ဆုတောင်းစကား



ဆုတောင်းစကား


မနောက်ပါနဲ့ အစ်ကို
ဝင့်ကြွားတဲ့ သဇင်တွေ ကို လည်း အပြစ်မဆို
ကြွေသွားတဲ့ ခရေတွေ အတွက် စာနာခြင်းတေးသံတွေ
ပါးလိုက်ပါရဲ့။
ဒီလိုတော့ မနောက်ပါနဲ့ အစ်ကို။

ကျွန်တော်ဟာ သစ်ပင် ပန်းမာလ်တွေကို
စိုက်ပျိုးချင်သူ သက်သက်
အပင်ကြီးဖို့ အသီးလှဖို့ မရည်ရွယ်
အားလုံးသော သစ်ပင်တွေ
ဘယ်လိုဖူးပွင့်ကြပုံ
ဘယ်လိုစိမ်းလန်းကြပုံ
ငေးမောနေဆဲပေါ့။
မနောက်ပါနဲ့ အစ်ကို။

ဟုတ်တယ်..။
ကျွန်တော်ဟာ ရောင်းကော့ဒ် ရော့ခ်အင်ရိုး သီချင်းလေး
ညှပ်ဖိနပ်ကလေး တစ်ရံ နဲ့ ခုန်ပေါက်ပြေးလွှား လမ်းမှာ
မတော်တဲ့ ဖိနပ်တွေလည်း မစီးချင်။
ခြေရာကြီးတဲ့ သူဟာ ဖိနပ်ကြီးကြီးစီးရမှာပဲ
အခုတော့ မနောက်ပါနဲ့အစ်ကို။

အစ်ကို သိပါတယ်။
ကျွန်တော်ဘယ်တုန်းက နာမည်အမှန် ပြောဖူးလို့လဲ
ဒါပေမယ့်…
ကျွန်တော် နာမည် မပြောင်းတော့ဘူး အစ်ကို။

မနောက်ပါနဲ့ အစ်ကို
ကျွန်တော်ဟာ ဂစ်တာသံတွေနဲ့လည်း ကြွက်မခြောက်ခဲ့ဘူး။
အစ်ကို သိနေတဲ့ လမ်းမှာ ကြွက်တွေဟာ ပေါလွန်း
နံရံပေါ်က ကြောင်ရုပ်ကလေးတွေဟာ ကျွန်တော့်စိတ်ဖြေရာပါ
ဒီလိုတော့ မနောက်ပါနဲ့ အစ်ကို။

ရိုးရိုးသားသားပဲပြောပါမယ်
ကျွန်တော့် တစ်ကိုယ်စာ ပျော်ဖို့အတွက်တော့
ကျောင်းမတက်ချင်သေးဘူး အစ်ကို
အစ်ကို ပျော်မယ်ဆို ကျွန်တော် ဂျိုကာလို ၀တ်ပါ့မယ်။
ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ကျွန်တော်သာ ရူးသွားပါရစေလေ။

သစ်ပင်တွေ စိမ်းလန်းတာကို
ဒီလိုတော့ မနောက်လိုက်ပါနဲ့ အစ်ကို။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး