သရက် နှင့် တမာ
ကျွန်တော် မနက် အိပ်ရာထ၊ မျက်နှာသစ်သောအခါသူ့အသံကိုကြားရသည်။ အသံအောင်အောင်ဖြင့် ရပ်ကွက်အတွင်းရှိ နှစ်လမ်း အကျော်လောက်ထိ ကြားရအောင် အော်တတ်သည်။ ဤသည်မှာ နေစဉ်နေ့တိုင်း။ သူလာလျှင် ဟိုအိမ်၊ သည်အိမ်မှ အသီးသီးထွက်လာကြပြီး အလုအယက်ပင် သူ့ကိုခေါ်တတ်သည်။ တစ်ခါတစ်လေလည်း သူလာတာနောက်ကျလျှင် ထွက်၍ မျှော်ရသည်။လည်းရှိသည်။ လာပြီဆို အလုအယက်။ သူအရင်ခေါ်တာ၊ ငါအရင်ခေါ်တာ စသဖြင့် ဟိုအိမ်၊ သည်အိမ်မှ အငြင်းအခုန်လည်းဖြစ်ကြသည်။ သို့သော် အားလုံး အဆင်ပြေပါသည်။ သူဖန်တီး ဖြည့်ဆည်းပေးလိုက်သည်နှင့် အေးအေးချမ်းချမ်း ဖြစ်သွားကြသည်။
ကျွန်တော်တို့အိမ်နှင့် မလှမ်းမကမ်းတွင် လမ်းထောင့်ကျယ်ကျယ်ကွက်လပ်တစ်ခု ရှိသဖြင့် မနက်အစောပိုင်းနှင့် ညနေပိုင်းများတွင် ကာလသားများ ခြင်းခတ်ခြင်း၊ ဘောလုံးကန်ခြင်း များရှိတတ်သည်။ ဤသို့ ကာလသားများ ၏ကစားဝိုင်းများရှိပြီဆိုလျှင်တော့ ကစားသူများအတွက် ကိုယ်တာကို သူက ချန်ထားပေးရသည်။ သို့မဟုတ်လျှင် ကစားသူများအနီးရောက်လာပြီး သူတို့အတွက်မပါလျှင်တော့ ကစားသူများက ၀ိုင်းဝန်းဆူပူကာ အော်ဟစ်ပေတော့မည်။ ထိုသို့သောအခါမျိုးတွင် သူသည် ပြုံးဖြီးဖြီးကြီးဖြင့် အားလုံးကို ချော့မော့ကာပြောရသည်။
"ဟိုဘက်က အတင်းယူသွားလို့ပါကွာ မင်းတို့အတွက်ချန်ထားပါတယ်၊ ငါအမြန်ပြန်လာခဲ့မယ် မကြာပါဘူး" ဆိုပြီးခပ်သုတ်သုတ်ထွက်သွားတတ်သည်။ ရေသန့်ပုံးများ တင်ပြီး လှည်းတွန်းကာ သူပြန်လာသည်ကိုမြင်သည်နှင့် ကစားပွဲကို ခဏရပ်ကာ အနားယူတတ်ကြသည်။ ထိုအချိန်တွင်တော့ ပြီးခဲ့သည့်ညက ဘောလုံးပွဲတွေအကြောင်း၊ ပွဲစဉ်တွေအကြောင်း၊ ကစားသမား အပြောင်းအရွှေ့နှင့် ဈေးနှုန်းတွေအကြောင်း သူပါပါဝင် ဆွေးနွေးတတ်သည်။
သူ့အသက်မှာ လေးဆယ်ကျော်လောက်ရှိမည်ထင်သည်။ ခန့်မှန်းကြည့်ရလျှင် လေးဆယ့်ငါး၊ လေးဆယ့်ခြောက်လောက်ရှိမည်။ "ကျွန်တော်က အညာသားဗျ၊ မကွေးမှာမွေးတာ မကွေးဇာတိ" ဟု တစ်ခါတစ်ရံ သူပြောသည်ကို ကြားဖူးသည်။ အညာသားဟု ဆိုသော်လည်း ကျွန်တော် တွေ့ဖူးသော အညာသား များလို အသားမညိုပါ။ သူ့အသား အရည်မှာ ၀ါဝင်းနေသည်။ တစ်ခါတစ်လေ သူ့အဖေနှင့်အမေတို့ သူ့ဆီသို့လာလည် သည်ကို တွေ့ဖူးပါသည်။ သူတို့သည်လည်း အသားအရည်ညိုသူများ ဖြစ်ကြပါသည်။ တစ်ခါတစ်ရံ အသားအရည်အကြောင်းနှင့် ပတ်သက်ပြီး သူနှင့်ကျနော်တို့ စကားစပ်မိပြီးပြောကြရင်းမှ သူ့ကို "ကြားကား" ဟု စနောက်မိသောအခါ မျက်နှာနီ၍ ရှက်တတ်သေးသည်။ ကျွန်တော်တို့ တစ်ဝါးဝါးနှင့် သဘောကျနေသည်ကို တွေ့သောအခါ…
" မင်းတို့တော်တော် မကောင်းတဲ့ဟာတွေ ငါဈေးတက်လိုက်ရမလား " ဟု ပြောသဖြင့်… ကျွန်တော်တို့ကလည်း အားကျမခံပြန်၍..
" မင်းတို့ xxxxx တော်တော်မကောင်းတဲ့ဟာတွေ xxxx
ငါxxxx ဈေး xxx တက်လိုက်ရမလား xxxx ဈေး xxxxxx တက်လိုက်ရမလား xxxx
ဈေးတက်လိုက်ရမလား"
ဟု ထူးအယ်လင်း ဆိုပေါက်ဖြင့် " ဖုန်းဆက်လိုက်ရမလား" သီချင်း ဆိုသလို သူ့စကားကို နင်းပြီး ပြန်၍ လှောင်ကြသော အခါ သူပါ သဘောကျ၍ ကျွန်တော်တို့ဆိုသည်ကို တစ်ဟားဟား ထိုင်ရယ်နေသည်မျိုး ရှိဖူးသည်။
ရပ်ကွက်အတွင်းရှိ လူများတွင် သူနှင့် မသိသည့် သူဟူ၍ မရှိ။ အားလုံးလိုလို သူ့ကိုခင်ကြသည်။ သူနှင့် အခင်ဆုံးဟု ဆိုရမည့် သူ့အခေါ် " ဘော်ဘော်ကြီး " ဆိုသည့် မိတ်ဆွေမှာ ရပ်ကွက်အတွင်း လှည့်လည်ကာ အဟောင်းပစ္စည်းများကို ၀ယ်ယူသည့် မုတ်ဆိတ်မွှေးရှည် ကုလားပင်ဖြစ်တော့သည်။ ထိုကုလား၏ အသက်မှာ သုံးဆယ့်ငါး ၀န်းကျင်ရှိတော့မည့်ထင်သည်။ မုတ်ဆိတ်မွှေးနှင့် ပါးသိုင်မွှေးများကို အရှည်ထားသော်လည်း နှုတ်ခမ်းမွှေး ကိုကား ပြောင်အောင် ရိတ်ထားလေသည်။ ပဲဟင်းဖြင့် ထမင်းစားလျှင် နှုတ်ခမ်းမွှေးများ ပေပွမှာစိုး၍ထင်သည်။ ဆံပင်ကေမှာဒွေးကေဖြစ်သည်။ ပကျမာကွတ်တားခေါ် ချည်ထည်ဖြင့် ချုပ်ထားသည့် လည်ဂတုံး၊ အကျီ င်္ လက်ရှည်ကိုဝတ်ထား ကာ ထိုအကျီ င်္ကား အပြင်ကိုထုတ်ဝတ်ထားသဖြင့် ပေါင်လည်လောက်ထိ ရှည်နေလေသည်။ ကြည့်ရသည်မှာ ဘယ်လိုမှ စတိုင်မကျ။ သူရပ်ကွက်အတွင်းဝင်လာပြီဆိုသိပ်သိသာလှသည်။ သူ့ အော်သံက တစ်ခြား အဟောင်းဝယ်သူများလိုပုံမှန်မဟုတ်။ နောက်တောက်တောက်၊ ပြောင်တောင်တောင်၊ တစ်ခါတစ်လေလည်း ပျက်ချော်ချော်နိုင်လှသည်။
" အကြွေ………..ဇိ တွေဝယ်ဒယ်၊ ရောင်းမလား ၀ယ်ဒယ်၊ ရောင်းရင် ၀ယ်တာပေါ့ မရောင်းရင်လည်း အတင်းမ၀ယ်ဘူး၊ ကက်ဆက် အဟောင်းအစုတ်တွေရှိလား၊ ရှိရင်ရောင်းပစ်လိုက် အိမ်မှာအမှိုက်ရှုပ်တယ်၊ အဟောင်းတွေဝယ်တာ၊ တိုင်ကပ်နာရီအဟောင်းတွေ ၀ယ်တာ၊ တီဗွီအပျက်တွေဝယ်တာ၊ ၀ယ်တာ၊ ၀ယ်တာ၊ ရောင်းမှဝယ်တာ။"
အဲ့ဒီ့လိုပုံမကျ ပန်းမကျ ကပေါက်တိကပေါက်ချာ၊ နောက်တီးနောက်တောက် အော်ကာ အ၀ယ်ထွက်လာလေ့ရှိသည်။ ကျွန်တော်တို့ရပ်ကွက်အတွင်း ရောက်ပြီဆိုလျှင်တော့ မနက်ပိုင်း ဘောလုံးကစားသူများနှင့်လည်းသူတစ်ခါတစ်လေ ၀င်ကစားလေ့ရှိသည်။ ခြင်းခတ်သူများနှင့်လည်း ၀င်ခတ်ချင်ခတ်လေ့လည်းရှိသည်။ ပြီးလျှင်တော့ သူ့အဖော် ကျွန်တော်တို့ရဲ့ အညာသားကြီး နှင့်စကားလက်ဆုံကျနေလေ့ရှိသည်။ သူတို့စကားတွေက ဘောလုံးပွဲအကြောင်းမှ စ၍ နိုင်ငံရေးအကြောင်းလည်းပါသည်။ စာအကြောင်းပေအကြောင်းလည်း မတောက်တခေါက်ပါ၍ သူ့ဘာသာ ကိုယ့်ဘာသာ အကြောင်းလည်း ပါသည်။ ကျွန်တော်တို့အညာသား ကြီးကလည်း ထိုအဟောင်းဝယ်ကုလားနှင့် လက်ဆုံကျလျှင် အဲ့ဒီ့ကုလားရဲ့ဘာသာအကြောင်းကို နှံနှံစပ်စပ်မေးတတ်သည်။ ထိုကုလားကလည်း ဗုဒ္ဓဘာသာအကြောင်းကို အကုန်မေးတော့သည်။ ကျွန်တော်တို့အညာသားကြီးကလည်း ထိုကုလား၏ ဘာသာအကြောင်းကို အတော်ပင်တီးခေါက်မိသလို။ ထိုကုလားမှာလည်း သံဗုဒ္ဓေ တို့၊ မေတ္တာသုတ်စသည်တို့ကို ပိုင်နိုင်စွာ ရွတ်ဆိုတတ်လေသည်။ ပြုံးစရာကောင်းပေ၏။ တစ်ခုသတိပြုမိသည်မှာ သူတို့နှစ်ယောက်ဆုံလိုက်တိုင်း မည်သည့်အကြောင်းအရာကိုပင် စတင်ပြောဆိုဆွေးနေသည်ဖြစ်စေ နောက်ဆုံးတော့ ဘာသာရေး အကြောင်းများတွင်အနည်ထိုင်လေသည်။
သူတို့နှစ်ယောက်တွင် တစ်ယောက်က အညာသား ဗုဒ္ဓဘာသာ၊ တစ်ယောက်က ကုလား၊ ထိုကုလား၏ ဘာသာ ကိုတော့ ကျွန်တော်တို့ ရေရေလည်လည်မသိ။ ကျွန်တော်တို့အညာသားကြီးကတော့ သိလိမ့်မည်ထင်သည်။ ကျွန်တော်တို့မသိသည်မှာလည်း အဆန်းမဟုတ် ထိုကုလားနှင့် မခင်မိ၍ပင်။ သူ အ၀ယ်လာတိုင်း ဖြတ်သွားဖြတ်လာဖြင့် အော်ဟစ် ပြောင်လှောင်လေ့ရှိသော်လည်း ရေရေလည်လည် သူ့ကိုခင်မင်မိခြင်းမရှိ။ ကျွန်တော်တို့အညာသားကြီးသာပင် သူ့ဘော်ဒါစစ်စစ်ဖြစ်လေသည်။
သူတို့နှစ်ယောက်တွင် တစ်ယောက်က အညာသား အသားဖြူသူ၊ တစ်ယောက်က ဘာသာခြား၊ လူမျိုးခြား အသားညိုညိုကုလား ဖြစ်လေသည်။ တစ်ယောက်က ဂျိုးဖြူ ရေသည်၊ တစ်ယောက်က အဟောင်းဝယ်ကုလား။ မည်သို့ပင် မနက်လင်းတာနဲ့ "ဂျိုးဖြူ………………………….ရေ" ဟု သံရှည်စွဲကာ အော်တတ်သည့် သူတစ်ယောက်နှင့် နေနည်းနည်းမြင့်သည်နှင့် ရောက်လာတတ်သည့် " ၀ယ်တာ ….၀ယ်တာ…အဟောင်းတွေ ၀ယ်တာ ၊ ပျက်မှဝယ်တာ…၊ ဟောင်းမှ …၀ယ်တာ " ဆိုသည့် မုတ်ဆိတ်မွေးရှည် ကုလား တို့သည် ဘော်ဒါကြီးတွေဖြစ်ကြသည်။ ယဉ်ကျေးမှု့မတူ၊ စရိုက်မတူ၊ အသက်မွေးပုံခြင်းမတူ။ ဆင်ယင်ထုံးဖွဲ့ပုံမျိုးလည်းမတူ။
သရက်သီးသည် ချိုချဉ်သော အရသာရှိပါ၏၊ တမာညွန့်တို့သည်လည်း ခါးသက်သောအရသာရှိပါ၏။ ကျွန်တော်တို့ ရေသည် အညာသားကြီးသည် သရက်ပင်နှင့်တူသည်လော၊ မုတ်ဆိတ်မွှေးရှည် အဟောင်းကုလားသည် တမာပင်လော ကျွန်တော်မသိပါ။ တစ်ခုသာရှိသည်။ သူတို့နှစ်ယောက်သည် သရက်ပင် နှင့် တမာပင် ကပ်လျှက်စိုက်ထားသည်နှင့် တူလေသည်။ သရက်သီးသည် ချိုချဉ်၍ တမာညွန့်ကား ခါးပါပေလိမ့်မည်။
ကျော်ညိုသွေး

Comments