အလွင့်အမျော


ထားလိုက်တော့ဟေ့ စိတ်နဲ့အစေးမကပ်တဲ့လှိုက်မောမှု့တွေ
ဦးတည့်ရာပြေးလိုက်တော့ဟေ့ ခြေဖနောင့်က ကမ္ဘာမြေကြီးကိုတွန်းနိုင်သမျှ
လူဘ၀မှာ နောက်ကလိုက်ရတဲ့ အဖြစ်ရယ်
စိုးရွံ့စွာ ရှေ့ကပြေးရတဲ့ အဖြစ်ရယ်…။
အခုတစ်ခါတော့ စိတ်လိုလက်ရ ပျော်သလောက်သာပြေးနေတော့လေ…။
ဘေးနားမှာတစ်ရိပ်ရိပ် သစ်ပင်တွေ၊ မြင်ကွင်းတွေ၊ ဓါတ်တိုင်တွေ၊ ခြံစည်းရိုးတွေ
မောလာရင်ပစ်လှဲကာချလိုက်တော့။

ထားလိုက်တော့ဟေ့..။
အလိုရှိတာ လုပ်ယူလို့ရချင်မှရတဲ့ လောကကြီးမှာ
ထားခဲ့တော့ဟေ့…။
ငါ့မျက်နှာငါမြင်ရဖို့ ပြဒါးချပ်တွေကို မရှာတော့ဘူး
အနားမသတ်တဲ့လောကကြီးလို ငါ့အတ္တကလုံးတီးချော်။

စိတ်လွတ်ကိုယ်လွတ် လက်ကိုမြှောက်
စိတ်ရှိတိုင်းအော်…
စည်ဝါးမကိုက်လည်း ငါ့ကိုငါလည်းအပြစ်တင်ဖို့မလိုတော့
မြင်သမျှတွေက အတွေ့ခဏပဲ စိတ်ထဲမထားနဲ့ လွှတ်လို့ချ
ပြန်စရာမရှိတော့တဲ့ခဏ
ပြင်စရာမရှိတော့တဲ့ခဏ
နေစရာမရှိသလို သေစရာမသိသလို
ဝေဒနာအသိကို ရေထဲမျောလိုက်တော့။

နာသည်မရှိ၊ သာသည်မရှိ
ဝေဒနာမရှိ၊ ဖြေစရာမရှိ
ဘယ်အရာကိုမှလည်း အသေအချာမကြည့်။
ကာလသုံးပါးနဲ့ ဝေးကွာစွာပဲ မျောလွင်နေသော မြူလိုအခိုး။

စိတ်တိုင်းကျခြင်းမကျခြင်းတွေလည်း လက်ထဲကလွှတ်
ကပ်ငြိခြင်းတွေအားလုံးကလည်း စွန်ကြိုးပြတ်လို လွတ်။

မဲ့ခြင်း၊ မမဲ့ခြင်း၊ တည့်ခြင်း၊ မတည့်ခြင်း
ထည့်သွင်းစဉ်းစားခြင်းများအားလုံး အရည်ပျော်သွားတဲ့ တိမ်တိုက်တစ်ခုလို
ဖြစ်နေလို့ပေါ့။

ကိုယ့်အဖြစ်ကိုယ်လည်း တောင်ရောက်မြောက်ရောက်
တွေးတောမနေ၊
ချွေးဇောပြန်နေတာတွေအားလုံးလည်း ဂရုစိုက်ခြင်းမှကင်းဝေး။
လေထဲမြောက်တက်၊ အောက်ပြန်ကျလိုက်
နိမ့်မြင့်နီးဝေး။

ငါ့ရဲ့စိတ်နဲ့ငါခန္ဓာကိုယ် ကပ်လိုက်မကပ်လိုက်
ကိုယ်ပြူသမျှကိုယ့်ကံအခြေအနေ
တွေဝေခြင်းတွေဝေးနေ
ငါ့ဟာငါလည်း ငါမှန်းသိခြင်းသိလားမသိလား
သိလည်းမသိ။

ငါဟာစိတ်လိုလက်ရ ထားလိုက်တယ်
စိတ်နဲ့အစေးမကပ်တဲ့လှိုက်မောမှု့တွေ
အနားမသတ်တဲ့ ဟောဒီ့ကမ္ဘာကြီးလို
လုံးတီးချော်။

ကျော်ညိုသွေး




Comments

"အလွင့်အမျော" ကဗျာလေးကို
လွင့်လွင့်မြောမြော ခံစားသွားပါတယ်။
khin oo may said…
လာခံစားဖတ်တယ်။အေးချမ်းပါစေ။
အနမ်း said…
ကပ်ချင်ရင် ဆင်ကော်ယူမလား။း))
အလွင့်အမျောလေး လာဖတ်သွားတယ်။ ဖတ်သူတောင် လွင့်ချင်ချင်ပဲ။
အဆင်ပြေပျော်ရွှင်ပါစေ။

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး