ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ပြန်မရနိုင်တော့သောကာလလေးများ

အသင် ဆိုတာ မေ့ရဲ့ ငယ်သူငယ်ချင်းအရင်းကြီးတယောက်ပါ။ ငယ်ငယ်တည်းက အတူကစားအတူစားခဲ့ကြတဲ့အဖော်၂ယောက်။ တယောက်ကိုတယောက် သံယောဇဉ် သိပ်ကြီးကြသူ နှစ်ဦး။ ဘယ်အရာကြောင့်မှ အသင်နဲ့မေ ကြားက သူငယ်ချင်းဆိုတဲ့သံယောဇဉ်ဟာ ပျက်ပြယ်ဖို့မရှိသလို တယောက်ကိုတယောက်နားကျည်းမုန်းတီးသွားဖို့ဆိုတာလည်း မဖြစ်နိုင်ခဲ့ပါဘူး။
အသင်ကလူချောတယောက် ကောင်မလေးတွေဝိုင်းဝိုင်းလည်နေသူ။ မေ ဆိုတာ အသင့်ဘေးကသာမာန်သူငယ်ချင်းမလေးတစ်ဦး မထင်မရှားကောင်မလေးတဦးမျှပါပဲ ။ အသင်ရဲ့မြောက်မြားလှစွာသော ချစ်သူရည်းစားတွေကြားမှာ အောင်သွယ်အဖြစ် လုပ်ပေးရတဲ့ ကောင်မလေးဆိုလည်းမမှားပါဘူး။ အသင့်ကောင်မလေးတွေကြောင့် တခါမှစိတ်အနှောက်အယှက်မဖြစ်ဖူးတဲ့မေ့ကို မေ့သူငယ်ချင်းတွေက အသင်နဲ့မေ ကိုစရင်တောင် မေနည်းနည်းရှက်တာကလွဲလို့ အသင်ကိုယောင်လို့တောင် သူငယ်ချင်းဆိုတဲ့စည်းအပြင်ကနေ ချစ်မကြည့်ဖူးခဲ့ပါဘူး ဒါကိုအသင်လည်းအသိ မေလည်းအသိ။ မေနဲ့အသင်ရဲ့ အေးဆေးနေတဲ့ သူငယ်ချင်းဘ၀ထဲကို မင်းမင်း ရောက်လာတော့တဲ့အချိန်မှာ....
လမ်းထဲက မင်းမင်း ဆိုတဲ့ကောင်လေးတယောက် မေ့ကိုလိုက်နေမှန်းသိချိန်ကစလို့အသင် မေ့အပေါ်မရိုးသားတော့ပါဘူး.. ကိုယ့်ခြံထဲကကြက် ဘယ်အချိန်ထုတ်ရိုက်ရိုက်ရတယ်လို့များ ယူဆထားလေသလားအသင်ရယ်။ မေ အသင့်ရဲ့ပြောင်းလဲသွားတဲ့ စိတ်ကို နားမလည်ခဲ့ဘူး ။ ဒါကြောင့်လဲ အသင့်ကို မေ အမြဲတမ်း သူငယ်ချင်းတယောက်လိုသာ ရိုးရိုးသားသားဆက်ဆံခဲ့တာပါ။ သူငယ်ချင်းဆိုတဲ့စည်းအပြင်ဘက်ကို ရင်ခုန်သံတချက် မယိမ်းယိုင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် တသက်လုံးသူငယ်ချင်းလို နေလာသူ အသင်ကစပြီး အမူအယာတွေ စပြောင်းလာခဲ့တယ်။ ဟိုးအရင်ကဆို မေ့ကိုအိမ်ကမအားလို့ သင်တန်းလိုက်ပို့ပေးဖို့ပြောရင် ဟိုအကြောင်းပြ ဒီအကြောင်းပြ အပျင်းထူပြီးလိုက်မပို့သလောက် နောက်ပိုင်း မေ့ သင်တန်းတွေကိုသူပဲလိုက်ပို့ လိုက်ကြိုခဲ့ပါတယ်။ ပတ်ဝန်းကျင်ကလူတွေကတော့ မေတို့ရိုးရိုးသားသားနဲ့နေလာတဲ့ နှစ်တွေကြောင့် ဘယ်လိုမှ သံသယမဖြစ်ခဲ့ကြဘူးလေ။ သင်တန်းက ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စကားပြောရင် မျက်ထောင့်နီနဲ့ ကြည့်ပြီး ပွစိပွစိလုပ်တတ်လာတဲ့ အသင့်ကို မေကဟားတိုက်ရယ်မောမိတော့
"ကောင်မစုတ်လေးကို ငါသိပ်ချစ်နေမိလို့ပေါ့ "
တဲ့ နောက်သလိုပြောင်သလိုပြောခဲ့တယ်။ ဒါပေမယ့်လည်းလေ...အရိုးသားဆုံးဝန်ခံရရင်အသင့်ရဲ့ သ၀န်တိုမှူတွေ ဂရုစိုက်မှူတွေကြားမှာ မေ အမှန်တကယ်သာယာခဲ့မိပါတယ်။ အသင်ကိုချစ်မိခဲ့လား မချစ်မိဘူးလားဆိုတာတော့ ဝေခွဲမတတ်ခဲ့ဘူး။
ဒီလိုနဲ့ အလုပ်ကိတ်စတခုကြောင့် ဗန်းမော်ဘက်ကို အသင်ခရီးမထွက်ခင် တညနေ မေတို့ခြံဘက်ကိုအသင်ရောက်လာခဲ့တယ်။ ခြံထဲက ဒန်းလေးပေါ်မှာထိုင်နေတဲ့မေ့ကို
အသင် - "ငါ မနက်ဖြန် ခရီးသွားရမယ်ဟာ လေးငါးရက်လောက်တော့ကြာလိမ့်မယ် နင်ဘာမှာဦးမလဲ..."
မေ - " ဟင်...ဟုတ်လား ဘယ်ကိုသွားမှာလဲ ဘာကိစ္စလဲ ၊ လေးငါးရက်လောက်ကြာမယ်ဟုတ်လား"
အသင် - " အာ...နင်ကလည်း မေးခွန်းတွေက များလိုက်တာ ငါကိစ္စလေးတစ်ခုရှိလို့ပါ။ ဘာဝယ်ခဲ့ရမလဲ"
မေ - " အော်...အင်း.. ဘာမှမလိုပါဘူးဟာ... လမ်းမှာဂရုစိုက်ဦးနော်.."
အသင် - " :) အေးပါ" လို့ပြောပြီး "ငါပြန်လာရင် နင်အဖြေပေးဖို့ပြင်ထားနော်..ချစ်တယ်ဆိုတာပဲကြားချင်တယ်"
ဆိုတဲ့ ခပ်ကြောကြောပြောလာတော့လည်း အရင်တည်းက အရှူံးပေးတတ်သူပီပီ ငြိမ်နေမိတယ်။ ရင်ထဲမှာတော့ သိပ်ပြီးထူးထူးခြားခြား မလှုပ်ရှားသွားပါဘူး ဒါပေမယ့်...အသင်မေကိုကျောခိုင်းလှည့်ပြန်သွားချိန်မှာ အသင့်ကျောပြင်ကိုကြည့်ရင် မခံစားစဖူး တဖျတ်ဖျတ်လွမ်းသွားမိတယ်။ ဒါ အချစ်လား မေကိုယ်တိုင်ဝေခွဲမတတ်သေးပါဘူး။
.................................................................

ဟိုးအရင်တုန်းကဆို အသင် ဘယ်ခရီးသွားသွာ မေဘာမှမခံစားမိခဲ့ဘူးလေ အနားမှာသူမရှိရင် ပြသနာပေးမယ့် သူတယောက် လျော့တယ်ဆိုပြီးတောင် ပျော်မိသေးတယ်။ အခုတော့ အသင်မနက်ဖြန်မနက်လို ခရီးသွားတော့မယ်ဆို မေတယောက် တညလုံးအိပ်မပျော်ခဲ့ဘူး။ ဒါတွေဟာအသင်ကို မေတကယ်ချစ်နေမိပြီလား ဆိုပြီး ကိုယ့်ကိုကိုယ် သံသယ၀င်မိခဲ့တယ်။ ဒီလိုနဲ့တညလုံး ဟိုတွေးဒီတွေးအတွေးတွေနဲ့ ချာချာလည်ပြီး မိုးလင်းခဲ့ရတယ်။ အသင်သွားတဲ့နေ့မှာပဲ မေ့သူငယ်ချင်း ပပ က သူ့အဖေတာဝန်ကျရာ ပုသိမ်ကိုအလည်သွားကြမယ်ဆိုပြီး မေ့ကိုအတင်းလာခေါ်တော့တာပဲ။ ပပရဲ့ မိဘတွေနဲ့ မေ့မိဘတွေကလည်း ငယ်သူငယ်ချင်းတွေမို့် အသာတကြည်ထည့်လိုက်တာပေါ့ . ပပရယ် မေရယ် တခြားသူငယ်ချင်းတွေ ၄ယောက်ရယ် တပျော်တပါးကြီး ပုသိမ်ကိုထွက်လာကြတယ်။ ပုသိမ်မှာ ၁ညအိပ်ပြီး ချောင်းသာကို ၂ ညအိပ်လောက်သွားလည်မယ်ဆိုပြီး မေတို့သူငယ်ချင်း ၆ယောက်နဲ့အတူ ပပ မိဘတွေပါ ချောင်းသာကိုခရီးထွက်ခဲ့ကြတယ်။
မိဘတွေနဲ့အတူချောင်းသာကို ခဏခဏရောက်ဖူးတဲ့ မေ့အတွက် ပင်လယ်ဆိုတာအထူးအဆန်းသိပ်မဖြစ်သလို အရမ်းလည်းမပျော်မြုးခဲ့ပါဘူး မေ့စိတ်ထဲမှာ အသင့်ကိုလွမ်းတဲ့စိတ်နဲ့ပဲ ခုချိန်ဆိုအသင် ဘယ်နားမှာဘာလုပ်နေလဲဆိုတဲ့အတွေးတွေပဲကြီးစိုးနေလို့ သူငယ်ချင်းတွေကတောင် မေ့ကိုအပြစ်ပြောကြတယ်။ ချောင်းသာကိုရောက်ရောက်ချင်းညနေမှာ မေ ရေထဲမဆင်းဘူး .. ဟိုးအရင်ကရေထဲကမတတ်ဘဲ နေတတ်တဲ့မေ တယောက် အသားမဲမှာကြောက်ပြီးရေထဲမဆင်းပဲ ဘန်ဂလိုပေါ်ကနေ မှန်ဘီလူးတလက်နဲ့ ဟိုကြည့်ဒီကြည့်ပေါ့။ အတွဲတတွဲက မေ့မှန်ဘီလူးထဲဝင်လာတယ်..ကမ်းခြေကနေရေဆော့ပြီးပြန်တတ်လာတဲ့အတွဲလေးကိုကြည့်ပြီး မေလည်းတနေ့အသင်နဲ့ လာဦးမယ်လို့ လျှောက်တွေးရင်းသေချာကြည့်လိုက်တဲ့အခါ...
မေမှန်ဘီလူးကိုမျက်နှာကခွာလိုက်ပြီး အံသြတကြီးဖြစ်နေတဲ့မေ့ကို အသင်လည်း အနားရောက်တော့ မြင်သွားပါတယ်။ အသင် မျက်နှာအခုလောက်ပျက်သွားတာ တခါမှမေ မမြင်ဖူးခဲ့ဘူး ။ ဘန်ဂလို ၀ရံတာတန်းလေးမှာ ခြေထောက်နှစ်ဘက်ချပြီးထိုင်နေတဲ့မေ့ကို မမြင်ချင်ယောင်ဆောင်လို့ မရသလို အသင့်ဘေးက အရပ်ပုပုကောင်မလေးကိုလည်း မေ မမြင်ချင်ယောင်ဆောင်ထားဖို့ မဖြစ်နိုင်ပါဘူး ။ အသင်ကိုအခုလို မိန်းကလေးတယောက်နဲ့တွဲတွေ့တာ မေ့အတွက်အထူးအဆန်းမှမဟုတ်ခဲ့တာ ဒါကြောင့်မေကပဲ အသင်ကိုအရင်ရယ်ပြလိုက်ပါတယ် နောက်ပြီး ဘယ်တုန်းကရောက်နေတာလဲ ငါ ဒီနေ့လည်မှရောက်တာလို့ ရီရီမောမော ဘာမှမဖြစ်သလိုပြောလိုက်မိတယ်။ အသင်ဘာစကားမှပြန်မပြောနိုင်ခဲ့ဘူး သူ့ကောင်မလေးကတော့ရှက်ပြုံးလေးနဲ့ပေါ့။ ရေကူးပြီးတတ်လာတဲ့ သူငယ်ချင်းတွေကလည်း အသင်နဲ့မေ နဲ့အဖြစ်ကိုမြင်ပြီး ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနဲ့။ မေ ဟန်ဆောင်တတ်ခဲ့တာလား ဘာမှမခံစားခဲ့တာလား။
မေသိပ်ရှက်တာပဲ..အသင်အခုလိုကောင်မလေးနဲ့တွဲတာကို သူငယ်ချင်းတွေမြင်သွားတာ အထူးအဆန်းမဟုတ်ပေမယ့် မေ့ကိုအသင်ချစ်ရေးဆိုထားမှန်း သူငယ်ချင်းတွေသိပြီးမှ အခုလိုဖြစ်တာ အရမ်းရှက်တယ်။ မေဟန်ဆောင်ကောင်းခဲ့ပါတယ်။ အသင်တို့အတွဲကို ထပ်တွေ့တော့လည်း အပြုံးမပျက်နှုတ်ဆက်နိုင်ခဲ့တယ်။ သူငယ်ချင်းတွေကတော့ မေဘက်ကနာပြီး လုံးဝမကျေနပ်ကြဘူးပေါ့။ အသင်နဲ့မေက ချစ်သူတွေမှမဟုတ်သေးတာ အသင်ဘယ်သူနဲ့တွဲတွဲပါလို့ ခွင့်လွတ်စကားဆိုမိပေမယ့် အသင်ရယ်...နင် လုပ်ရက်လိုက်တာလို့တော့ ရင်ထဲမှာအထပ်ထပ်။ ချစ်သူတွေမဟုတ်သေးပေမယ့်လည်း...မေဘယ်လိုခံစားရတယ်ဆိုတာတော့ ပြောပြဖို့လိုမယ်မထင်ပါဘူးနော်.။
ပုသိမ်ကနေပြန်လာပြီးတပတ်အကြာ လှည်းတန်းမီးပွီုင့်မှာ အသင်နဲ့မေ ကားချင်းကပ်လျက်ဆုံဖြစ်သေးတယ်. အသင်က ပြည်လမ်းဘက်လမ်းကြောင်းမှာ မေက အင်းစိန်ဘက်လမ်းကြောင်းမှာ ..ခါတိုင်းကားချင်ဆုံရင် အော်ဟစ်နှတ်ဆက်နေကြသူငယ်ချင်း ၂ဦး မသိသလိုနေနေကြတာ တယောက်ကိုတယောက်အသိပါ။ မေအဖြုစင်ဆုံးဘယ်လိုနေခဲ့တယ်ဆိုတာအသင်သိတဲ့အတွက် အသင်ကိုယ်တိုင်လည်းမေ့ကို ပြန်ဆက်ဆံဖို့ မ၀ံ့မရဲဖြစ်နေခဲ့တယ်လေ။ အသင်မေ့ဆီကတောင်းထားတဲ့အဖြေကို ဘယ်တော့မှလာတောင်းမှာမဟုတ်တော့ပါဘူး။ ဒီလိုပဲ ၂အိမ် တအိမ်ဝင်ထွက်နေတဲ့အသင်တို့နှစ်ယောက်လဲ ဘယ်တော့မှ အရင်အခြေအနေကို ပြန်ရောက်မှာမဟုတ်တော့ပါဘူး ။ အသင်သာမေ့ကိုချစ်ရေးမဆိုခဲ့ရင် မေဟာလည်း အသင့်ဘေးမှာ သူငယ်ချင်းတယောက်အနေနဲ့ အသက်ထက်ဆုံးရှိနေမှာပါ..အခုတော့ အသင်ကစပြီးပြောင်းလဲခဲ့တယ်..
မေပြောင်းလဲလာအောင်အသင်လုပ်ခဲ့တယ်..ကိစ္စတွေအားလုံးပြီးသွားချိန်မှာ အသင်သာမေ့ကို ...သူငယ်ချင်းတယောက်လိုပြန်ခေါ်လှည့်ပါ..အသင်ပြောခဲ့တဲ့ "ချစ်တယ်" ဆိုတဲ့စကားကို မေ လုံးလုံးမေ့ပစ်ပြီး အရင်လိုသူငယ်ချင်းတွေဘ၀နဲ့ထပ်နေချင်တာပေါ့။
နောက်ဆုံးတော့ အသင်ရယ်...မေ တမ်းတမ်းတတဖြစ်နေတာ..အသင်မေ့အပေါ်ထားတဲ့ ဂရုစိုက်မှူလည်းမဟုတ်သလို ကြင်နာမှူလည်းမဟုတ်ပါဘူး...ဘယ်တော့မှပြန်မရနိုင်အောင် ပျောက်ဆုံးသွားတဲ့ မေနဲ့အသင်ရဲ့ ဖြူစင်တဲ့သူငယ်ချင်းဘ၀လေးကိုပါပဲ။

လေစားစွာဖြင့်.....
ဂင်္ဂါ

gravatar

ဝထ္ထုလေးတွေဆို စိတ်ဝင်စားတယ်......
တကယ်ကောင်းတယ်....... မေးလို.ရရင် မေးခွန်းလေး တစ်ခုလောက် ...........
အသင်ဟာတကယ်ချစ်ခဲ.တယ်လို.ထင်ပါသလား......