အစ်ကိုသို့ ပေးစာ

.
အစ်ကို...

သတိတရနဲ့စာရေးလိုက်ပါတယ်။ အစ်ကို ကျန်းမာရဲ့လား။ အခုရက်ပိုင်းမှာ ရာသီဥတုကလည်းအပြောင်းအလဲလေး ဖြစ်တော့ ကျွန်တော်တောင် ကျန်းမာရေးကို အထူးဂရုစိုက်နေရတယ်။ ဆောင်းဝင်လာပြီဆိုတော့ ညနေပိုင်းဆို ဆောင်းလေကလေးက အေးပါဘိနဲ့။ အနွေးထည်ထူထူလေးတွေဝတ်ပြီး လမ်းလျှောက်နေကြတဲ့ လူကြီးလူငယ်တွေကလည်း အများသားလား။ ဒီအချိန်ဆိုရင် အတွေးတွေကလည်း ဘာရယ်မသိ။ ဟိုကို သတိရသလို ဒီကိုသတိရသလို နဲ့ အတွေးတွေကလည်း ဟိုသည် ပျံဝဲနေတတ်တာပေါ့ အစ်ကိုရယ်။

မနေ့ကပေါ့။ ညနေပိုင်း အိမ်ရှေ့မှာ ထိုင်ငေးနေရင်းနဲ့ ဒီလိုဆောင်းတွင်းက အကြောင်းလေးတစ်ခုကို ပြန်ပြီး သတိရမိတယ်။ ကျွန်တော်တို့မြို့ရဲ့ အထင်ကရ ဈေး တစ်ခုမှာပေါ့။ အဲ့ဒီ့တုန်းက ကျွန်တော် အထက်တန်းကျောင်းသား ပဲရှိဦးမယ်။ ကျွန်တော်ရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် ညနေပိုင်းလျှောက်လည်ကြရင်း နဲ့ အဲ့ဒီ့ဈေးက ဆိုင်တစ်ဆိုင်မှာ အင်္ကျီ တွေလျှောက်ကြည့်ဖြစ်တယ်။ အဲ့ဒီ့ဆိုင်ထဲက အင်္ကျီတစ်ထည်ဟာ ကျွန်တော့်ကိုအတော်လေး အကြိုက်တွေ့ စေတယ်လေ။ လိုတော့ လိုချင်တာပေါ့။ ၀ယ်လည်းဝယ်ချင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံက အဲ့ဒီ့အင်္ကျီဖိုးလောက်တော့မပါဘူး။ ရောင်းတဲ့ မိန်းမကလည်း ရွှန်းရွှန်းဝေနေအောင် ပြောတယ်။ သို့သော်လည်းပဲ ပိုက်ဆံမှမပါတာလှည့်ထွက်ရတာပေါ့။ နောက်ကနေ မကြားတကြားပြောတာကိုကြားမိတယ် “ပိုက်ဆံကော ပါရဲ့လားမသိပါဘူး၊ ကိုယ့်အခြေအနေ ကိုယ်မသိဘူး ”တဲ့လေ။

အတော်လေး စိတ်မကောင်း ဖြစ်မိသွားတယ် အစ်ကိုရာ။ လူတစ်ယောက်ကို သိပ်ချိုးချိုးနှိမ်နှိမ် ပြောချင်ကြတာပါပဲလား။ ကျွန်တော်သာအဲ့ဒီ့အင်္ကျီကို တတ်နိုင်လို့ ၀ယ်ဖြစ်ခဲ့ရင် ရောင်းတဲ့ အမျိုးသမီးရဲ့ အတွင်းစိတ်ကို သိခဲ့ရမှာမဟုတ်ဘူး။ မ၀ယ်ဖြစ်တာကိုပဲကျေးဇူးတင်ရမှာပဲပေါ့။။ အဲ့ဒီ့အချိန်မှာ ကျွန်တော့်အိတ်ထဲက ရှိတဲ့ ပိုက်ဆံနဲ့ဆိုရင် ဘေထုပ်ဆိုင်က ကောင်းပေ့ဆိုတဲ့ အသစ်နီးပါ တစ်ထည်ကို ကျွန်တော် ကောင်းကောင်းဝယ်လို့ရပါတယ်။ ကိုယ်ကြိုက်တဲ့အင်္ကျီကို ပိုက်ဆံမရှိရင် မလုံလောက်သေးပေမယ့် ၀ယ်ဖို့မပြောနဲ့ ကြိုက်ခွင့်လေးတော့ရှိတယ်မဟုတ်လား အစ်ကို။

သူပြောတဲ့ပုံစံက “ဒီကောင်တွေ ၀ယ်နိုင်မှာမဟုတ်ပါဘူး ပုံကိုက စုတ်စုတ်ပြတ်ပြတ်နဲ့”ဆိုပြီး ဆိုလိုချင်တာပါ။ ဟုတ်ပါတယ်အစ်ကို။ အဲ့ဒီ့တုန်းက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ တစ်ကယ်ကို ကောင်းကောင်းကန်းကန်း လည်းဝတ်မထားပါဘူး။ ကျောင်းသားဘ၀မို့ ရှိတာလေးကို ဖြစ်အောင်ဝတ်စားရတဲ့ အချိန်ပါ။ ဒါပေမယ့် အစ်ကိုရယ် အခုအချိန်မှာတော့ အစ်ကို့ဆီစာရေးနေတဲ့အချိန်မှာ အဲ့ဒီ့တုန်းက အင်္ကျီလေးထက် ပိုကောင်းပြီး ပိုသပ်ရပ်တဲ့ ဟာကို ၀တ်ပြီး ရေးနေတာပါ။ အဲ့ဒီ့တော့ လူတစ်ယောက်ရဲ့ အပြောင်းအလဲတွေဟာ အစဉ်အမြဲတောက်ပနေမှာပါ။ လူတိုင်းမှာ အနာဂတ်ရှိတယ်အစ်ကို။ အနာဂတ်ကို ဘယ်သူမှ ကြိုမမြင်နိုင်ပေမယ့်။ ကျွန်တော်တို့အသက်ရှင်နေသရွှေ့ မနက်ဖြန်တိုင်းမှာ ဒီနေ့ ထက်ပိုကောင်းတဲ့ အနာဂတ်တွေကို တည်ဆောက်ဖို့အခွင့်အရေးတွေရှိနေတာတော့ အမှန်ပဲအစ်ကို။ တည်လည်း တည်ဆောက်နေဆဲပါပဲအစ်ကို။ ဒါပေမယ့်အစ်ကိုရယ် အခုအချိန်မှာ ကျွန်တော့်ကို ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းရင်တော့ ကျွန်တော်မလုပ်နိုင်ဘူးဆိုတာ ရိုးရိုးသားသားဝန်ခံပါတယ်။ အခုအချိန်မှာ အမေရိကန်မှာ အဆိုကျော်တစ်ယောက် ဖြစ်အောင် တစ်နှစ်အတွင်းလုပ်ပါဆိုရင်တောင် မလုပ်နိုင်သေးပါဘူး။ အခြေအနေနဲ့အချိန်အခါဆိုတာ ဖန်တီးယူရတာပါ။ ဥုံဖွ မရပါဘူး။

အစ်ကိုတောင်မှ… တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ စုတ်ချာလှတဲ့ မြို့ကလေးကနေ အခုလို တိုင်းခြားပြည်ခြားမှာ လူအသက်တွေကို ကယ်နေတဲ့ ဖြူစင်မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်နေပြီ။ ဒီလိုစုတ်ချာတဲ့မြို့ကလေးကနေ အစ်ကို့လို အပင်ပန်းအဆင်းရဲခံပြီး သူတပါးမြေမှာ လူတွေကိုဖေးမနေတာတွေကို သိရရင် ကျွန်တော်လည်းအားတက်ခဲ့ရတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးအစ်ကို။ ဒါကိုကျွန်တော်လည်းယုံတယ်။ အင်္ကျီဆိုင်က အမျိုးသမီးရဲ့ စိတ်ထဲကလို့ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်တာမျိုးအတွက်ကတော့ အလွန်ပဲဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်။ လူတစ်ယောက်ရဲ့ မပြည့်စုံသေး၊ မစွမ်းဆောင်နိုင်သေးတဲ့အပေါ်ကို အနုတ်ဆန်တဲ့ထိုးနှက်ချက်မျိုးအတွက် ကျွန်တော်အရင်ကတော့ အခါခါလဲကျခဲ့ဖူးပါတယ်။
ဒါပေမယ့် အစ်ကိုရယ် အစ်ကို့ညီလေး လျှောက်ခဲ့ရတဲ့လမ်းတွေကလည်းမနည်းတော့ဘူးလေ။ လောကဓံဆိုတာ ဘာကိုပြောမှန်းမသိတော့အောင်ကို ကြုံခဲ့ဖူးပြီ။ ဒါဏ်ရာတွေဆိုတာကလည်း ၀ထ္ထုစာအုပ်တွေထဲကထက် အလွန်အကျူး။ မကြုံဖူးသေးတာဆိုလို့ အနည်းအပါးပဲ ရှိတော့မယ်ထင်ရဲ့။ အဲ့ဒီလို ထိုးနှက်ချက်မျိုးတွေအတွက် ကျွန်တော် ဘယ်တော့မှ ညှိုးနွမ်းသွားတော့မှာမဟုတ်ပါဘူး။

အဲ့ဒီ့အကြောင်းလေး အစ်ကို့ဆီစာရေးပြီးပြောပြမယ်လုပ်တော့ ပြုံးတော့ပြုံးမိသား။ အစ်ကိုကတော့ ထင်မယ် ငါ့ညီတစ်ယောက်တော့ အချိန်တွေအစားခံနေပြန်ပြီလို့ပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ အစ်ကိုရယ်။ ဒါလေးကလည်း အတွေ့အကြုံတစ်ခုအနေနဲ့ပဲပေါ့။ ပြန်လည်ပြီး ကျွန်တော်လည်းပြုံးမိပါတယ်။

စိတ်တော့ မကောင်းပါဘူး။ အဲ့ဒီ့ဆိုင်က အင်္ကျီလေးမျိုး တစ်ခြား ဆိုင်တွေမှာ လိုက်ရှာပါသေးတယ်။ ခုချိန်ထိ မတွေ့ခဲ့ပါဘူး။ ကျွန်တော် အကြိုက်ဆုံး အင်္ကျီလေးကို မ၀ယ်ခဲ့ရဘူး။

ကဲ…စာလည်းအတော်ရှည်သွားပြီအစ်ကို ကျွန်တော်စာဖတ်ရလို့ အစ်ကို လုပ်စရာရှိတာတွေ နောက်ကျကုန်ဦးမယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပါနော်။ သူများတွေကို ကျန်းမာရေးစောင့်ရှောက်နေရတဲ့အစ်ကိုက သူများထက် ပိုကျန်းမာဖို့လိုတယ်မဟုတ်လား။


အစ်ကို့ကိုချစ်တဲ့...

ညီလေး

ကိုဂစ်တာ

Comments

အစ်ကို့ဆီရေးတာပေမဲ့
ပိုစ့်တင်ထားတော့
ဝင်ဖတ်သွားတယ်နော့

အတွေးတွေ အရေးတွေက
ကောင်းတုန်းပဲဗျား...
thihanyein said…
ပြည့်ပြည့်၀၀ အနှစ်သာရလေး
ပို့စ်ကောင်းလေးတစ်ပုဒ်ဗျာ
WWKM said…
အယ်..အပေါ်က အမွေဖြတ်ခံထားရတဲ့ မောင်ငယ်နှစ်
ယောက်က အရင်ရောက်နေကြပါလား.မြန်ပါ့ အအ နဲ့
ဟဟ တို့ရယ်။း)

မောင်လေးဂစ်တာရေ.. ပို့စ်လေးက အလွန်အတွေး
ကောင်းပြီး ဖတ်လို့ အလွန်ကောင်းတဲ့ ပို့စ်ကောင်းလေး
တစ်ခုပါ။ စဉ်းစားစရာလေး ရော ၊ ဆင်ခြင်စရာလေးပါ
ရသွားတယ်နော်။
အဆင်ပြေပါစေ။

အမ၀ါ
WWKM said…
အဲ.. မောင်ဂစ်တာက ဘယ်မှာနေတာလဲ..
Comment မှာ နေ့စွဲက အခုမှ ၁၉ ရက်နေ့ နေ့လည်
၃ နာရီ ၃၂ မိနစ်ဆိုတော့..း) စပ်စုသွားတာ.တွေ့ပုချိး)
pethein said…
ကိုဂစ်တာ
ဒီဆောင်းလေးပါရဲ့ ဘ၀သရုပ်ဖော်မှုကောင်းတယ်
လေးစားပါတယ်။
ဟဲ့ ဂစ်တာ
နင့်အင်းကျီမရလို့စိတ်မကောင်းဖြစ်မနေပါနဲ့ဟာ
အင် ကျီး ဆိုမှတော့ မ၀ယ်တာဘဲ ကောင်းပါတယ် :P
အဲဒီ အင်ကျီထပ်အဖိုးတန်တဲ့ အရာကိုနင်ပိုင်ဆိုင်ရမယ်ဆိုတာ ငါ့ယုံတယ်ဟ
ကြိုးစား
သယ်ရင်း
ဘယ်အကျီဘဲဝတ်ထားထား ဘယ်ဘောင်ဘီဘဲဝတ်ဝတ် အချိန်တန်လို့အိမ်သာဝင်ရင် ဖင်လှန်တဲ့ကောင်ချည့်ဘဲ
အားပေးနေမယ်
မေသူ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး