အရင်တုန်းက စာအုပ်တွေထဲမှာ ဆရာ့ဆရာတွေ ပြောစကား အရ စာရေး တတ်ချင်ရင် စာရေးနေမှဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ရေးသာရေး လို့ပြောတာတွေ သတိရပြီး ဘာလေးပဲဖြစ်ဖြစ် ရေးရေးချနေမိတာ…။ ခုတစ်လောတော့ ရေးရတာ လမိုင်းကပ်တယ်လို့ကိုမရှိဘူး။ ဒိုင်ယာရီရေးဖို့တောင် အလျင်မရဘူးဖြစ်နေတာ။

ဘာကြောင့်လဲ ကိုယ့်ကိုယ်ကို စဉ်းစားမိတော့မှ စောစောကပြောသလို အကြည်ဓါတ် မဲ့နေခြင်းရယ်ပါပဲ။ စာရေးချင်စိတ်ဘယ်လောက်ပဲရှိရှိ အဲ့ဒီ့ ဖီလင် လေး ပျောက်နေတော့ မှင်တံမကိုင် ချင်လောက်အောင်ရယ်ကို တွန့်ဆုတ်နေမိတော့တယ်။

အဓိကကတော့ stress တွေပါပဲ။ သာမည ကိစ္စလေးတွေမှာ အရမ်း နှစ်ထားမိတဲ့ ကိုယ့်ကိုယ်တိုင်ရဲ့ ခံစားမှု့တွေလည်း မကောင်းဘူးလို့ဆိုရမယ်။ ခုတစ်လောမှာ အာရုံကြောတွေအားနည်း နေမိတာက တစ်ကြောင်း၊ စိတ်ညစ်ပြီး အစားတွေ အများကြီးစားတတ်တဲ့ ကိုယ့်အကျင့်ကြောင့် ၀လာပြီး ထိုင်းမှိုင်းချင် သလိုလို။ အစားကများ၊ အားကစားက မလုပ်၊ တစ်နေ့တစ်နေ့ ထိုင်လိုက်ရတဲ့ PC ရှေ့။ ဘာရယ်မဟုတ်ဘူး။ သူငယ်ချင်းနဲ့ပြောလိုက်။ ဟို site ၀င်လိုက် ဒီ site ၀င်လိုက်နဲ့။ ကိုယ့်လက်ညှိုးလေးကတောင် ပါစပ်ပါရင် တော်ပါတော့လို့ အော်ရမယ့် အခြေပဲ။

Computer ရှေ့ထိုင်မိရင် တော့ ထမင်းမေ့၊ ဟင်းမေ့ဆိုသလို ပါပဲ။ တစ်ခါတစ်လေ ညနေစောင်းမှပဲ မနက်စာ စားဖို့ သတိရလို့ အပြေးအလွှား သွားလွေးရတယ်။ ရေ ထသောက်ဖို့တောင် မေ့နေတတ်တာ…။ Water Cooler က ကိုယ်ထိုင်နေတဲ့ computer နဲ့ ဆို သုံးလေးလှမ်းပဲဝေးတာကို ထမသောက်ဖြစ်ဘူး။ ရေဓါတ်တွေခမ်းပြီး လူက မူးနောက်နောက် ဖြစ်မှ ရေသောက်ဖို့ကို သတိရတာ။

အနေအထိုင်တွေမမှန်တော့ လူက ၀သာဝလာတယ် မလန်းဆန်းဘူး။ အဲ့ဒိမှာ stress တွေနဲ့ရောပြီး အကြည်ဓါတ် ပျောက်တယ်ဆိုတာ စပါလေရော။ stress တွေကင်းမှ စိတ် ကြည်လင်လန်းဆန်းမှပဲ အတွေးလေးတွေကြည်လင်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာမဟုတ်လား။

အဲ့ဒိလို ကြည်လင်နေတဲ့ အချိန်ဆို စောစောက ပြောတဲ့ အကြည်ဓါတ်မျိုး ရနိုင်မယ် ထင်ရဲ့လေ။ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု့ အဆင်ပြေ ချောမွေ့တဲ့ အခါမျိုးမှာဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့အပြည့်နဲ့ စာရေးနိုင်မယ် ထင်ရဲ့။

စိတ်အခြေအနေမှာ ဖိအားတွေ များလာပြီဆို တီဗီ အစီအစဉ် ထိုင်ကြည့်ပြီး စိတ်လျှော့လိုက်တာမျိုးတို့၊ ဖတ်စရာများများပါတဲ့ တည်တည်တံတံ စာအုပ်မျိုးဖတ်နေတာတို့ ကတော့ ကိုယ့်အတွက် အဆင်ပြေစေမယ် ထင်တယ်။ တစ်ခါတစ်လေလည်း ဂစ်တာ တီးပြီး သီချင်း အေးအေးလေးတွေ ညည်းရင်း ဖြေလို့ဖြေ။ လူကြီးသူမတွေနဲ့ ဟိုအကြောင်း ဒီအကြောင်း လေးပြောနေမိတာကလည်း စိတ်လက်ကြည်လင်စေတယ်။

အဲ့ဒီလိုလုပ်ပြီး စိတ်လက်ကြည်လင် ပြေလျော့နေတဲ့ အခါမျိုးမှာ အကြည်ဓါတ်လေး ကိန်းဝပ်လာတယ်လို့ ထင်မိတယ်။ ဒါတင်မကသေးဘူး တစ်ခါတစ်လေ အဲ့ဒိလိုလုပ်ဆောင်ချက်လေးတွေကြောင့် တွေးစရာ၊ရေးစရာ လတ်လတ်ဆတ်ဆတ် လေးတွေ တောင် ဝေဆာလာတတ်သေးရဲ့လေ။

ဘယ်လိုနည်းနဲ့ပဲ ဖြေဖြေ အဓိက ကတော့ စာရေးချင်သူ တစ်ယောက်အတွက် အကြည်ဓါတ်လေး ကိန်းဝပ်နေမှ။ ကျန်းမာမှပဲ။ အဲ့ဒါမှလည်း အတွေးတွေ လတ်ဆတ်ပြီး အရေးတွေ သပ်ရပ်နေမှာလေ….။


ကိုဂစ်တာ

Comments

ပာုတ်ပ့။ အကြည်ဓါတ်လေး ရှိမှ နော်။ ဒီ ပိုစ်လေးဖက်ရတာ ပိုပြီး သတိပြုမိသွားတယ်။ ဆုလည်း အဲလိုပဲ ကဗျာရေးချင်တယ်ဆိုပြီး ရေးလည်း ရေးရော တစ်ပိုဒ် နှစ်ပိုဒ် ထက်ကို မပိုဘူး တခါတလေ အေးအေးဆေးဆေးဆို ကဗျာ တစ်ပုဒ် ခဏလေး ရေးဖြစ်သွားရောလေ။
ကိုဂီတာရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဘယ်တော့မှ ဆုံးအောင်ဖတ်လေ့ မရှိသူ။
ဆိုတဲ့ စာသားလေး ကိုစိတ်ဝင်စားလို့ပါ---
ကိုဂီတာရေ--
သူငယ်ချင်းတယောက်ရှိတယ်---
သူစာအုပ်တအုပ်ဖတ်ရင်--နိဒါန်းအစ ကိုဖတ်တယ်--နောက် အလယ်လောက်ဖတ်
တယ် နောက် နိဂုံး ဖတ်တယ်--
အဲဒါ သူ့ရဲ့ စာဖတ်နည်းလေ---
အကြံပြုချင်ပါတယ်--မအားလပ်လို့
အချိန်မပေးနိုင်ရင်လည်း ဖြေးဖြေးပဲ ဖတ်ပါ-
ဆုံးအောင်ဖတ်ပါလား--ရှင်---
အကြည်ဓါတ်လေး တွေလည်းရနိုင်ပါစေ---
ဟုတ်တယ် ဘာလုပ်လုပ် အကြည့်ဓာတ်လေး ထည့်ပြီးလုပ်မှ

ကြည့်ရကောင်းတာ
အဲဒီ အိုင်ဒီယာ လေးကို အပြည့် အ၀ ထောက်ခံ သွားပါတယ် ကိုကြီး ဂစ်တာရေ
tartar said…
ထောက်ခံသွားပါတယ်.........

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး