ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ညီမလေးသို့…


ဟောဒီ့ပြက္ခဒိန်တွေကြားထဲမှာပဲ
ကိုယ်တို့တွေ ကိုယ့်ပန်းကို ကိုယ်တိုင် မွှေးရနံ့ထည့်ဖို့
တစ်ခါတစ်လေ မေ့လျော့နေမိကြတယ်…။

ရင်ဘတ်ချင်း…
အဝေးဆီကပဲ တယ်လီပသီနဲ့ဆက်သွယ်
ခက်တယ်ကွယ်…
ဓါတ်တိုင် နန်းကြိုးတွေပေါ်နားနေကြတဲ့
ငှက်ကလေးတွေက ပြက်ရယ်ပြုကြမယ်။

လွတ်လပ်ဖို့ အသိုက်အမြုံတွေထဲက ထွက်လာမှ
ကိုယ်တို့ရဲ့ အတောင်ပံတွေက
အရောင်တွေနဲ့ စိုစွတ်ခဲ့ရ
ငြိမ်းချမ်းရေး သီချင်းတွေတောင် ဆွံ့အခဲ့ပေါ့…။

နာရီလက်တံတွေပေါ်ခိုစီးရင်း…
ကိုယ့်ကင်းဗတ်စ် ကို  ကိုယ်တိုင်မထိတွေ့နိုင်တာ…ကြာ။
ကိုယ့် ကဗျာကို ကိုယ် မရှာနိုင်တာ…ကြာ။
ကိုယ့်သီချင်းကို ကိုယ် မညည်းနိုင်တာ…ကြာ။
ကိုယ့်အသီး ကိုယ် မခူးဆွတ်နိုင်တာ…ကြာ။
ကိုယ့်ကြီးပြင်းမှု့ကို ကိုယ့်ဘာသာ မေ့လျော့လို့
ကိုယ့်မှန်ကို ကိုယ်ပြန်ကြည့်တော့မှ
ကိုယ့်ကိုယ်ကို ပြန်မသိတော့တဲ့ ဘဝ
ခပ်မဲ့မဲ့ ပြုံးစရာ ဟာသ တစ်ခုပါ ညီမလေး။

ညီမလေးရေ…
အခုတလော…သစ်ပင်တွေ စိမ်းလန်းနေတာကို
ငေးကြည့်နေခဲ့ဖူးလား။
ကောင်းကင်ပေါ်မှာ တိမ်တွေ ပြန့်ကျဲ ၊ ငှက်တွေ ပျံသန်းသွားတာမျိုး
မော့ကြည့်နေခဲ့မိလား။
အပြင်ဘက်မှာ မိုးတွေရွာ ၊ လျှပ်စီးတွေလက်၊ မိုးတွေခြိမ်း
တံစက်မြိတ်တွေမှာ ဖွာခနဲ ရေစက်တွေ
ကြည့်နေမိခဲ့လို့လား။

ထွက်မပြေးတဲ့အိမ်ကိုရောက်ဖို့
ကိုယ့်စက်ဘီးကို အားကုန်နင်းနေမိတယ်။
အချိန်ရရဲ့နဲ့ ကိုယ့်နေလည်စာတွေ ကျားလိုက်သလို
သုံးဆောင်နေမိတယ်။
စိတ်တွေကို မလိုအပ်ပဲ အလျင်တွေထည့်
မြင်နေရဲ့နဲ့ မသွားနိုင်တဲ့ မြက်ခင်းတွေနဲ့
ရမ္မက်သီချင်းတွေပဲ ဆိုညည်း
သံဖိနပ်တွေ ကိုယ်စီ စီးလို့
တံလျှပ်တွေ အနီး ရောက်ဖို့  ကိုယ်တို့တွေ ပြေးနေကြရတာပဲ။

ဒီလို….နဲ့
ကိုယ်တို့ရဲ့ စိတ်တွေကတော့ သန်မာလာကြတယ်။
ဒါပေမယ့် ကိုယ်တို့ရဲ့ အကျိတ်တွေက
ကိုယ်တို့ရဲ့ ရေသောက်မြစ်ကို တဖြည်းဖြည်း ရန်ရှာလာတယ်
ဆုတောင်းကြစို့ ညီမလေး..
လူလားမြောက်ခြင်းနဲ့အတူ
ကိုယ်တို့ဆီက ပြေးထွက်သွားတဲ့ အဖြူရောင်ငှက်ကလေး
ဝေးဝေးက ပြန်လာပါကွယ်လို့လေ။                    ။

ကျော်ညိုသွေး

gravatar

လွှတ်ကောင်း၏ ချစ်ဖို့။ :)

Btw : အသစ်တင်ထားတယ်။

gravatar

ဘယ်က ညီမလေးလည်း ခင်ဗျာ... :P...နောက်တာပါ...


ခင်မင်တဲ့
ညီညီထွေး