ထိုင်ခုံလေး
.
ထိုင်ခုံလေးက ရေကန်လေးရဲ့ အနီးအနားမှာ ရှိတယ်။ ရေအိုင်လေးကလည်း မကြီးမသေး အရွယ်တော်… ကန်စပ်မှာ တစ်ခါတစ်ခါ တက်တက်လာတတ်တဲ့ ခရုပေါက်ကလေးတွေ က ဟိုနားဒီနား…။ ရေအိုင်လေး ထဲမှာက ကြာဖြူ၊ ကြာနီလေးတွေ မရှိပေမယ့် ကြည့်လင်တဲ့ရေပြင်ကို ရေအိုင်လေးက ပိုင်ဆိုင်ထားမယ်။ ရေပြင်ထဲမှာ လှိုင်တွန့်ကလေးတွေနဲ့ လေပြေလေးများ လျှပ်ပြေးလို့။ “လေပြည်လေး” မှာက သဘာဝရဲ့လတ်ဆတ်တဲ့ အင်အားတွေပါတယ် မြို့ပြယဉ်ကျေးမှု့ရဲ့ ရှားပါး တဲ့ ဖြူစင်မှု့ပါတယ်။ ဖြူစင်တဲ့လေပြေ၊ ရှင်သန်ခြင်းလေပြေ…။ လူလစ်တုန်း သွေးခွဲမယ့် လေပြေတော့ မဟုတ်ခဲ့ဘူး။ လေပြေလေးက လျှပ်ပြေးလို့ လှိုင်းတွန့်ကလေးတွေ တွန့်လူးကာ ကမ်းစပ်ကို အပြေးကလေးသွားရင် ကမ်းစပ်က ထိုင်ခုံကလေးက အမြဲတမ်းငေးနေကြ။ ဒါက နိစ္စဒူဝပေါ့။ တစ်ခါတစ်လေ ကမ်းစပ်ပေါ်တက်လာတဲ့ ခရုငယ်လေးတွေက ထိုင်ခုံလေးရဲ့ခြေထောက်ကိုလာပြီးဖက်တွယ် ထားတတ်သေးရဲ့။ ထိုင်ခုံကလေးကတော့ သွားပါလည်းမပြော လာပါလည်းမပြော ငြိမ်နေတာပဲလေ…။
ဒီရေကန်လေး၊ ရေပြင်နဲ့၊ ထိုင်ခုံလေးနားမှာ ဖြူ၊နီ၊ပြာ၊၀ါ ရောင်စုံတဲ့ ပုံပြင်လေးတွေလည်း ရှိချင်ရှိခဲ့မယ်။ထိုင်ခုံလေးက ဘယ်လိုပုံစံလေးလဲ အဖြူလေးလား၊ အပြာလွင်လွင်လေးလား၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ထိုင်ခုံလေးက တစ်ယောက်တည်းအတွက်ဆို လုံလုံလောက်လောက် ကျယ်မယ်။ နှစ်ယောက်တွဲဆို နည်းနည်း ပူးပူးကပ်ကပ်ရှိမယ်။အဲ့ဒီ့အချိန်ဆို ရင်ခုန်သံတွေ မြန်ချင်မြန် နေနိုင်တာပေါ့။ ဟုတ်တယ်ဟုတ်။ ထိုင်ခုံလေးက ဘယ်အချိန်ဘယ်ကာလက မွေးဖွားခဲ့တယ်ဆိုတာနဲ့ ရေကန်လေးက ဘယ်ကာလ က တည်ရှိခဲ့မယ်ဆိုတာလည်း ဘယ်သူမှထွေထွေထူးထူး သိချင်မှာမဟုတ်ဘူး။ ဒါတွေဘယ်သူမှမသိပေမယ့် ထိုင်ခုံလေးပေါ်က ရာသီတွေထဲ ခြောက်သွေ့သွားတဲ့ သစ်ရွက်ကလေးတွေ၊ အရည်ပျော်ခဲ့တဲ့ မိုးတိမ်တွေ နဲ့ အလှဆုံးပန်းတွေ ပွင့်ခဲ့တာတွေ ကတော့ ထိုင်ခုံလေးက ပြန်ကြားယောင်မိသေးတယ်ထင်ရဲ့။
ထိုင်ခုံလေးပေါ်မှာ အေးအေးလူလူ အက်ဆေးတစ်ပုဒ်ကို တစ်စိမ့်စိမ့် အရသာခံချင် ခံ။ ဒါမှမဟုတ် ကန်ရေပြင်မှ ဖြတ်ကျော်လာသော လေနုအေးက ဆံပင်တွေကို ဖွသွားတာကိုလည်း ရရှိနိုင်သေးတယ်။ ဒီလိုမှမဟုတ် ကန်စပ်က ခဲလုံးလေးများ ကို ကန်ရေပြင်ကို ရှပ်ပြီး ပစ်ကြည့်မလား? စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားစေဖို့ပေါ့။ ပစ်လိုက်တဲ့ ခဲလုံးလေးက တစ်ဆင့်၊ နှစ်ဆင့် ၊ သုံးဆင့် ပေါ်လိုက်မြုပ်လိုက် ဖြစ်ပြီး နောက်ဆုံး မြုပ်သွားမည်။ ဘယ်လောက်ဘ၀ဆန်လိုက်သလဲလို့။
အိမ်ပြန်ချိန်နောက်ကျလို့လည်း ထိုင်ခုံလေးနဲ့ ရေကန်လေးက နှင်လွှတ်မှာမဟုတ်။ ကိုယ့် အိမ်ပြန်ချိန်ကိုယ်သိဖို့ပဲလိုတယ်။ အလင်းရောင်ရှိနေသရွေ့တော့ ထိုင်ခုံကလေးက စိတ်တူကိုယ်တူ အဖော်ပြု ပေးနေဦးမယ်။ အထီးကျန်သမားတွေ ကတော့ ထိုင်ခုံလေး တစ်ယောက်တည်း အထီးကျန်ခဲ့ချိန်တွေကို သတိပြုမိမှာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်သာ အထီးကျန်တယ် ထင်နေရော့မယ်။ အဲ့ဒီလိုဆိုရင်တော့ တစ်ဖက်သတ်တော့ နည်းနည်း ဆန်နေတယ်မထင်ဘူးလား။
ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ခုံလေးပေါ် ထိုင်နေရတဲ့အချိန်မှာ အုံမှိုင်းချင် အုံ့မှိုင်းနေလိမ့်မယ်။ အရောင်မဲ့ပန်းချီတွေ တောက်ပချင်တောက်ပနေခဲ့ လိမ့်မယ်။ ကတိက၀တ်တွေ ဖောင်းပွလို့ အိပ်မက်တွေကိုယုံကြည်လို့ မိုင်ပေါင်းထောင်ချီ မီးရထားတွေ ခုန်မောင်းချင်ခုတ်မောင်းနေပေလိမ့်မယ်။ ထိုင်ခုံလေး ပေါ်က ပြန်ထွက်သွားချိန်မှာ ဘယ်သူက ကျေးဇူးတင်ပါတယ် ပြောဖူးလဲ။ ထိုင်ခုံလေးကတော့ ပေးဆပ်ရခြင်းအတွက် ကျေးဇူးတွေတင်လို့။

ကိုဂစ်တာ
Comments
အတွေးလည်းကောင်းတယ်***
အရေးလည်းကောင်းတယ်ဗျာ***
မျက်စိထဲမှာမြင်လာတယ်**
ကျေးဇူးတင်ပါတယ် ကိုဂစ်တာ.. အရာအားလုံးအတွက်..