ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မိုးရာသီအက်ဆေး




မိုးရာသီသို့ ရောက်ပြီဟု ပြောစရာမလိုအောင်ပင် လမ်းမတစ်လျှောက်တွင် မှိုပွင့်ရောင်စုံများ ပေါက်နေသည့်နှယ် ထီးရောင်စုံတို့ဖြင့် သြဂုတ်လ ရောက်ကာစ အချိန်သမယတွင် လူအမျိုးမျိုး တို့နေစဉ် ၀တ္တရားအဖုံဖုံတို့ဖြင့် သွားလာ လှုပ်ရှား လျှက်ရှိနေကြသည်ကိုး။

လူအမျိုးမျိုးတို့တို့သည် ရာသီအမျိုးမျိုးတို့တွင် မွေးဖွားရခဲ့ကြရကား ကျွန်တော်သည်လည်း မိုးရာသီ၏ မိုးများသည်းထန်စွာ ရွာသွန်းလျှက် ရှိခြေသော ညနေပိုင်းတွင် မွေးဖွားလာခဲ့ရသည်ဖြစ်သောကြောင့် မိုးနှင့် ကျွန်တော် ကျွန်တော်နှင့် မိုးသည် မစိမ်းလှပေ။ သို့သော် ကျွန်တော်သည် မိုးရာသီကို မကြိုက်။ နွေရာသီနှင့် ဆောင်းရာသီ တို့ကိုပင် သာ၍နှစ်ခြိုက်လေသည်။ နွေရာသီကား ကျောင်းနေစဉ် အရွယ် တွင် နှစ်တစ်နှစ်၏အဆုံးသတ် အားလပ်ရက်များဖြစ်သော ကြောင့် လွတ်လပ်ခြင်းအတိဖြင့် ဖြစ်နေသောကြောင့်ပင်။ ထိုအချိန်၌ ဟိုဟိုဒီဒီခရီးတိုလေးများလည်း ထွက်နိုင်သေးသလို။ သူငယ်ချင်းအပေါင်းအသင်းများနှင့်လည်း လွတ်လပ်ပျော်ရွှင်စွာ ကစားခုန်စားလည်းပြုလုပ်နိုင်ပေသေးသည်။

ဆောင်းတွင်းမှာကား ပို၍ နှစ်သက်သော ရာသီဥတုပင်ဖြစ်လေတော့သည်။ စိုစိုစွတ်စွတ်လည်းမရှိ။ ဗွက်လည်းမထ။ နွေရာသီကဲ့သို့ မပူလောင်ပဲ အေးအေးချမ်းချမ်းလည်းရှိလေသည်။ ညနေပိုင်းတွင်ကား သူငယ်ချင်းများနှင့် လမ်းလျှောက်ထွက်ရခြင်း။ စက်ဘီးစီးရခြင်း။ ဘောလုံးကန်ရခြင်း များကို ပျော်ပျော်ပါးပါး ပင်လုပ်နိုင်လေသည်။ တစ်ခုသာရှိ၏။ အကြောင်းမှာ အထက်တန်းကျောင်းသားဘ၀တွင် ဆောင်းတွင်း၌ မနက်အိပ်ရာထ နောက်ကျခြင်းကြောင့် ကျောင်းနောက်ကျတာမျိုးတော့ ကြုံရလေသည်။ မည်သို့ဆိုစေ ကျွန်တော့်ငယ်ဘ၀တွင် ကား နွေရာသီနှင့် ဆောင်းရာသီကိုကား လွန်စွာမှပင် မက်မောခဲ့ရဖူးသည်။

ငယ်ငယ်ဘ၀ကျောင်းတက်စဉ်တွင်ကား မိုးရာသီတွင်ကျောင်းစတက်ရပြီး ဆောင်းတွင်းတွင် အေးအေးချမ်းချမ်းဖြင့် စာသင်ရပြီး၊ နွေ စခါစတွင် စာမေးပွဲပြီးဆုံးကာ အားလပ်ရက်များရသောကြောင့် ဆောင်းနှင့်နွေကို အကဲပိုခဲ့ခြင်းဖြစ်လိမ့်မည်။ယူဆရလေသည်။ လူအများစုက ပြောလေ့ရှိသည်မှာ ရာသီသုံးခုထဲတွင် မိုးနှင့် နွေသာ ရှိပြီး ဆောင်းတွင်းသည်ကား သိပ်အချိန်ကြာကြာမခံစားလိုက်ရပေ။ ထိုအပြင် မိုးတွင်းကာလသည်လည်း နွေထက်ပင်ပို၍ရှည်ကြာလေရာ ကျွန်တော်တို့အများစုထိတွေ့ခံစားရသည်မှာလည်း မိုးရာသီပင်ဖြစ်တော့သည်။ အကောင်းဘက်မှတွေး၍ ဆိုရလျှင် မိုးရာသီ၌အသွားအလာ မလွတ်လပ်ရုံမှလွဲ၍ သိပ်မဆိုးလှပေ။ ရာသီဥတုမှာလည်းပူပြင်းလောင်မြိုက်ခြင်းမရှိပဲ၊ ပတ်ဝန်းကျင်မှာလည်း စိမ်းစိုလန်းဆန်းနေသည့်မြင်ကွင်းမျိုးကိုတွေ့ရလေသည်။ အဘယ်ကြောင့်နည်းဟု ကိုယ့်ကိုယ်ကို သုံးသပ်၍ပင်မရလိုက်ပဲ ကျွန်တော်သည် ရာသီတို့ကို လက်ခံလာနိုင်ခဲ့ခြင်းမှာ တွေးဆ၍မရ။ မည်သည့်ရာသီဥတုတွင်ဖြစ်စေ လက်ခံနိုင်စွမ်းရှိလာခြင်းမှာ ရင့်ကျက်မှု့နှင့်ပင်ဆိုင်နေလိမ့်မလားမသိချေ။ အသက်အရွယ်ကြီးရင့်လာမှု့နှင့်လည်းသက်ဆိုင်လိမ့်မည်ဟု တွေးမိသည်။ နွေဆိုလျှင်လည်း နွေအလျှောက်၊ မိုးဆိုလျှင်လည်း မိုးအလျှောက် ဆောင်းတွင်းရောက်ပြန်လျှင်လည်း နေသားကျအောင် နေတတ်လာခဲ့ခြင်းမှာ ကျောင်းကိစ္စများပြီးစီး၍ လုပ်ငန်းခွင်သို့ ၀င်ရောက်ချိန်မှ စ၍ ဖြစ်လာခဲ့ခြင်း ဟု သို့သော် ကျွန်တော့်မှာကား ရာသီများအပေါ်ခွဲခြမ်းစိတ်ဖြာ၍ ခံစားနေဖို့အချိန် မရှိခြင်းကြောင့်၊ နိစ္စဒူဝကိစ္စများနှင့် ပြက္ခဒိန်လူသား တစ်ယောက်အဖို့ တစ်ခါတစ်လေတွင် တစ်ရာသီပြီး တစ်ရာသီအပြောင်းအလဲကိုပင် ဘာသိဘာသာဖြစ်နေလေတတ်တော့သည်။ အခုအခါတွင်တော့ မည်သည့်ရာသီမှ ပဓာနမကျတော့ ၊ အတိလှုပ်ရှားရုန်းကန်ခြင်း ဖြင့်သာအားရက်မရှိတော့ပေ။

            ဤသို့ဖြင့်ကျော်ဖြတ်လာခဲ့ရင်းမှ ယခုတစ်ဖန်လည်းမိုးရာသီသို့ ထဲထဲဝင်ဝင်ရောက်မှန်းမသိအောင် ရောက်ခဲ့ပြန်ပေပြီ။ အလုပ်နှင့် ကျွန်တော့်အိမ်သည် တစ်ကယ်တမ်းဆို မှတ်တိုင် လေးငါးမှတ်တိုင်ခန့်ဝေးလေသည်။ တစ်ခါတစ်ရံကားစီးသွားသည်။ တစ်ခါတစ်လေတွင်တော့ အိမ်နားဆိုက်ကားဂိတ်မှ နေ၍ ဆိုက်ကား စီးလေ့ရှိသည်။ ဇွန်၊ ဇူလိုင်လတွေတုန်းက ကတော့ ဆိုက်ကားစီး၍သွားလျှင် ဆိုက်ကားသွားရာ ဘေးဝဲယာကွင်းပြင်တွေသည် ဗလာအတိ ရေအပြည့်ဖြင့်သာ။ နောက်များမကြာထိုကွင်းပြင်များထဲတွင် ကျွဲနှစ်ကောင် နှင့် ထွန်တုံးတင်ကာလယ်ထွန်နေသည့် လယ်ပိုင်ရှင်ကိုတွေ့ရလေသည်။ ထိုမြင်ကွင်းမျိုးမှာ တောရွာများတွင်သာတွေ့ရလေ့ရှိသည်မို့ ဆိုက်ကားစီး၍သွားတိုင်း လည်ပြန်ငေးမိသည်။ ကျွန်တော်တို့မြို့တွင်ထိုနေရာကွက်များသာ လယ်ကွင်းဆိုတာရှိတော့သည်။ ရှားရှားပါးပါးပင်ဖြစ်၏။ မကြာပေ ကောက်စိုက်သမတို့ ကုန်းကာ ပျိုးချနေသည်ကိုတွေ့ရပြီး သြဂုတ်လထဲတွင်တော့ စပါးပင်များမှာ တစ်ပေကျော်ကျော်ခန့်ရှိနေခြေပြီ။ တစ်ခါတစ်လေ မိုးဖွဲဖွဲများကြားမှ ဆိုက်ကားစီးရင်းထိုကွင်းပြင်များကို ငေးကြည့်ရသည်မှာ ။ စိမ်းစိမ်းစိုစိုနှင့် အရသာရှိလှသည်။ ဒီနှစ်မိုးများသဖြင့် ထိုစပါးပင်များ အမြန်ပင် ကြီးထွားလာချေတော့မည်။ လယ်ပိုင်ရှင်လည်း မိုးကကောင်း လယ်ကဖြစ်ထွန်းသဖြင့် အားရ၀မ်းသာဖြစ်ချေတော့မည်ကို ကျွန်တော် ကိုယ်စားတွေးမိလေသည်။ လယ်ကွင်းစိမ်းစိမ်းနှင့် ရေဖွေးဖွေးနှင့်တ၀ိုက်သည် မိုးတွင်းမြင်ကွင်းအဖြစ် ကျေနပ်စရာအတိပင် ဖြစ်တော့သည် မိုးရွာ မှ ပျိုးသာမည် ဆိုသည့် စကားလည်းရှိသေးသည်မဟုတ်လား။ မိုးရွာလျှင်ပျိုးသာ သော်လည်း ၊ မိုးအခါ မိုးရွာသဖြင့် တစ်မျိုးတစ်ဘာသာ အာဖြင့် ဆိုးစရာတွေလည်း ရှိတာကို ကျွန်တော်တို့အိမ်ရှိရာ ရပ်ကွက်တစ်ဝိုက်တွင်လည်းတွေ့ရပြန်သေးသည်လေ။

ဒီနှစ်မိုးတွင်း မိုးများသည်နှင့်အမျှ ရပ်ကွက်အတွင်းရှိ အိမ်ရှေ့မြောင်းများမှာ ကမ်းကိုကျော်လွန်၍ အိမ်တွင်းသို့ပင်ဝင်ရောက်လာချေပြီ။ အိမ်အပြန် အိမ်ရှေ့သို့ရောက်လျှင်ရောက်ခြင်းတွေ့ရသည်မှာ ရေပြင်ကြီးပင်ဖြစ်တော့သည်။ အိမ်ထဲဝင်ရန် စိတ်မှန်းဖြင့် နဂိုက ချထားသည့်ကျောက်တုံးများပေါ်သို့ နင်းရသည် ရေပြင်ထဲတွင် သိုင်းကွက်နင်းနေရသလိုလိုပင်။ ထိုရေများမှာ  အိမ်ထဲသို့ဆက်ဝင်ရန် အင်အားမရှိတော့ကာ အိမ်ထဲသို့အ၀င် တံတားနားတွေင် အိုင်ထွန်းနေခြင်းပင်။ နောက်နှစ်ရက်သုံးရက်ဆိုသလိုပင် မိုးကား အားကောင်းကောင်းဖြင့် ရွာသွန်းလိုက်လျှင် ဤသို့ပင်ဖြစ်ချေ၏။ မြောင်းကိုကျော်လွန်ကာ တက်လာသည့်ရေများကား မိုးစဲလျှင် မြောင်းထဲတွင် အိုင်ထွန်းနေလေသည်။ တစ်ရက်လုံးလုံးပင်မိုးရွာမူကား မြောင်းထဲမှခုန်တက်ကာ တံတားပြင်တွင်လွှမ်းလျှက်သာရှိ၍ ဤသို့ဖြင့်ပင် သံသရာလည်နေတော့သည်။

            အကြောင်းမှာ တစ်ချို့သော အိမ်များသည် သူတို့ စီးပွားရေးအလို့ငှာ အိမ်ရှေ့မြောင်းများကို အပြီးပိတ်က အိမ်ရှေ့တွင် ဆိုင်တည်ကြသောအခါ သနားစရာကောင်းသော မြောင်းပုပ်ရေများမှာ အကျဉ်းချခံထားရသလို အိမ်တိုင်းအိမ်တိုင်း၏ရှေတွင်သာ ညောင်းညာကိုက်ခဲစွာ ပုပ်အဲ့နံစော်လျှက် နေကြရလေတော့သည်။ သနားစရာကောင်းလေစွသော မြောင်းပုဒ်ရေများပင်တကား။ ထိုရေများတက်လာပြီဆိုလျှင် တစ်ရက်နှစ်ရက်တွင်တော့ ဘာမှမသိသာပေ။ သုံးလေးရက်ဖြစ်လာပြီဆိုပါက မြောင်းပုပ်နံများကို ၀မ်းသာအားရပင်ရှုရှိုက်ကြရပေတော့မည်။ မခံနိုင်၍နှာခေါင်းပိတ်ထားလျှင်ကားအသက်ရှုမ၀ဖြစ်ကာ မူးဝေအော့အန်ခြင်းများဖြစ်မည်စိုး၍ ၀င်လာသမျှသော မြောင်းပုပ်နံများကို ကျေနပ်စွာခံယူကာ အလုပ်ပြန်ညနေပိုင်းများတွင် ဇိမ်ယူရလေသည်။ ထိုမျှမကသေး။ ရှိရှိသမျှသော ချိုင့်၊ ခွက်၊ မြောင်းကျို မြောင်းကြားနှင့် အိမ်ရှေ့တံတား နှင့် လမ်းပေါ်သို့ပင် တက်နေခြေသောရေများပုပ်ဟောင်လာကြသောအခါ ခြင် ဆိုသောသတ္တ၀ါများသည်။ ၄င်းတို့၏ မျိုးဆက်ပြန့်ပွားရေးအတွက် လသာတုန်းဗိုင်းငင်ဆိုသလို ရေလျှံတုန်း ဥ အု ကြတော့သည်။ လုံးလ၀ီရီယရှိသော ခြင်များပင်တကား။ ခြင်တို့၏သဘာဝအရ မျိုးပွားခြင်း မြန်ဆန်မှု့ကြောင့် မကြာမှီအချိန်တွင်း မှာပင်၊ ထောင်သောင်း၊ သိန်းသန်းချီသော ဂျက်လေယာဉ်ပျံငယ်များပျံသန်းသလို ညနေစောင်းပါက မှောင်မည်းသောနေရာတို့မှထွက်လာကြပြီး ၄င်းတို့၏အကျိုးအတွက် မှောင်မည်းတုန်း ဗိုင်းငင်ကြလေသည်။

            ကျွန်တော်တို့အိမ်သို့ လာလာပြီး ဆော့တတ်သော ကလေးငတိတစ်ကောင်ရှိလေသည်။ ထိုကလေး နာမည်ကား နိုင်လင်းအောင်ဖြစ်လေသည်။ ထိုကလေးသည် အလွန်ချစ်စဖွယ်ကောင်းပြီး အလိုက်ကန်းဆိုး သိပြီး သကာလ ၊ စောက်မှန်း ကမ်းမှန်း သိသောကြောင့် ကျွန်တော့်အဖေ၏ အသည်းကျော်လေးဖြစ်နေလေတော့သည်။ မိုးများသည်းထန်စွာရွာနေပြီး ရာသီဥတုပွင့်လင်းမှု့မရှိသောကြောင့် နိုင်လင်းအောင်ကလေးသည်လည်း အိမ်ထဲမှာပင်ကုပ်နေရလေသည်။ သုံးလေးရက်လောက် မိုးရွာပြီးနောက် ရာသီဥတုလည်း ကောင်းမွန်လာပြီး ခြောက်ခြောက်သွေ့သွေ့ဖြစ်လာပြီးသည့် တစ်ရက်တွင် ညနေအလုပ်ပြန်ချိန်တွင် အဖေနှင့်အမေတို့ ကလေးတစ်ယောက်ဆေးရုံတက်သည့်အကြောင်း ပြောနေရင်းမှ ထိုကလေးမှာ နိုင်လင်းအောင်ဖြစ်နေမှန်းသိတော့သည်။ လွန်ခဲ့သည့် နှစ်ရက်သုံးရက်ခန့် နိုင်လင်းအောင်ကိုမတွေ့ရခြင်းမှာ ဆေးရုံတက်နေရခြင်းကြောင့် ဖြစ်လေသည်။ ကျွန်တော်မှာအလုပ်မအား သဖြင့် သွား၍မမေးနိုင် အဖေသာ သွား၍မေးရလေသည်။ ဆေးရုံသို့ရောက်သောအခါ အဖေတွေ့ရသည်မှာ နိုင်လင်းအောင်ကလေး ဖလက် ပြနေခြင်းပင် ကလေးမှာသွေးမရှိတော့။ သွေးလွန်တုပ်ကွေးဖြစ်သည်ဟုပြောသည်။ သူ့သွေးများ ကိုခြင်များအတွက်ပေးဆပ်ခဲ့ရသည်ဖြစ်ဧ။်။ ကံကောင်းလို့မသေ သံချောင်းတို့အဖေ ဆိုသလိုပင်ဖြစ်ဧ။် နိုင်လင်းအောင်လေး အသက်ဘေးမှသီသီလေးလွတ်ခဲ့ဧ။်။
            အခုတော့ နိုင်လင်းအောင်ကလေး ဗွက်တောထဲလူးကာ ဆော့ကစားနေဧ။် ။ နေမကောင်းတုန်းက ခံစားရသမျှကို သူမေ့၍သွားချေပြီ။ ရောဂါဝေဒနာများလည်း ပျောက်ခြေပြီ။ သို့သော်မပျောက်သေးသည်ကား သူတို့အိမ်အောက်မှ မြောင်းပုပ်ရေများကြား တွင် ဒစ်စကိုဒန်စ့် ကနေသော ပိုးလောက်လန်းများနှင့် ခြင်များပင် ဖြစ်ခြေတော့၏။ ဤသည်ကား ၊ ဤအဖြစ်သည်ကား ကျွန်တော်မွေးဖွားခဲ့သော မိုးရာသီ အခါသမယတွင်ဖြစ်တော့လေသည်။

ကျော်ညိုသွေး



gravatar

အက်ဆေးလေးကိုဖတ်ရူခံစားသွားပါတယ်။ မြန်မာပြည်ရဲ့ မိုးရာသီအရသာလေး မခံစားရတာ ကြာပြီဆိုတော့ ဖတ်ကောင်းတဲ့ စာတပုဒ်ပါပဲ။

gravatar

အရမ်းကောင်းတဲ့အက်ဆေးလေးပဲဗျာ မိုးရိပ်မိုးနံတွေသင်းလို့လာခံစားသွားပါတယ်

gravatar

မြန်မာပြည်ကိုသတိရလိုက်တာ၊အခုလည်းရုံးအပြင်မှာမိုးတွေရွာနေတယ်။