ဆိုက်ဘာ ကဖေးမှာ

cyber


တစ်နေ့တစ်နေ့ အဆင်မပြေ အချိုးမပြေတာတွေထိုင်ပြောနေရရင် ပြီးတော့မှာလည်းမဟုတ်ဘူး။ လူတွေအကြောင်းကို ထိုင်ပြောနေရင်လည်း တစ်နေ့တစ်နေ့ထမင်းစားချိန်နဲ့ အိမ်သာတက်ချိန်တောင်ရှိမှာမဟုတ်ဘူး။ ကိုယ့်စိတ်နဲ့မကိုက်တာတွေကလည်း အများသား။ လူတွေရဲ့စပ်စုချင်စိတ်နဲ့ အလိုက်မသိတတ်မှု့တွေ၊ ကိုယ်ချင်းမစာတတ်မှု့တွေကလည်းပြောရင်ကုန်နိုင်မှာမဟုတ်ဘူး။ အဲ့ဒိထဲကမှ အင်တာနက်ဆိုင်မှာ ဖြစ်ရတဲ့ ပေါက်ကရလေးဆယ်သော အချိုးမပြေတဲ့ဟာတွေကလည်းရှိသေးတယ်။ တစ်နေ့တစ်နေ့ အင်တာနက်ကိုမသုံးမဖြစ်လို့ သုံးနေရပြီဆို အင်တာနက်ဆိုင်မှာ မြင်ရ ကြားရ တွေ့ရတဲ့အဖြစ်တွေက တော်တော်ကို စိတ်ညစ်စရာကောင်းလှတယ်။

ရန်ကုန်မှာ 2002 လောက်ကတည်းက အင်တာနက်ဆိုင်တွေက ဟိုတစ်စဒီတစ်စကနေ ဖြစ်ထွန်းလာလိုက်ကြတာ။ အခုဆို လူငယ်အတော်များများက လက်ဖက်ရည်ဆိုင်ထိုင်တဲ့သူတွေထဲက တစ်ချို့ တစ်ဝက်က အင်တာနက်ဆိုင်မှာထိုင်တတ်လာကြတယ်။ အများစုကတော့ pop ပါပဲ။ chatting နဲ့ social network site တွေထဲမှာပဲအရှိန်တက်နေကြတာပေါ့ ။ ထားပါတော့ ။ အဲ့ဒါတွေရဲ့အကျိုးအပြစ်လည်း မပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဘလောဂ့်အတော်များများနဲ့ ဖိုရမ်တွေမှာ ရေးသားဆွေးနွေးတာတွေရှိခဲ့တော့ ပြောရတာသိပ်ရိုးသလိုတောင် ဖြစ်နေပြီ။ မပြောတော့ဘူး။

အဓိကပြောချင်တာက ဆိုက်ဘာကဖေးများမှာရှိတဲ့ စက်အသုံးပြုသူတွေရဲ့ Pravicy အကြောင်းကိုပါ။ အတော်များများဆိုက်ဘာကဖေးများကတော့ computer အများစုကို နံရံနဲ့မျက်နှာချင်းဆိုင်ထားတဲ့အတွက်ကြောင့် သိပ်ကိစ္စမရှိပါဘူး။ တစ်ချို့ဆိုင်တွေကျတော့ နေရာအခက်အခဲ အတွက်ကြောင့်ရယ် တခြားအဆင်မပြေမှု့တွေကြောင့် ကွန်ပြူတာတွေကို နံရံကိုကျောပေးပြီး ကွန်ပြူတာများများဆံ့အောင်လုပ်ပြီး စက်သုံးသူတွေကိုကျောပေးခိုင်းထားရတဲ့ ဆိုင်တွေဆိုရင်တော့ ပြဿနာရှိပါတယ်။ အဲ့ဒါကတော့ တစ်ခြားမဟုတ်ဘူး။ စက်သုံးသူတွေနောက်က လာကြည့်တဲ့ သူတွေရှိခြင်းကြောင့်ပါပဲ။

အင်တာနက်ဆိုင်သီးသန့်ဖွင့်တဲ့ ဆိုင်ဆိုရင် အဲ့လိုကိစ္စတွေမရှိပေမယ့်။ Network Game နဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေဆိုရင်တော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အင်တာနက်ဆိုင်ထိုင်ပြီဆိုရင် အင်တာနက်သုံးရင်း သီချင်းနားထောင်ချင်လည်း နားထောင်နေမယ်။ စက်ထဲမှာရှိတဲ့ MTV သီချင်းတွေကြည့်ချင်လည်းကြည့်နေမယ်။ အဲ့ဒါမျိုးအချိန်တွေမှာ နောက်ကနေစပ်စပ်စုစု လာပြီး ပြူးတူးပြဲတဲကြည့်တာမျိုးဆိုရင် ကိုယ်ကိုယ်တိုင်အနေနဲ့လည်း မုန်းပါတယ်။ သူများတွေလည်း စိတ်အနှောက်အယှက်ဖြစ်ရမယ်လို့ထင်မိတယ်။ ကိုယ့်စိတ်ကိုက နဂိုတည်းက တစ်ယောက်တည်းနေတဲ့ စရိုက်ရှိတဲ့အပြင် ရှုပ်ထွေးအုံဖွဲ့တာမျိုးကိုမကြိုက်လို့ အင်တာနက်ဆိုင်ကို လာထိုင်ပြီး လုပ်စရာရှိတာလေး တိတ်ဆိတ်ငြိမ်သက်စွာ လာလုပ်ပါတယ်ဆိုမှ အဲ့လိုမျိုးကိုယ့်အနားမှာ လာရပ်တာတို့ လာကြည့်တာတို့လုပ်ရင် အတော်ဒေါသထွက်ပါတယ်။

တစ်ချို့ကလည်း အလိုက်မသိလို့လုပ်တာ။ တစ်ချို့ကလည်း မသိတတ်လို့လုပ်တာ အမျိုးမျိုးရှိမှာပေါ့။ဘာပဲဖြစ်ဖြစ် အဲ့လိုအခြေအနေမှာ ဘယ်သူမဆို Chatting သမားကစလို့ အင်တာနက်ဆိုင်မှာ စာလာရေးတဲ့ ၊ စာလာပို့တဲ့ စာရေးသားသူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ကအစ အလုပ်ကိုဘယ်လိုမှ Concentration လုပ်လို့မရပါဘူး။ အင်တာနက်သုံးတယ်ဆိုတာ စာဖတ်တာထက်ကိုပိုပြီး အာရုံစူးစိုက်ရတဲ့အလုပ်ပါ။ စိတ်ကြည်လင် လန်းဆန်းပြီး အေးဆေးနေရင် ဘယ်လောက်ကြာကြာ ထိုင်ထိုင် ပင်ပန်းတယ်ဆိုတာ မေ့လျော့နေတတ်ပေမယ့်။ စိတ်အနှောက်အယှက်တစ်ခုခုနဲ့ တွေ့ရပြီဆိုရင်တော့ အလွန် စိတ်ပင်ပန်းရပါတယ်။ ဒါကလည်းကိုယ်ကိုယ်တိုင်က အင်တာနက်သုံးနေတဲ့ သူတွေထဲမှာ အပါအ၀င်မို့ပါ။

လူတွေကလည်းတစ်မျိုးပဲ သူများအရေးကိစ္စဆိုရင် သိပ်ကို စပ်စုချင်ကြတာကလား။ မိမိအတွက် အကျိုးရှိရှိမရှိရှိမသိ။ သူများအတွက် အကျိုးရှိရှိမရှိရှိလည်း မသိ။ ကိုယ်လုပ်ချင်တာ ကိုပဲမသိတတ်ကြပဲ လုပ်နေကြတာဆိုတော့လည်း ခက်တယ်။ ပြောမှသိတာမျိုးကြတော့လည်း မကောင်းဘူး။ ကားပေါ်မှာ စပါယ်ယာ လက်တို့တောင်းသလိုဖြစ်နေမှာပေါ့။

နောက်တစ်ခု ကြုံတွေ့ရတာကတော့ ဂိမ်းကစားသူတွေ အများအပြား လာရောက်တတ်တဲ့ ဆိုက်ဘာကဖေးတွေမှာပါ။ အဲ့ဒိလို ဆိုက်ဘာကဖေးတွေမှာ ဆို ဂိမ်းသမားတွေက Dota Game ကိုအုပ်စုဖွဲ့ကာ အော်ဟစ် ကစားလေ့ရှိပါတယ်။ အဲ့ဒိအခါမျိုးမှာ ဘေးမှာ အင်တာနက်သုံးသူများ ရှိရင်၊ အင်တာနက်ဖုန်းပြောသူများ ရှိရင် အတော်ဆိုးဆိုးရွားရွားကို စိတ်ပျက်စရာ ကောင်းလှပါတယ်။ ပြီးတော့ရှိသေးတယ် တစ်ချို့ အင်တာနက်ဖုန်းပြောသူတွေကလည်း ရန်ဖြစ်သလို ဖုန်းပြောတာမျိုးတွေလည်း ရှိကြသေးတယ်။ သာမာန်စကားပြောတဲ့လေသံ ထက် နည်းနည်းနိမ့်တဲ့အသံမျိုးနဲ့ စကားပြောရင်တောင် ကော်နက်ရှင် သာမာန်ရှိချိန်တွေမှာကြားရတဲ့ အင်တာနက်ဖုန်းကို အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ်လောက် ကြားရအောင် ပြောနေတာတွေ ကျတော့လည်း ဘယ်လိုမှကိုယ့်စိတ်နဲ့ လိုက်လျောညီထွေမဖြစ်သလို။ တစ်ခြာသော အသုံးပြုသူများအတွက်လည်း အဆင်ပြေမှာမဟုတ်တာက သေချာတယ်။

အဲ့ဒါကို ဆိုင်ပိုင်ရှင်တွေကလည်း လေ့လာပြီး ဂရုစိုက်သင့်တယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Customer တွေ pravicy အပြည့်အ၀နဲ့ စက်သုံးချိန်ရရှိခြင်းဟာလည်း Satisfaction အပြည်အ၀ရရှိခြင်းကို ဖြစ်ပေါ်စေဖို့ထဲမှာ ပါတယ်လေ။ ဖုန်းပြောဖို့အတွက်နေရာသီးသန့်ထား တာမျိုးလုပ်သင့်သလို၊ Network Game နဲ့ အင်တာနက်ကဖေးဆိုင်ကိုလည်း တွဲဖွင့်မယ်ဆိုရင် အတော်လေးစဉ်းစားရပါလိမ့်မယ်။ အင်တာနက်သုံးသူနဲ့ ဂိမ်းကစာသူတွေ သဟဇာတ ဖြစ်ဖို့ကမလွယ်လို့ပါ။ အဲ…ကိုယ့်ဆိုင်က အင်တာနက်အသုံးပြုသူများပြီး ဂိမ်းကစားတဲ့သူသိပ်မရှိရင်တော့ ကောင်းတာပေါ့လေ။

အခု ရန်ကုန်က ဆိုက်ဘာကဖေးများရဲ့ အနေအထားနဲ့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ပြောရရင် pravicy မရှိပဲဖြစ်နေတဲ့ ဆိုက်ဘာမျိုး၊ ဂိမ်းကစားသူတွေသိပ်များတဲ့ ဆိုက်ဘာကဖေးမျိုးနဲ့။ အင်တာနက်ကဖေးမှာ ကျွမ်းကျင်ဝန်ထမ်းနည်းတဲ့ ဆိုက်ဘာတွေဆိုရင် ထိုင်ဖြစ်မှာမဟုတ်တာသေချာတယ်။ အထူးသဖြင့်ကတော့ ဆိတ်ငြိမ်အေးချမ်းဖို့ရယ်။ Connection အသင့်အတင့်ကောင်းမွန်ဖို့ရယ်။ pravicy ရှိရင် မဆိုးလှပါဘူး။ ဒါမှမဟုတ်ရင်တော့ အညံဆုံးဆိုက်ဘာကဖေးဆုကို Customer တွေက ပေးသွားမှာ အသေအချာပါပဲ။


Reblog this post [with Zemanta]

Comments

အင်း မှန်ပါတယ် ကိုဂစ်တာရေ
စိတ်မပူပါနဲ့
နောက်မကြာခင် ကိုဂစ်တာ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး သုံးနိုင်တော့မှာပါ
စောင့်တော့စောင့်ရလိမ့်မယ် အစ်ကိုရေ ဟာဟ...
ပျော်ရွှင်ပါစေ
ဟုတ်ပါတယ်
တချို့ကတော့ စပ်ကိုစပ်စုတတ်တာ ..
တင်ပြပုံလေးတွေကောင်းတယ်။ ဆိုက်ဘာကဖေး ပိုင်ရှင်နဲ့ ၀န်ထမ်းတွေ သိသင့်သိထိုက်ပါတယ်။ စပ်စုတတ်တဲ့လူတွေကိုလည်း စိတ်ပျက်မိပါတယ်။ နေရာတိုင်းမှာ အဲလိုလူမျိုးတွေက များသား။ privacy အချက်တွေကို သူတို့နားလည်ထားရမယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး