တစ်ကိုယ်ရည် အက်ဆေး ၂


တစ်ကိုယ်ရည် အက်ဆေး ၂


စိတ်ကူးနဲ့သာ ပြီးမယ် ဆိုရင်
မင်းတို့တွေ တစ်ယောက်မှ
အငြိမ်နေရမှာမဟုတ်ဘူး။
စိတ်ကူးနဲ့ ရူးနေတဲ့ စိတ်က ဂနာမငြိမ်ဘူး။
မိန်းမ ၀၀ များ
ပိန်ကပ်ကပ် ယောက်ျားများ
ထိုးဆေး နဲ့ စားဆေးများ
အိမ်ပြန်မရောက် ခင် အထိ
ဘတ်စ်ကား ကျပ်ကျပ်ပေါ်က
ရဲမက်များ။
မင်း ဖြစ်ချင်တာ ပြောဆိုလို့
စူပါမန်းဖြစ်ချင်နေတာ ကို ငါဘယ်လို လိုက်ညှိမလဲ
ငါက ကိုယ်ပျောက်မင်းသား ဖြစ်ချင်နေတာ
လက်စွပ်လေး တစ်ပတ်ပြည့်အောင် လှည့်လိုက်ရင်
အဲဒီမှာ စ တွေ့တာပဲ။
ဗီဒီယိုကြည့်နေရင်း
ငါတို့ ဆွေးနွေးပွဲ အပြီးမှာ
ဇာတ်လိုက်မင်းသား က စိတ်ရှုပ်ထွေးနေပြီပဲ။
အဲဒီတုန်းက ငါလည်း မသိဘူး။
စိတ်နောက်ကို လိုက်နေတာ
အခုထိ။
မင်းလည်း မင်းရာဇ၀င်ထဲ မင်း အခုထိ မျောနေ
ငါလည်း ငါ့ မောဟထဲ အခုထိ အိုဟောင်း
လက်ညိုးလေးနဲ့ လူတစ်ယောက်ကို ဆွဲမ နိုင်တဲ့ အချက်ဟာ
သိပ်ပြင်းထန်လွန်းသတဲ့။
ပြီးပြီ။
အဲဒီ ကစားပွဲက ပြီးပြီ။
မင်း နဲ့ ငါနဲ့ ဆက်ဆံရေးလည်း ပြီးပြီ။
ပြီးပြီ။
မင်း ယူလိုက်တဲ့ ငါ့သူငယ်ချင်းလည်း ပြီးပြီ။
အသားလည်း အရင်ထက် ပိုမည်းသွားတော့
ငါဟာ ကြောက်ကြောက်နဲ့ ပြေးထွက်သွားပေါ့။
ငါဟာ မင်းတို့နဲ့ ဘာသာစကား အခုတော့ လုံးဝ တခြားစီ
တူတာဆိုလို့
စိတ်ကူးထဲ ကိုယ်ဖျောက်ဖျောက်ပြီး
သွားနေတဲ့
အိမ်ဘေးလမ်းကြားထဲက ကျူရှင်သွားနေတဲ့
ညနေခင်း ကို ထရံပေါက်ထဲ က လှမ်းမြင်နေရတာ။
ခဏခဏ လက်စွပ်လေးကို ပွတ်သပ်မိတယ်။
မျက်နှာတစ်ခြမ်းလုံး ချောင်ကျနေပြီ။
ရှာဖွေရေး ၀က်ဘ်ဆိုက်တွေမှာ
ရှာကြည့်တော့
အဲဒီလက်စွပ် ကို သရော်ထားတာ တွေ့ရတယ်။
ဟာကျူလီတစ်ပိုင်း ငပျော့တစ်ပိုင်း ပိတ်ကားမှာ
ငါဟာ မျောနေပေါ့။
အသိတရားလေး လက်တစ်ဆစ်နဲ့။


ကျော်ညိုသွေး



Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး