စက္ကူပန်းများ



စက္ကူပန်းများ


လူငယ်ဘ၀မှာ
သူငယ်ချင်းတွေ ဂစ်တာကြိုးတွေ လဲကြ တပ်ကြ
အသံစမ်းကြတော့...။
နင်ကတော့ ယောဂီ တဘက်ကလေး တစ်ထည်ရဲ့ ဇာတာနဲ့
လူမှုရေးတွေ တအားလုပ်နေ။
နင်ဝလာတာ နင်မသိပေမယ့်
ဟောဒီတစ်ရပ်ကွက်လုံး သိတယ်။
နင်ဟာ ဘဲဥကြော် မော်ဒယ်ကနေ
အခုတော့ ကျွဲကောသီး မယ် ဖြစ်လို့လာ။

တချို့ ယောက်ျားလေးတွေ တက်တူးထိုးကြတော့
ငါလည်း လိုက်လို့မပါသွား
အသားနာမှာ ကြောက်လို့ မဟုတ်ရပါဟာ
ငါ့ဆေးမှင်ကြောင် ဟာ ဆယ်ကျော်သက်မှာ
ထိုးပြီးသား။

ဝမ်း တူး သရီး အရိုးသီချင်းဟာ တိုးလိုက်ကျယ်လိုက် နဲ့
ရင်ဖုံးတွေ တဖြည်းဖြည်း ကျပ်လာပြီ
နင် လှဲနေကျ အုန်းတြံမက်စည်းဟာ တိုလာပြီ
နင့်အိမ်ကို တစ်ခေါက် တစ်ခါ ရောက်တော့
ငါတို့ သီချင်းတွေဟာ ရှက်ရွံ့  ခဲ့ပြီ
သတ္တ၀ါတွေ အားလုံး ကို မေတ္တာထားတတ်တဲ့ နင့် အတွက်
အပြန်လမ်းမှာ
ငါတို့ နင်းလာခဲ့တဲ့ ရင်ခုန်သံစက်ဘီးကလေးဟာ
ချိန်းကြိုးပြတ်ခဲ့ပြီ။

နွေရာသီ လမ်းကလေးမှာ
စက်ဘီးလေး တစ်စင်း နဲ့ သူငယ်ချင်းတွေ နဲ့ငါ
မဆိုဖြစ်တော့ တဲ့ သီချင်း တစ်ပုဒ်တစ်လေရှိခဲ့မယ်။


ကျော်ညိုသွေး

Comments

ယဉ်ကျေးမှုထုထည်ပါးပါးလေးကိုမြင်လိုက်သလိုပဲ
ဖတ်ရင်း ကိုယ်လိုရာခံစားမိသလိုဖြစ်သွားမလားသိဖူး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး