ပုံပြောမကောင်းတဲ့သူ

သူနှင့်ကိုယ် ချစ်သူတွေဖြစ်ခဲ့ကြသည်မှာ ကိုယ်အတွက် ပျော်ရွှင်မှု့များ ပေးစွမ်းနိုင်ခဲ့သည် ဟု
ကိုယ်တိုင် ယုံကြည်ခဲ့ရသည်။ သူ့ဂရုစိုက်မှု့တွေနှင့် ကိုယ်ပျော်ရွှင်ခဲ့ရသလိုသူသ၀န်တိုမှု လေးများ
ကြောင့်လည်း ကိုယ်ကြည်နူးခဲ့ရသည် မှာ ကျိန်တွယ်၍ ပြောစရာမလို သူရယ် ကိုယ်ရယ်
ကို သိပ်ချစ်ရသူတွေဟု အများကလည်း လက်ခံ ယုံကြည်နေကြသော အခါ ကိုယ်တို့နှစ်ယောက်ဧ။်
အနာဂတ်သည် လှပနေပြီး တစ်နေ့သောအခါ နှစ်ဦးသားအနေဖြင့် ပန်းတိုင်သို့ ရောက်ရှိချိန်တွင်
သူ့အတွက် ကိုယ်ကပန်းပွင့်လေး ဖြစ်သောအခါ သူက ပျားပိးတုန်းလေး ၊ သူကမ်းစပ်လေး ဖြစ်သောအခါ ကိုယ်ကရေလှိုင်းလေး ၊ သူကထက်မြက်သော ဓားတစ်စင်းအဖြစ် ခံငြားသော အခါ သူ့ကို ငုံထားမည့် ဓားအိမ်ကလေး ဖြစ်လိမ့်မည်ဟု တဖက်သက် အတွေးဖြင့် အိပ်မက်ကလေးတွေ နူးညံ့ခဲ့ဖူးသည်။
ကိုယ်မတွက်တတ်သည့် ပုစ္ဆာတွေ သူပေးခဲ့ လိမ့်မည်ဟု ကိုယ်မထင်ခဲ့သည့် ကြားမှ ခါးသက်သည့် ၀ိုင်တစ်ခွက်ကို သူဖန်ဆင်းခဲ့သည်။ လေပြင်းများခြွေပြီး တိမ်ညိုများ အရည်ပျော်စေခဲ့ သည်။ အိမ်ထဲတွင် ရွာသောမိုးတို့ သည်းစေခဲ့သည်။ ကိုယ်သည် လက်ကိုင်ကိုင်း ကျိုးနေသော ကော်ဖီခွက်ကလေး ပမာ တင့်တယ်မှုတို့ ပျက်သုဉ်းခဲ့ပေပြီ။
မကြာမီ ထိုမိုးများ တိတ်ခဲ့သည်ပြီး ကောင်းကင်တွင် ကြည်လင် ရှင်းသန့် လာခဲ့သည်။ ဒါပေမယ့်လည်း အရာရာသည် နှောင်းခဲ့လေသည်။
သူသည် ကိုယ့်ကို တစ်စစီကြေမွအောင် မလုပ်ခဲ့။ သူသည် ညံ့ဖျင်းစွာဖြင့် လေပြင်း သံဝါများဖြင့်သာ ကိုယ့်ကို မိုးတို့ သည်းစေခဲ့သည်။ ထို့ကြောင့် ကိုယ့်မှာ လေမုန်တိုင်း ကျပြီးသောအခါ လဲကျနေသော တစ်ချို့သစ်ပင်များကိုသာ လိုက်လံ ရှင်းလင်း ခဲ့ရသည်။
တစ်ကယ်တမ်း သူလုပ်သင့်သည်မှာ ကိုယ့် စတော်ဘယ်ရီ ခင်းများကို နင်းချေခဲ့ရမည်။ ကိုယ့်မာန တောင်ကုန်းများကို သိမ်းသွင်းကာ သူ့လက်ဝါးအောက်၌ ချေမွ ပစ်ရမည်။ ကိုယ့် နူးညံအဖိုးတန်သော တောအုပ်ကလေးထဲမှ အချစ်လှိုဏ်ဂူ ကို သူဧ။် ဒေါသချော်ရည်တို့ဖြင့် လောင်မြိုက်စေရမည်။ သို့သော် သူအမှန်တစ်ကယ်ပင် ညံ့ဖျင်းခဲ့ပါဧ။်။ အမှန်ဆိုသူသည် ကော်ဖီခွက်ကလေးကို ကိုင်းကျိုးရုံတင်မက ကြေမွသွားအောင် မခွဲပစ်ခဲ့။ သူ့အချစ်ပန်းများ ထိုးစိုက်ရန် လျာ ထားခဲ့သော အချစ်ပန်းအိုးလေးကို လည်း တိုက်ခွဲမပစ်ခဲ့။ သူညံဖျင်းလွန်းပါသည်။ အရင်က ပုံပြင်ပြောသော သူ့ပျားရည်များသည် တစ်ကယ့်တစ်ကယ် တွင် ကိုယ့်ကို ရက်စက်ရန် အတွက် အသုံးမ၀င်ခဲ့။ ပျားရည်ပုံပြင်များကို သူဒီ့ထက် ပို၍ ဟောပြောကာ ကိုယ့်မာနများကို တစ်စစီချေမွကာ၊ ကိုယ့်ဝတ်ရည်များကို ကုန်စင်အောင် သောက်သုံးမသွား ခဲ့သည်မှာ ညံဖျင်းလွန်းရာ ကျပါသည်။
တစ်ကယ်တမ်း ကိုယ့်ချစ်သူသည် ပုံပြောကောင်းသူ တစ်ယောက် မဟုတ်ခဲ့လေသော အခါ ……..။

Comments

တစ်ချို့တော့လည်း ပုံပြောကောင်းမှာကို ကြောက်နေကြတာလေ အစ်ကို..
ပြောရရင် ကျွန်တော်လည်း ကြောက်တဲ့ထဲမှာ ပါပါတယ်
အစ်ကို ပျော်ရွှင်ပါစေကြောင်း..
ဖတ်ပြီးသားကြီး.. ဟိဟိ
ပုံပြောမကောင်းတာတောင် ဒီလောက်ဖြစ်နေတာများ...
အိတာ said…
အေးလေပုံပြောမကောင်းတာများဒီလောက်ဖြစ်နေတယ် ။။အဟီ..........စတာ စတာ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး