သူမအတွက်တော့ ရယ်စရာ ၊ ကိုယ့်အတွက်တော့ မောစရာ



သူ့အချစ်နဲ့ ငါ့အချစ်တွေ
ကုန်စည်ချင်း တိုက်ရိုက်ဖလှယ်လို့မရသလိုဖြစ်။


တစ်ဝက်တောင်ရှိတာပဲဆိုပြီး
ငါက အချစ်ကလေးတွေ ပြည့်လာဖို့မျှော်လင့်တယ်။


သေချာတာက ရွေ့သွားတဲ့ ဒိန်ခဲတွေနောက်ကို
ငါကမလိုက်ချင်ဘူး။


သစ္စာရှိခြင်းကို တစ်ချို့က မိုက်မဲခြင်း အမည်တပ်မယ်။
အချစ်မေတ္တာကို တစ်ချို့တွေက အလကားရတဲ့ လေပြည်လို့ သမုတ်မယ်။
ကြင်နာခြင်းကို အရောင်ပါတဲ့ရေလို ပစ်ပယ်ကြမယ်။



တစ်ခါပြုလုပ်တိုင်း မအောင်မြင်တာနဲ့ အပျက်အစီးပုံတွေကြား ထိုင်မှိုင်နေရင်
အက်ဒီဆင် ဆိုတာလည်းဖြစ်မလာဘူး
ဂျက်ညီနောင်ဆိုတာလည်းဖြစ်မလာဘူး။
မြေလွတ်မြေရိုင်းမှာ ယခင်က ပေါက်ပင်တွေ ရှင်သန်ခဲ့ဖူးတာနဲ့ပဲ
သီးပင်စားပင်တွေ စိုက်ခွင့် ပျိုးခွင့်မရှိတော့ဘူးတဲ့လား။




ဖြစ်ပြီးတဲ့အမှန်တရားတွေမှာ
သူမက လက်ညှိုးထိုးပြီးရယ်မောပစ်တယ်။
သစ္စာဆိုတာ မရွေ့လျှားခြင်းမဟုတ်
အမှန်တရားသာ ဖြစ်၏


တစ်ကယ်တမ်း….သူ့ကိုချစ်တဲ့အချစ်မှာ….
သာဓကက….
အဖေနဲ့အမေရဲ့ အိမ်ကလေးကို
မိတ္တူကူးချင်ခဲ့ခြင်းသာဖြစ်တယ်။




ကျော်ညိုသွေး




 




Comments

“အဖေနဲ့အမေရဲ့ အိမ်ကလေးကို
မိတ္တူကူးချင်ခဲ့ခြင်းသာဖြစ်တယ်။”

မိုက်တယ်...။
ကူးခွင့် ပြုပြီလားဗျ..။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး