နိဗ္ဗာန်ဈေး

.
လွန်ခဲ့တဲ့ ၁ လ အလိုလောက်ကတည်းက သူငယ်ချင်းနှစ်ယောက် တိုင်ပင်နေခဲ့တာ…နိဗ္ဗာန်ဈေးပွဲတော်လေး ကျင်းပနိုင်ဖို့ပေါ့။ မနှစ်က ဒီအချိန်တုန်းက ရပ်ကွက်ထဲမှာ မထင်မှတ်လောက်အောင်ကို လူတွေများပြားလိုက်တာ… ကျွန်တော်တို့တစ်မြို့လုံးမှာ ကျွန်တော်တို့လမ်းမကြီးမှာ လူအများဆုံးလို့ထင်မိတယ်။ အဲ့ဒီ့တုန်းက အဖေက သူ့ရုံးက အဖွဲ့တွေနဲ့ ကျိုက်ထီးရိုးသွားတာ ပြန်ရောက်တဲ့နေ့မှာ က ပွဲတော်လုပ်နေပြီ လမ်းထဲလည်းဝင်ရော လူတွေအများကြီးတွေ့တော့ ဘာဖြစ်တာလဲဆိုပြီး လန့်သွားသေးတယ် လို့ပြောလို့ ကျွန်တော်တို့တွေရယ်ခဲ့ရသေးတယ်။ အဲဒီတုန်းက စည်တာများ အံတောင်သြယူရတယ်။ စည်မှစည်။ များမှ များ။ လူတွေ လူတွေ ဘယ်က ရောက်လာမှန်းတောင်မသိဘူး။ အနောင်ဆာက လော်နဲ့အော်လို့အော်။ ဂိတ်ပေါက်ဝက လက်မှတ်ပေးတဲ့သူကလည်း သူ့လက်မှတ်အိတ်ထဲ နှိုက်မသွားအောင် ထိန်းလို့ထိန်း၊ လူတန်းကြီးထဲမှာလည်း ကလေး၊ လူကြီး၊စုံလို့ပဲ။ ပိစိကွေးတွေရော၊ မကြီးမငယ်တွေရော၊ လူပျိုပေါက်တွေရော၊ ကောင်မလေးတွေရော၊ အဒေါ်ကြီး၊ ဦးလေးကြီးတွေရော တန်းစီနေကြတာ ဆူညံလို့ရယ်။

လက်မှတ်ဝေတဲ့ လူနားကိုရောက်ဖို့က တော်တော်နဲ့မရောက်နိုင်ဘူး အလယ်မှာ လူနှစ်ယောက်တွဲ သုံးနေရာလောက်ကိုဖြတ်ရသေးတာ။ တစ်ဆိုင်းတစ်ဆိုင်းစီစောင့်ပြီး လွှတ်တာလေ..။ ဝေါ…ခနဲ တစ်ခါလွှတ်လိုက် လက်မှတ်တွေဝေလိုက်၊ ကျန်တဲ့အဖွဲ့ကစောင့်လိုက်၊ ထပ်လွှတ်လိုက်နဲ့ပေါ့။

တစ်ချို့ကရှိသေးတယ် ကြားဖြတ်တာ..။ ကြားဖြတ်ဝင်လာပြီး လက်မှတ်ကို ထပ်တောင်း ပြီးရင် အနောက်ကနေ ရောသောဖောသောနဲ့ ထပ်ကြားဖြတ် ထပ်တောင်း ဒါမျိုးကရှိသေး။

နိဗ္ဗာန်ဈေးပွဲတော်လုပ်ဖို့ သူငယ်ချင်းက စပြီးအကြံပေးတာပေါ့။ ငါတို့လမ်းထဲမှာ နိဗ္ဗာန်ဈေးပွဲတော်လေး လုပ်ရင်ကောင်းမယ် ဆိုပြီးပြောတော့ ကျွန်တော်လည်း စိတ်ဝင်စားတယ်။ စိတ်သာဝင်စားတာ ဒေါ်လာက မရှိဘူး။ ဘိုင်ပြတ်နေတဲ့ကြားက အဲ့ဒီတုန်းက လုပ်ဖြစ်သွားတာ လိုအပ်မယ့်ပိုက်ဆံကို မရရအောင်လိုက်ရှာ၊ ဖိတ်စာတွေရိုက်၊ လမ်းထဲက အိမ်တွေကိုလိုက်ဝေ၊ အသိပေး၊ ပြီးတော့ လမ်ထိပ်က ဓမ္မာရုံကိုလည်း အသိပေးပြီး ကြော်ငြာခိုင်းရသေးတယ်။ ပြီးတော့ ဗလာစာအုပ်တွေဝယ် ပြီးရင် တံဆိပ်တုံးထုရသေးတယ် နံပါတ်တွေ အလိုက်ပေါ့။ ဥပမာ။ ။ ကြာဇံကြော် လှုမယ့်အိမ်က အရေအတွက် 50 လှုနိုင်မယ်ဆိုရင် ကြာဇံကြော်ကို နံပါတ်တစ်ခု သတ်မှတ်ပြီး လက်မှတ် 50 ထုရတယ်။ ဒါပေမယ့် လှုမယ့်အိမ်ကိုလည်း ပိုလုပ်ခိုင်းထားရသေးတယ်။ ကျွန်တော်တို့ နိဗ္ဗာန်ဈေး တာဝန်ခံတွေ ငတ်ကြီးကျဖို့… အဲ့လေ..ဟုတ်ပေါင် အဝေးကလာတဲ့ ဧည်သည်သူငယ်ချင်းတွေ၊ ဖိတ်ထားတဲ့သူတွေကို ဧည်ခံဖို့လေ။ ကျွန်တော်တို့ထင်တာက အနည်းဆုံးအလှုရှင် 50 လောက်ပဲရှိမယ်ထင်တာပေါ့။ လုံးဝကို အဲ့ဒီလောက်ကြီးစည်ကားသွားလိမ့်မယ်မထင်ဘူး။ ဖိတ်စာကိုတော့ 100 လောက်ရိုက်ပြီး တစ်ရပ်ကွက်လုံးကိုဝေထားတယ်။ တစ်ကယ့်တစ်ကယ် နေ့ လည်းကျရော လမ်းကြားတွေကပါ ထွက်ပြီးလှု့လိုက်ကြတာ နိုင်ရာနိုင်ရာလေးတွေပေါ့။ တစ်ကယ့်ကို ပွဲဈေးတန်းက အရှည်ကြီးလေ...။

ကျွန်တော်တို့ရပ်ကွက် တစ်ပိုင်းလုံးကလမ်းပေါ်မှာ ဘယ်တုန်းကမှမတွေ့ ဖူးတဲ့လူအုပ်ကြီးများဗျာ…။ ဥပမာပြောရရင် ကားကျပ်ကျပ်ပေါ်ကိုရောက်နေရသလိုပဲ၊ တစ်ယောက်နဲ့တစ်ယောက် တွန်းတွန်းတိုက်တိုက်နဲ့သွားနေရတာ…။ လှူတဲ့ အစားအသောက်တွေကလည်း ကြည့်ဦး သိပ်ကောင်းကောင်းကန်းကန်းမဟုတ်ပေမယ့်လည်း စားချင်စရာတွေချည်းပဲ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ အုန်းထမင်း၊ (တစ်ချို့က ဒန်ပေါက်တောင်ပါသေး) နောက်ပြီး တစ်ချို့ နွားနို့၊ ပေါင်မုန့်ကြက်ဥကြော်၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ တစ်ချို့က တော့ ရယ်ဒီမိတ် မုန့်တွေပေါ့ စုံလို့ မမှတ်မိတော့ဘူး။

အော်ရတာ… အော်ရတာ…

"သိပ်မတိုးကြပါနဲ့ ရှေ့မှာဝေလို့မပြီးသေး ဘူး စွတ်မတိုးကြနဲ့ လူတွေပိကုန်မယ်"

"ဟေ့ကောင် မိုးကြီး ကွမ်းတွေဘာတွေ မရှိတော့ဘူးလားကွ ဒီမှာအော်ရတာ အာခြောက်လာပြီ "

"မရှိတော့ဘူးကွာ အရေးထဲ နောက်မှစား"

သူငယ်ချင်းတွေအသံကလည်း ဆူညံလို့ရယ်။ လူတွေတန်းစီတာကို ၀ါးလုံးတန်း နှစ်တန်းကို ကာပြီး လက်မှတ်ဝေတဲ့နားထိ တန်းထားပြီး တန်းစီစေတယ်။ ဒါတောင် ကလေးတွေက ဟိုနားကတိုး၊ ဒီနားကတိုးနဲ့။ တော်တော်တော့ပျော်စရာကောင်းသား။ နိဗ္ဗာန်ဈေးအတွက် ကူညီတဲ့လူတွေ ရင်ဘတ်မှာက "နိဗ္ဗာန်ဈေး ပွဲတော် တာဝန်"ဆိုပြီး စက္ကူကဒ်ထူနဲ့ရေးထားတဲ့ ကဒ်ပြားတွေ အပ်ချိတ်နဲ့တွယ်ထားတယ်။ အမိုက်စားပဲ။း) အစီအစဉ်က ခုနှစ်နာရီလောက်ကစတာ..။ ပြီးတဲ့ အချိန်ကတော့ လက်မှတ်ကုန်တဲ့အချိန်၊ မုန့်တွေကုန်တဲ့အချိန်ပေါ့။ လက်မှတ်ရတဲ့ကလေးတွေက ဟိုပြေးသည်ပြေး၊ "ခုနှစ်ဆယ်ခြောက်ကဘယ်မှာလဲ"

"ဟေ့ ဟိုဘက်မှာ ဒန်ပေါက်ကွ နံပါတ်ဘယ်လောက်လဲမသိဘူး"

"ဒီမှာ နံပါတ်မှာတဲ့ တူးနော် စလုံးမှာမရတဲ့ ဒေါ်ဝင်းတင်ရဲ့ နွားနို့တွေ လက်မှတ်ပါရင်တော့လာခဲ့ မလိုင်ဖတ်တွေ များများပါတယ်" စသည်ဖြင့် အသံပေါင်းစုံနဲ့ စီစီကိုညံလို့ရယ်။

ရှစ်နာရီလောက်လည်း ရောက်ရော အနောင်ဆာက "လက်မှတ်များ ကုန်ပါပြီခင်ဗျာ အခုလို ကျွန်တော်များ မြေတိုင်းအမှတ်(-) ရပ်ကွက်ရဲ့ နိဗ္ဗာန်ဈေးပွဲတော် မှာ ပါဝင်ဆင်နွဲတဲ့အတွက် အလှုရှင်များနဲ့ ပရိတ်သတ်အပေါင်းကို လွန်စွာမှကျေးဇူးတင်ရှိပါတယ်" လို့လည်း ကြေညာလိုက်ရော ပိတ်ထားတဲ့ ဂိတ်ပေါက်တွေလည်း ဖွင့်လိုက်တော့ "ဝေါ ခနဲ့ လူတွေ ပြန်ထွက်သွားလိုက်တာ ဆန်အိတ်ထဲက ဆန်တွေ ပေါက်ကျလာသလိုပဲ။ လူကပိုများလာတာပေါ့။ နဂိုကတည်းက လျှောက်ကြည့်တဲ့လူတွေနဲ့ ဂိတ်ပေါက်ကထွက်ကျလာတဲ့သူတွေနဲ့လေ။ တစ်ချို့တွေလက်ထဲမှာလည်း မုန့်ထုပ်တွေ မနိုင်မနင်း သယ်လို့၊ ပျောက်နေတဲ့သူတွေကို လိုက်ရှာတဲ့သူကလိုက်ရှာ၊ လက်မှတ်ကိုင်ပြီး မုန့်သည်ကို ရှာတဲ့သူကရှာ။ စုံလို့ရယ်။

အဲ့ဒီ့အချိန်မှာ နိဗ္ဗာန်ဈေး တာဝန်ခံတွေကလည်း " ကျွန်တော်များ နိဗ္ဗာန်ဈေး တာဝန်ခံများအတွက်"ဆိုပြီး လိုက်ပြီး ရှိသမျှ ဆိုင်တွေဆီက"မ" တော့တာပဲ။ ခင်တဲ့ဆိုင်တွေဆီက တော့ ပို "မ" တာပေါ့ ။ အဲ့ဒါကြောင့်လည်း နဂိုကတည်းက ပိုလုပ်ခိုင်းထားရတာလေး)။ အားလုံးလည်းပြီးသွားရော။ ကျွန်တော်တို့ တာဝန်ခံ ကာလသား များရဲ့ အလှည့်ပေါ့။

သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ထမင်းတွေဟင်းတွေချက်စား၊ ဂစ်တာတီးတဲ့သူကတီး၊ ဆိုတဲ့သူကဆို၊ သောက်ချင်တဲ့သူကသောက်(အအေးကိုပြောတာပါ :P)၊။ တစ်ယောက်နဲ့တစ်ယောက်ပတ်ရစ်လို့ရစ်။ ဘယ်သူမှလည်းစိတ်မဆိုးကြ။ ထမင်းဟင်းတွေကို ငှက်ပျောဖက်နဲ့ ထည့်ပြီး မျက်လုံးတွေမှေးလို့ စားနေ…ကြတာလေ။ ညဉ့်နက် တစ်နာရီ နှစ်နာရီအထိ နေပြီးမှ။ ဟိုပြောဒီပြော တော်တော်လေးကြာတော့မှ တစ်ယောက်စ၊ နှစ်ယောက်စချင်း ပြန်သွားကြတယ်။ နောက်နေ့ အလုပ်သွားရမယ့်သူတွေ၊ ကျောင်းသွားရမယ့် သူတွေမို့ သိပ်ပြီးအိပ်ပျက်ခံလို့မဖြစ်ဘူးလေ။

ဒီနှစ် နိဗ္ဗာန်ဈေး လည်း မနှစ်ကလို ထပ်တူထပ်မျှပါပဲ။ ပျော်စရာတွေ အတိနဲ့ပေါ့။ အားလုံး ပင်ပန်းနေကြပေမယ့်လည်း ပျော်နေကြတယ်။ ဒီနှစ်မှာက တစ်ခြားသူငယ်ချင်းတွေကပါ လာပြီးကူညီတာပဲ။ ဟိုးအရင်နှစ်တွေက တော့ ဒါမျိုးမလုပ်ဖြစ်ဘူး။ ကလေးသဘာဝ ဟိုဟာရွှေ့ဒီဟာရွှေ့၊ ဟိုဟာခိုးစား၊ ဒီဟာခိုးစားနဲ့ပျော်ခဲ့ရတာ။ ဒီနှစ်တွေမှာတော့ ပျော်ပေမယ့် ပျော်ပုံပျော်နည်းချင်း မတူတော့ဘူး နည်းနည်းတော့ အဓိပ္ပါယ် ပိုလေးနက်လာသလို ယူဆမိတယ်။ တစ်ခုပဲ… တစ်ချို့တစ်ချို့သော ကိစ္စများကြောင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဒီနှစ်မှာ အချိန်နောက်ကျပြီး ရောက်ခဲ့တယ်။ ရောက်ပြီး ခဏပဲအကြာမှာ နိဗ္ဗာန်ဈေးသိမ်းသွာတယ်။ ဒါပေမယ့် စည်ကားနေတဲ့ ကျွန်တော်တို့ ရပ်ကွက်လမ်းမရဲ့ ကြည်နူးစရာ မြင်ကွင်းကို အခုထိမြင်ယောင်ဆဲ၊ ကြည်နူးမှု့တွေက မပြယ်နိုင်သေး….။

Comments

thihanyein said…
အင်းဗျာဖတ်ရတာ ကိုမျက်စိထဲမြင်လိုက်တာ တကယ်ကို
ပျော်စရာကောင်းမယ်ဗျာ ရင်ထဲထိရောက်တယ်ဗျာ
လွမ်းမိသားဗျာ ကိုဂစ်တာလည်း
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ
Welcome said…
မန္တလေးကျောင်းတက်တုန်း ကျောင်းနားရပ်ကွက် တွေရဲ့ နိဗ္ဗာန်ဈေးတွေကို အမှတ်ရစေတယ်။ အဆောင်မှာ မလန်းခဲ့သမျှ နိဗ္ဗာန်ဈေးမှာ အကုန် ကျွမ်းခဲ့တယ်။

အားပေးလျုက်ပါ
http://winzaw-mdy.blogspot.com
ကောင်းတယ်ဗျာ..မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲလေးတစ်ခုကို လှလှပပလေး ရေးချသွားတယ်...
flowerworld said…
ကိုဂစ်တာကြီး...မီးလေးကိုမှတ်မိလား..၀၀ကစ်ကစ်နဲ့လေ
လက်မှတ်ကိုထိပ်ဆုံးကတောင်းတာ...ဟီးးးးးးးး
စတာ...ပို့စ်လေးဖတ်ပြီးတော့မျက်စိထဲမှာမြင်ယောင်ပြီး
သွားချင်လိုက်တာ..လက်မှတ်လိုချင်လို့လေ..အဟဲ
ပျော်ရွှင်နိုင်ပါစေဗျာ

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး