ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

စံပါယ် အစွဲ

“ဟင့်အင်း..ဟင့်အင်း ခေါင်းကြီးမစားချင်ဘူး မီးမီးမှမကြိုက်တာ”

“အော် မီးလေးရယ် စားလို့ကောင်းပါတယ်ကွ”

သမီးငယ်က မဲ့မဲ့ပြီးပြောတော့ သူစိတ်ဆင်းရဲသွားသည်။ ကလေးက ဒီလိုကြက်ခေါင်းကို ဘယ်လိုစားချင်မတုန်း။ သူသိပါသည်။ ဒါပေမယ့်မတတ်နိုင် ရှိစုမဲ့စုလေးနှင့် မကောင်းကောင်းအောင် ချက်တတ်သော ဇနီးသည်ကိုလှမ်းကြည့်တော့ မျက်ရည်ဝိုင်းနေသည် မို့ သူပို၍စိတ်မကောင်း။ သူ့တွင်တာဝန်ရှိပါသည်။ အိမ်ထောင်ဦးစီးအနေဖြင့် မိသားစုအတွက် အကောင်းဆုံးဖန်တီးပေးချင်မိသည်။ လောလောဆယ်တော့ သူလုံးဝမတတ်နိုင်သည်မို့အောင်အည်းသည်းခံက ရှိသမျှငွေအင်အားလေးနှင့် အကောင်းဆုံးဖန်တီးပေးသော ကြင်နာသူ ဇနီးသည်ကိုလည်းကိုယ်ချင်းစာသနားမိသည်။ မျက်ရည်ဝိုင်းနေသည့်ကြားမှ သမီးငယ်ကိုတစ်လှည့်၊ သူ့ကိုတစ်လှည့် ကြည့်ရင်း မျက်နှာလွှဲသွားသော ဇနီးသည်မျက်ဝန်းတွင် သူ့ကိုပြစ်တင်လိုသည့် အကြည့်မပါ။ သူ့အခက်အခဲနှင့် သမီးငယ်ဧ။် အခက်အခဲ လွန်ဆွဲနေသောအဖြစ်ကို သူမကြည့်ရက်နိုင်သဖြင့် မျက်နှာလွှဲလိုက်ခြင်းကို သူကောင်းကောင်းသိပါဧ။်။

ငယ်ငယ်ကတည်းက သမီးငယ်ကို ပုံတိုပတ်စများဖြင့် ချော့မော့လာခဲ့သည်မို့ အခုလည်း ဒီလိုပဲကြံရသည်။ ထမင်းပန်းကန်ကို ကိုင်ရင်း သူ့ကိုငေးမောကြည့်ကာ ကျွန်တော်ပြောသမျှကို မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ပါးစပ်အဟောင်းသားငေးကြည့်နေသော သမီးငယ်သည် ချစ်စရာကောင်းပေစွ။

“ဟင်…ခေါင်းစားရင် တစ်ကယ် ဘုရင်ကြီးဖြစ်တာလား”
“ဒါပေါ့ကွ”
“ဒါပေမယ့် သမီးက ဘုရင်ကြီးဘယ်လိုဖြစ်မှာလဲ”
“အာာ….”
သူစဉ်းစားရကျပ်သွားသည်။ နောက်မှ ..
“အော် မီးမီးကလည်း ဘုရင်ကြီးမဖြစ်ရင်တောင် နိုင်ငံမှာ အကြီးဆုံးပညာရှိကြီးဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း သူဌေးကြီးဖြစ်မှာပေါ့”
“ဟင်… ဟုတ်လား ဒါဆို မီးလည်း ခေါင်းပဲစားတော့မယ်”
“အေးဟုတ်တယ် စားစားမီးလေး”

သူနယ်ပေးထားသော ဟင်းအနှစ်များနှင့် ကြက်ခေါင်းကို ကိုက်ဖဲ့ကာ အားရပါးရဖြင့် စားနေသော မီးငယ်လေးကို ကြည့်ကာ ကျွန်တော် ပြုံးမိသည်။ ရင်ထဲကအလုံးက မကျချင်ကျချင်နှင့် ကျသွားသည်။ ခုမှ လည်ပင်းတွင် တစ်ခုခုနင်နေသလိုခံစားရသည်။ ဇနီးသည်ကိုလှမ်းကြည့်တော့ ၀ိုင်းနေသည့်မျက်ရည်ကြာမှ လှမ်းပြုံးပြသည်။ မင်္ဂလာဦးမှသည် အခုထိတွင် ခုတွေ့ဖူးသော ဇနီးသည်ဧ။်အပြုံးသည်ကား အချိုဆုံးဖြစ်သည်ဟု ထင်မိသည်။
*******************************************************

ဒီနေ့တော့ သူငွေရွှင်နေသည်။ ရလာသည့်ပိုက်ဆံတွေကိုကြည့်ရင်းသူ ဟိုဟာလုပ်မည်။ ဒီဟာလုပ်မည်စဉ်းစားမိသည်။ လက်ထဲမှာရလာသည့် ပိုက်ဆံ က နှစ်သောင်းကျော်ကျော်။ သူ့စာရေးဖို့ အကြမ်းစာရွက်များကို ၀ယ်ရမည်ဟု ပထမဆုံးသူတွေးမိသည်။ ဒီဟာက မရှိမဖြစ်။ သူ့အတွက် ကုန်ကြမ်းပင်။ စားရေးသူတစ်ယောက်အနေနှင့် ဒါက ပေါပေါများများရှိမှဖြစ်မယ်။ ပိုက်ဆံမရှိရင်နေ အကြမ်းစာရွက်ကတော့ များများစားစားရှိမှဖြစ်မည်။ နောက်..သူဘာဝယ်ရပါ့မလဲ။ ဘာတွေလိုအပ်သလဲ တွေးရင်းမှပင် ဗိုက်ထဲမှ တစ်ကြုတ်ကြုတ်မည်လျှက် ဗိုက်ဆာလာသည်ကို သတိပြုမိသည်။ ဟိုဘက်လမ်းတွင်တော့ လက်ဖက်ရည်ဆိုင်ကောင်းကောင်း တစ်ဆိုင်ရှိသည်။ ထိုဆိုင်သို့ဝင်ပြီး ကော်ဖီနှင့် ပေါက်စီနှစ်လုံးမှာပြီး ကော်ဖီကို ဗိုက်ဆာဆာနှင့် တစ်ငုံအရင်သောက်ပြီး ပေါက်စီကို တစ်ကိုက်ကိုက်ပြီး နောက်တစ်ကိုက်ကိုက်ခါနီးမှ အိမ်က သမီးငယ်ကို သတိရမိသည်။ ဒီရက်ပိုင်း သမီးငယ်ကို ဟင်းကောင်းကောင်း မကျွေးရတာကြာပြီ။ ဟိုဘက်ရက်တွေတုန်းက အသားသိပ်မပါသည့် ဟင်းတွေနှင့် မို့ ထမင်းစားချိန်တိုင်း သမီးကိုချော့မော့ကာ ကျွေးရသည် နှင့် ဇနီးသည် မျက်ရည်ဝဲရသည့် နေ့ရက်တွေများခဲ့သည်။ အခုမှ သူ့စာမူကို စိတ်ကြိုက်ဖြစ်၍ အယ်ဒီတာက ကြိုတင်ငွေထုတ်ပေးခဲ့သည်မို့ သူ့အိတ်ကပ် ပြန်လည်ဖောင်းလာရသည်။ ညပိုင်းညဉ့်နက်ချိန်တွေထိ သူကြိုးစားပမ်းစား တွေးတောကာ ရေးချွတ်ခဲ့တာလေးတွေ အလကာမဖြစ်တော့ပေ။ ဒီလိုဆိုတော့ ပြန်သွားရင် သမီးငယ် စိတ်ချမ်းသာစေဖို့ သူဖန်တီးပေးရပေမည်။ စားလက်စကိုအမြန်စားပြီး ကော်ဖီနွေးနွေးကို မော့သောက်လိုက်သည်။ ပိုက်ဆံရှင်းပြီးဆိုင်အပြင်ဘက်ထွက်တော့။ ညနေက တိမ်တောက်နေသည်မို့ ညနေခင်းက ပုဇွန်ဆီရောင်သမ်းနေသည်။ လိုင်းကားပေါ်သူတက်ပြီးသည်နှင့် သိပ်မကြာခင် မောင်းတော့သည်။

========================================================================

အိမ်ရောက်တော့ တော်တော်တောင်မှောင်နေပြီ။ ခုနှစ်နာရီခွဲလောက်ပင်ရှိပေတော့မည်။ အိမ်ခြံဝတွင် ဇနီးသည်က သူ့ကိုစောင့်ကြိုနေသည် မို့ သူအမောပြေရသည်။

"သမီးရော" ဟုသူမေးတော့

"ရှိတယ်…ကို၊ အိမ်ထဲမှာ ကစားနေတယ်"
ဟု ဇနီးသံကပြောသည်။ မရှေးမနှောင်း၊ တီဗွီကြော်ငြာသီချင်းများ မပီတပီဆိုက ဆော့ကစားနေသော သမီးငယ်၏ အသံကို ကြားလိုက်ရသည်။ သူပြုံးပြီး။ ဇနီးသည်အား သူဝယ်လာတာတွေကို ပေးထားလိုက်ပြီး။ ထမင်းစားဖို့ရန် သူပြောပြီး။ ရေအရင်ချိုးလိုက်သည်။ ရေချိုးပြီးအိမ်ပေါ်တက်လာတော့ ဇနီးသည်က ထမင်းဟင်းများ အဆင်သင့်ပြင်ထားပြီးပြီ။ အ၀တ်အစားလဲပြီး။ ထမင်းဝိုင်းဝင်ထိုင်လိုက်တော့….

"ဖေကြီးကို သမီးက စောင့်နေတာ ဗိုက်ဆာနေပြီ" ဟု မပီတပီဖြင့်သမီးငယ်ငယ်ကပြောသည်။

"ဟုတ်လား သမီးလေး ဒါကြောင့် သမီးက သီချင်းတွေဆိုပြီး ဖေကြီးကိုစောင့်နေတာပေါ့လေ"

"ဟုတ်တယ် သီချင်းတွေအများကြီးပဲ" သမီးငယ်ကချစ်စဖွယ်ပြန်ပြောသည်။

"ကဲ ဆာပြီဆို ဖေကြီးနဲ့တူတူစားမယ် သမီးကိုဟင်းကောင်းကောင်းနဲ့ကျွေးဖို့ ဖေကြီး အကောင်းစားတွေဝယ်လာတာ"

ဆိုပြီး ပန်းကန်ထဲမှ ဟင်းကို သမီးပန်းကန်လေးထဲသို့ ထည့်ပေးလိုက်သည်။ ဒီနေ့ ဇနီးသည်ချက်ထားသည့် ဟင်းကလည်း အစပ်အဟပ်တော်တော်ကောင်းကာ ဟင်းတွဲအစပ်မိသည်မို့ သူဝယ်လာသည့်ဟင်းနှင့် ဆိုတော့ အတော်စားမြိန်လှသည်။ စားကောင်းကောင်းနှင့် လွေးနေမိသည်။ ထို့အတူ ဇနီးသည်ကလည်း မောပန်းနေသည်ထင်သည် ထမင်းကိုမြိန်ရည်ယှက်ရည်နှင့် သူ့နှင့်မခြား ငုံ့လွေးနေလေသည်။ ဆယ့်လေးငါးလုတ်လောက် စားပြီး နင်သလိုဖြစ်လာသဖြင့် ဘေးနာက ရေဗူးထဲမှ ရေကိုမော့သောက်ပြီး သမီးငယ်ကိုကြည့်လိုက်တော့…ထမင်းပန်းကန်ကိုကြည့်လိုက် ဟင်းတုံးကိုကိုင်ကြည့်လိုက်ဖြင့် ဖြစ်နေသည်မို့..

"သမီးလေး စားမကောင်းဘူးလား ဘာဖြစ်နေတာလဲ ကြည်ဖြူ သမီးနေမကောင်းဘူးလား"

"ကောင်းပါတယ် အကိုရဲ့ သီချင်းဆိုပြီး ကစားတောင် ကစားနေတာပဲဟာကို "

ဟုတ်တော့လည်းဟုတ်သားပဲ၊ဒါဆို သမီးကဘာကြောင့်ထမင်းပန်းကန်ကို စိုက်ကြည့်ပြီး ငြိမ်သက်နေရသနည်း။ ကျနော်မသိတော့။ ဒါနဲ့ပဲ..

"သမီး.. ဟင်းက စားမကောင်းဘူးလား"

"အင်း..ကောင်းတယ်"

"ဟင်ဒါဆိုဘာလို့ မစားတာလဲသမီးရဲ့ စားလေ" လို့ပြောတော့

"ဖေကြီးဟင်းက ခေါင်းမှမပါတာ သမီးက ခေါင်း ပါမလားလို့ကြည့်တာ တစ်ခေါင်းမှလည်းမပါဘူး"

" အာ….ခေါင်းက ဘာလုပ်ဖို့လဲသမီးရာ ပုဇွန်ထုပ်ဟင်းက ခေါင်းမထည့်ထားဘူးလေ…ခေါင်းကမကောင်းဘူး မစားရဘူး"

အဲ့လိုပြောတော့…သမီးက ကျနော့်ကို မျက်လုံးဝိုင်းဝိုင်းလေးဖြင့်မော့ကြည့်ပြီး…

"ဟင် …ဟိုအရင်နေ့က ဖေကြီးပြောတော့ ခေါင်းစားရင် မင်းဖြစ်တယ်ဆို" ဆိုပြီး တစ်အံတစ်သြနှင့် ပြန်မေးတော့မှ.

"အာ"ခနဲဆိုပြီး

သူလည်းဇနီးသည်ကို အကြည့် ဇနီးသည်ကလည်း သူ့ကို ပြန်ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်ကာ..ပြီးမှ သူနဲ့ ဇနီးလည်းမပြုံးနိုင်ပဲ ၀ါးလုံးကွဲရယ်မောကြရလေသည်။
သမီးငယ်ကတော့ ရှုပ်ထွေးစွာဖြင့် ပုဇွန်ထုပ်အကြီးကြီးကိုကိုက်လျှက်။


ကျော်ညိုသွေး


(မှတ်ချက်- ခေါင်းစဉ်ကို ဆရာ တာရာမင်းဝေဧ။် ၀ထ္ထုခေါင်းစဉ်တစ်ခုကို ကြိုက်မိ၍ ခပ်ဆင်ဆင် ပေးထားမိပါသည်။ ကျန်ရှိသောအရေးအသားများမှာ ကိုယ်ပိုင်ဖြစ်ပါသည်။)

gravatar

သိပ်ကို အရေးအသားကောင်းပါတယ် မောင်လေး ကျော်ညိုသွေး။ အပြင်မှာလည်း တကယ် စာရေးဖူးတဲ့လူများ ဖြစ်နေမလားတော့ မသိဘူး။ ဝတ္ထုတိုကောင်းလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ်။

gravatar

ကောင်းတယ်ဗျ....
ဇာတ်လမ်းက သိမ်မကွဲပေမယ့်
ဆွဲဆောင်မှူရှိတယ်....