စိန်ပန်းတွေလို

ငယ်ငယ်က မော့ကြည့်ခဲ့ရတဲ့ စိန်ပန်းတွေက အခုထိ ကျောင်းဝင်းထဲမှာ ရဲရဲတောက်ပွင့်လန်းတုန်း သစ္စာမပျက်
ဒီမနက်လည်း ငါ့လမ်းမပေါ်ကြွေကျနေတဲ့ အနီရောင်ခပ်နွမ်းနွမ်းစိန်ပန်းအကြွေတွေ ငါနင်းလျှောက်ခဲ့
စိန်ပန်းတွေက ၀ိုင်တွေနဲ့တူတယ်လို့ငါ့စိတ်ထဲမှာထင်၊ ငါ့အသိစိတ်က ၀ိုင်တစ်ခွက်ကိုမော့သောက်လိုက်ချင်
အစိမ်းရောင်အရွက်တွေကြားထဲမှာအနီရောင်ပန်းပွင့်တို့နဲ့စိန်ပန်းပင်၊
တစ်ခါတစ်လေ အတွေးထဲမှာ စိန်ပန်းပင်တွေအောက် ရောက်နေတယ်။ ရွက်စိမ်းတွေကိုမော့ကြည့်လို့၊ အပွင့်အနီတွေကိုမော့ကြည့်လို့
နွေနေပူပူမှာ သူ့တစ်ကိုယ်လုံး အနီရောင်တွေထွန်းလင်းလို့ အစွမ်းကုန်ပွင့်လန်းကြ ၊  ကြွေကျသွားတဲ့အခါ လုံးတီးကိုယ်ဗလာနဲ့ သူလို သူ့ကိုယ်မှာလည်း ဗလာ။
ငါ့အသိစိတ်၊ ငါ့အမြင်အာရုံ၊ ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး စိန်ပန်းပင်က ရှိသမျှအကုန်ထုတ်လို့ ပွင့်လန်းကြတယ်
ငါလည်း ရှိသမျှအကုန်ထုတ်လို့ တစ်နေရာ တစ်ချိန်ချိန်မှာ ပွင့်လန်းဖြာထွက်ဖူးပါရဲ့
စိန်ပန်းပင်လို….။
စိန်ပန်းလိုကြွေခဲ့ရပြီ ဆိုရင်တောင် တစ်ချိန်က စိန်ပန်းတွေလို ရဲရဲတောက်ခဲ့ဖူးတာ ရှိတာပေါ့။
ရေးမှတ်မထားချင်သူက ရေးမှတ်မထား၊
ရေးမှတ်ထားချင်သူက ရေးမှတ်ထား ပေလိမ့်မယ်။
အမှန်တရားတစ်ခုအတွက် ဘာကိုမှ သက်သေပြစရာ မလိုတဲ့အခါ လောကကြီးဟာ သာသာယာယာ။
သူပြန်လာတဲ့အခါ စိန်ပန်းတွေက သူ့ဖ၀ါးတော်လေးအတွက် ကော်ဇောလေးလို ခင်းပေးနေလိမ့်မယ်။
သူ အနင်းခံရမယ့် စိန်ပန်းလေးကို တိတ်တခိုး အားကျနေမယ့်သူ ရှိမယ်ဆိုတာ လည်းသူသိစရာမလို။
နွေအကုန် မိုးအကူး စပ်ကူးမတ်ကူးဆို စိန်ပန်းတွေရဲရဲတောက်ပွင့်နေဦးမယ်။
ကတ္တရာလမ်းမတွေရဲ့ဘေး တစ်ဘက်တစ်ချက်မှာဆို ကိုင်းဖျားကိုင်းနားမှာ အဆုပ်လိုက်အထွေးလိုက် စိန်ပန်းတွေကြည့်နိုင်မယ်ဆို အခုမြင်နိုင်ပြီ။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး