ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကျွန်တော်၊ နာမည်များ နှင့် ဖြတ်သန်းခဲ့သောခရီးများ

နာမည်။ လူတစ်ယောက်စဖြစ်လာပြီးဆိုကတည်းက နာမည်တစ်ခုကတော့ အနည်းဆုံးရှိလာရတယ်။ အနည်းဆုံး လို့ပြောတာက ဒီထက်မကလည်း လူတစ်ယောက်မှာ နာမည်တွေရှိနိုင်တာမို့ပါ။ မွေးမွေးချင်းမှာ ပုံစံလေးက တုတ်တုတ်ကလေးမို့လို့ တုတ်တုတ်ရေလို့ ခေါ်ရင်းနဲ့ တုတ်တုတ်လို့လဲ နာမည်ကတွင်သွားတာမျိုးကရှိသေးတယ်။ ဒါက ချစ်စနိုးပေးတဲ့နာမည်၊ ချစ်စနိုးနာမည်မှာတောင်မှ အသက်အရွယ်နဲ့လိုက်ပြီး ပြောင်းလဲသွားတာမျိုးကရှိသေးတယ်…။ မွေးစကနေ အသက်လေးနည်းနည်းရလာလို့ ကစားတတ်တဲ့အရွယ်ရောက်ပြီဆို ရှိနေတဲ့ အသက်အရွယ်အရ နေထိုင်ပြုမူပုံတွေပေါ်မူတည်ပြီး။ နာမည်က ထပ်တိုးရင်တိုးလာနိုင်သေးတာ..။ ကျနော့်ကိုမွေးတော့ Delhi မှာမွေးတာ။ အဲ့ဒါကြောင့် ကျွန်တော် တစ်နှစ်ပြည့်မွေးနေ့မှာအဖေအမေတွေက သတင်းစာထဲမှာ မွေးနေ့ဆုတောင်း ထည့်ပေးကြတော့ ဒေလီ ကိုရှေ့ကနေတပ်ပြီး ထည့်တယ်။ ဒါက နာမည်တစ်ခုပေါ့ နော။ ကျွန်တော်ငယ်ငယ်ကဆို နာမည်တွေကအများသားရယ် ။ ငယ်ငယ်ကဆို အသားဟင်းမစားဘူး။ ငါးဟင်းဆိုကျွန်တော်အကြောက်ဆုံးပဲ။ အဲ့ဒီ့အနံကြီးကိုမကြိုက်တာ။ အဲ့ဒီ့လို အသားမစား၊ငါးမစား တော့ အိမ်ကိုလာလည်လေ့ရှိတဲ့ ဦးသန်းတင်ဆိုတဲ့ လူကြီးက ကျွန်တော့်ကို ဆာဒူးကြီးလို့ ခေါ်တယ်ဗျ။ ဒါကိုလည်း နာမည်တွေထဲမှာ ထည့်တွက်ချင်ရင်လည်းရနိုင်တာပေါ့။ မှတ်ထားနော် ကျွန်တော့် နာမည်က နှစ်ခုရှိပြီ။ ကျွန်တော်သုံးနှစ်သားလောက်မှာ အိမ်က လှေကားပေါ်မှာထိုင်ရင်း သီချင်းလိုလို ဘာလိုလို သံစဉ်တွေလျှောက်အော်နေတုန်း အမေကနားငြီးပြီးပေးလိုက်တဲ့ နာမည်တစ်ခုရှိသေးတယ်။ ကိုသံစုံတဲ့။ကောင်းရော..။

ဒါနဲ့အရွယ်ရောက်ကျောင်းတက်တော့လည်းနာမည်တွေအပေးခံရပြန်ရော…. မျက်ပြူးတို့၊ ဘာတို့၊ ဆယ်တန်းတက်တုန်းကဆိုရင်ပိုတောင်ဆိုးသေးတယ်။ သမိုင်းဆရာက ကျွန်တော့်ကို နှာခေါင်းကြီးလို့ဆိုပြီး ဗို့အား 6600 ဆိုပြီးပေးလိုက်တာ..အဟား..အမိုက်စားပဲ။ တက္ကသိုလ်တက်တော့ ကျောင်းမှာ အဲ့ဒီ့ဆရာနဲ့ ပြန်တွေ့တယ်။ ဆရာက ကျွန်တော့်ကိုမမှတ်မိဘူး၊၊ အဲ့ဒါနဲ့လူကြားထဲမှာ “ဆရာရယ် မမှတ်မိဘူးလားဗျာ ကျွန်တော် ဗို့အား 6600 လေ.. ” လို့ပြောမှဆရာကမှတ်မိတော့တယ်ဗျာ။စိတ်ကိုညစ်ရောပဲ…။အဲ.. တက္ကသိုလ် တက်တော့ သူများတွေလိုပဲ အဝေးသင်ကျူရှင်တက်ပါလေရော…ပထမနှစ်မှာသူငယ်ချင်းတွေက တော်တော့်ကိုခင်ဖို့ကောင်းတယ်။ ကျနော်တို့တစ်ယောက်နဲ့တစ်ယောက် နာမည်တွေမသိကြဘူး။ဒီလိုပဲခင်ကြတာ။ ဘယ်လောက်ထိဆိုးလဲဆိုရင် စာမေးပွဲပြီးချိန်အထိ တစ်ယောက်နဲ့ တစ်ယောက်နာမည်အရင်းတွေမသိကြတာတောင်ရှိသေးတာ။ မခင်လို့မဟုတ်ဘူးနော် အရမ်းခင်ပြီး ပေအတူတေအတူ ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေ။ ဘာလို့နာမည်မသိရလဲဆိုတော့ အချင်းချင်း ပေးထားတဲ့ ချစ်စနိုးနာမည်တွေက နေရာယူထားလို့လေ… ပထမနှစ်စာမေးပွဲဖြေခါနီး ကောက်ခါငင်က ကတုံးထတုန်းမိတဲ့ ကျနော့် အဖြစ်က ပထမနှစ်သူငယ်ချင်းတွေကြားထဲမှာ " ကတုံး "ဆိုတဲ့ နာမည်တွင်သွားတာပါပဲ။

အဲ့ဒီ့ကတုံး ဆိုတဲ့နာမည်က ဘယ်လောက်အထိအောင်လဲဆိုရင် ကျောင်းပြီးသွားတဲ့အချိန် ပထမနှစ်က သူငယ်ချင်းတွေပြန်တွေကြရင် ကျွန်တော့်ကို ကတုံး လို့ ခေါ်နေကြတုန်းပဲ လူကြားသူကြားထဲမှာဆိုရင် ကတုံးလို့ သူ့တို့ခေါ်လိုက်တဲ့အခါ ဘေးလူတွေက အထူးအဆန်းလှည့်ကြည့်ကြတယ်.. ကတုံး ဘယ်သူလဲ ကတုံးပေါ့…ဘယ်သူ့ကိုခေါ်လို့ခေါ်မှန်းမသိ ကတုံးလို့ခေါ်တော့ လူတွေတောင်ကြောင်ကုန်ကြတယ်…သူငယ်ချင်းတွေ ကတုံးလို့ခေါ်တာက ဆံပင်အရှည်အလယ်ခွဲနဲ့ ကျွန်တော်ဖြစ်နေတာကိုး။

ဒီလိုပဲ ဒုတိယနှစ်ရောက်တော့လည်း ပိုတောင်ဆိုးသေး..ဒုတိယနှစ်ဆိုလို့ တစ်ကယ်မထင်လိုက်နဲ့နော်…ပထမနှစ် ဒုတိယအကြိမ်ကိုပြောတာ ပေးလိုက်ကြတဲ့နာမည်တွေ ပထမနှစ်ကထက်ပိုပြီး စုံလို့..။ ကျွန်တော်တင်မကဘူး သူငယ်ချင်းအားလုံးပေါင်း ခုနှစ်ယောက် မှာငါးယောက်က နာမည်အရင်းပျောက်ပြီး ကိုယ်ပိုင်နာမည်အသစ်တွေနဲ့ တောင်ငူ၊ သာရဝေါ၊ မင်းမော်ကွမ်း၊ ဒေါ်ဆု၊ ရာဇာ၊ ဗိုက်ကလေး စသည်ဖြင့်စုံလို့ပဲဗျာ။ တောင်ငူဆိုတဲ့ကောင်နာမည်က ရဲ…ဘာဆိုလားမသိတော့ဘူး။ သူကတောင်ငူမှာကျောင်းအပ်ထားတာ။ အလုပ်ကရန်ကုန်မှာ ရန်ကုန်မှာပဲကျူရှင်တက် စာမေးပွဲနီးတစ်လလောက်ဆို တောင်ငူပြန်ဖြေအဲ့ဒီလိုလုပ်နေကျ။ ကျွန်တော်တို့ကတော့ သူ့ကို တောင်ငူကလာလို့ တောင်ငူပဲအလွယ်ခေါ်လိုက်တာ။ သူကလည်းဘာမှကိုပြောမနေတော့ဘူး။ သာရဝေါ ဆိုတဲ့ကောင်ရဲ့နာမည်က တော့ ထွန်းထွန်း တဲ့ဗျ။ သူ့ကိုလည်း အဲ့ဒီလိုပဲ ဇာတိကိုအစွဲပြုပြီးခေါ်လိုက်တာ။ ဗိုက်ကလေးကျတော့ ဟိုကောင်တွေလိုမဟုတ်ဘူး။ သူကနည်းနည်းအဆင့်မြင့်တယ် ဆရာမကိုယ်တိုင်က သူ့ကို ကင်ပွန်းတပ်ပေးလိုက်တာ။ တစ်နေ့ စာသင်နေတုန်း stat ဆရာမက စာမေးမလို့ မတ်တပ်ရပ်ခိုင်းတော့ "ဟိုး….နောက်ဆုံးတန်းက ဗိုက်ကလေးထ"လို့ပြောတော့ ကျောင်းသား ကျောင်းသူအားလုံး ကြောင်နေလေရော "ဗိုက်ကလေးဆိုတာ ဘယ်သူလဲပေါ့"နော် ပြီးမှ အလယ်ကတစ်ယောက်ကိုပြောတာမှန်းသိသွား ပြီး ဟားတဲ့သူကဟား၊ ပြုံးတဲ့သူကပြုံးနဲ့ ဖြစ်ကုန်ကြပါလေရော။ အဲ့ဒီ့လိုနဲ့ သူငယ်ချင်းတွေကြားထဲမှာ သူ့နာမည်က ဗိုက်ကလေး ဖြစ်သွားတာပေါ့။ နောက်မှ ဆရာမကိုပြန်မေးကြည့်မိတော့ "အဲ့ဒီ့ကောင်လေးက တွတ်ပီစာအုပ်ထဲက ဗိုက်ကလေးနဲ့ တူတာနဲ့ ငါလည်းခေါ်လိုက်တာလို့" ဆရာမကရယ်ရယ်မောမောနဲ့ပြန်ပြောပြတယ်လေ။ နောက်တစ်ကောင်ကတော့ ရာဇာ။ သူ့နာမည်အရင်းက ကျော်လင်းနိုင် ဗျ။ ဒီကောင်ပုံစံက ပေါတောတောနဲ့ တစ်ခါတစ်လေလည်း ရာဇာနေ၀င်း အမူအယာတွေလုပ်ပြတတ်သေးတယ်။ ရာဇာနေ၀င်းဝတ်သလို အင်္ကျီကို တံဆိပ်မဖြုတ်ပဲဝတ်တဲ့ပုံစံလည်း လိုက်လုပ်တတ်သေးတယ်။ အမှန်တော့ သူ့အင်္ကျီက ဟောင်းနေပြီ။ အဲ့ဒီ့အင်္ကျီကို သူက ဘယ်က levis တံဆိပ်ကိုဖြုတ်ယူပြီး အတည်ပေါက်နဲ့တပ်ထားတယ်မသိဘူး။ အနီးကပ်သွားကြည့်တော့မှ အင်္ကျီအမျိုးအစားကတစ်ခြား သူ့တပ်ထားတဲ့ တံဆိပ်က တစ်ခြားဖြစ်နေမှန်း သိရပြီး အဟားခံရပါလေရော။ ဒါတောင်မျက်နှာက ပြောင်စပ်စပ်။ နောက်တစ်ယောက်ကတော့ ဒေါ်ဆုပဲ။ သူနာမည်အရင်းကတော့ ခင်ဆုကြည်လေ။ တော်တော်ပဲများပြီး ဘဲကလည်း ဟောတစ်ယောက်၊ ဟောတစ်ယောက် နဲ့ တော်တော်စွံတဲ့ ကောင်မလေး။ အဲ့ဒီ့လိုဖြစ်လွန်းလို့ကို သူ့ကိုကျွန်တော်တို့က ဒေါ်ဆုလို့ခေါ်တာ။ အဟဲ..ပြောရဦးမယ်။ အဲ့ဒီ့မှာ မင်းမော်ကွမ်း ဆိုတာ….အဲးဒါကျွန်တော်ပေါ့ဗျ။ သူငယ်ချင်းတွေက ကျွန်တော့်ကို ကွမ်းစားလို့ဆိုပြီးတော့ မင်းမော်ကွမ်းလို့ ခေါ်ကြတာ။ အကယ်ဒမီ မင်းမော်ကွန်းသာကြားရင်တော့ လေ..သွားနိုင်တယ်။

ပျော်ရင်းပါးရင်းနဲ့ စာမေးပွဲကြီးပြီးကာ အောင်စာရင်းတွေထွက်ပြန်တော့ အောင်တဲ့သူကအောင်ကျတဲ့ သူကကျနဲ့ ဒုတိယနှစ်မှာတွဲမိတာက နွယ်နီ(မေပုလဲ)၊ ရဲမင်းထွန်း(ထင်တာပဲ..(တောင်ငူ))၊ ကျော်လင်းနိုင်(ရာဇာ)၊ ကျွန်တော်(မင်းမော်ကွမ်း)၊ သိန်းဇော်ဦး(ဘိုသိန်း၊ ဆရာသိန်း)၊ မဆွေ ၊ မြတ်ဆုဝင်း(မီးမီး) တို့ပဲ။ သွားသွားလာလာ အမြဲတမ်းလေးယောက်တစ်တွဲ၊ ငါးယောက်တစ်တွဲ က အမြဲတမ်ရှိတယ်။ အဲ့ဒီ့ဒုတိယ နှစ်မှာတင် ကျွန်တော့်နာမည် တစ်ခုတိုးလာပြန်ရော အဲ့ဒိ့နာမည်ကြီး ရခါစက ရှက်လိုက်တာလွန်ရောဗျာ..။ နာမည်ကလည်းကြည့်ပါဦး “ပိုလီယို”တဲ့။ ကျူရှင်က စာရေးက ကျွန်တော့်ကို ပိန်ပြီး နွဲ့လို့ဆိုပြီး ပိုလီယိုလို့ခေါ်လိုက်တာကနေစပြီး။ ဆရာတွေကလည်း ပိုလီယို၊ ကျောင်းသားတွေကလည်း ပိုလီယိုနဲ့။ တော်သေးတာပေါ့ တွဲနေကြ သူငယ်ချင်းတွေကတော့ မခေါ်ကြဘူးး)။

ကျွန်တော်တက်ခဲ့သမျှ အတန်းတွေထဲမှာတော့ ဒဂုံအဝေးသင်တန်းမှာ လေးနှစ်တက်ရတဲ့ ကာလလေးတွေကတော့ ပျော်စရာလည်းကောင်းခဲ့ တယ်။ ပြန်တွေးကြည့်ရင်လည်း လွမ်းလွမ်းဆွေးဆွေးနဲ့ မျက်စိရှေ့မှာ အဖြူအမည်း ဇတ်ကွက်လေးတွေ ဖြတ်ပြေးနေသလိုခံ စားရတယ်။ အင်ယားကန်ဘောင်ပေါ်မှာ အတူတူပျော်ခဲ့တာတွေ၊ ကျူရှင်အတန်းချိန်တွေကိုလည်း ကိုယ်အားနည်းတဲ့ဘာသာရပ်တွေပဲတက်ပြီး ကျန်တဲ့အချိန်တွေ လစ်ပြီး နေရာစုံအောင်လည်ခဲ့ တာတွေလည်း ပြန်မှတ်မိတယ်။ စာမေးပွဲ နီးတော့ အတူတူ အိမ်တစ်အိမ်မှာ စာစုကျက်ကြတာ ကလည်း ကြည်နူးစရာပဲ သူငယ်ချင်းတွေစုပြီး စာတွေအတူကျက်ကြ တာကလည်း ပြန်တွေးတိုင်းအားရှိလာတယ်။ ကျွန်တော်တို့ တစ်တွေ တစ်ကယ်ကို လေးလေးနက်နက်နဲ့ တစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောနိုင်ပဲ။ ချွေးပြန်အောင် စာကျက်၊ စာတွက်ခဲ့တာတွေက မေ့မရစရာ။

အခုအချိန်ကျောင်းပြီးလို့ ကိုယ်စီလုပ်ငန်းခွင် ၀င်တဲ့သူက၀င်၊ အိမ်ထောင်ကျတဲ့သူကကျ၊ တစ်နယ်စီဝေးနေခဲ့တာ နာမည်တစ်လွဲတွေနဲ့ ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ကြရတာလည်းအတော့်ကိုကြာခဲ့ပြီ။ နောက်ဆုံးနှစ်စာမေးပွဲတွေအောင်ပြီး ဘွဲ့ယူတုန်းက တစ်ခါပြန်တွေ့သေးတယ်။ အဲ့ဒီ့တုန်းကလည်း နာမည်ပြောင်တွေခေါ်ပြီး တစ်ယောက်နဲ့တစ်ယောက်စကြ နောက်ကြ၊ ကိုယ်စီကိုယ်စီ သက်ဆိုင်သူတွေရှိတဲ့ သူတွေကတော့ ရှိကုန်ကြပြီ။း) ဘွဲနှင်းသဘင်ကြီး ပြီးသွားတော့လည်းပြန်ပြီးခွဲကြရပြန်ရော..။ အလွမ်းတွေက ကိုယ်စီ၊ ကိုယ်စီ…။
ဒီလိုနဲ့ ကျွန်တော်လည်း လုပ်ငန်းခွင်တွေက တစ်ခုပြီးတစ်ခုပြောင်း၊ ကောင်းလိုက်မကောင်းလိုက်၊ လူကလည်း ဖောင်းလိုက်၊ ပိန်လိုက်နဲ့။ နာမည်တွေကလည်း တစ်နေရာနဲ့တစ်နေရာ ပြောင်းတိုင်း တိုးလာလိုက်တာ တော်တော့်ကိုများပြီ။ ကျွန်တော်မမှတ်မိဘဲ သူငယ်ချင်းအပေါင်းအသင်းတွေ ပေးတဲ့နာမည်တွေတောင်ရှိသေးမယ် ထင်ရဲ့။

နာမည်တွေ…နာမည်တွေ အလုပ်တစ်ခုလုပ်တိုင်း၊ အကြောင်းအရာတိုက်ဆိုင်တိုင်း ပေါ်လာစမြဲ၊ နေရာတစ်နေရာရောက်တိုင်း ဆရာသမားတွေ၊ ချစ်ရ ခင်ရတဲ့ သူငယ်ချင်းတွေ အလုပ်အကိုင်မောင်နှမတွေက ချစ်စနိုးနဲ့ပေးလိုက်ကြတာ…။

အခု ဒီအလုပ်လည်းရောက်ရော… ကျွန်တော့်အတွက် အင်တာနက်အသုံးပြုနည်းတွေကို အချိန်ပေးပြီး လေ့လာနိုင်ဖို့ အခွင့်အရေးတွေရခဲ့တယ်။ ၀က်ဘ်ပေါ်မှာ သူငယ်ချင်းတွေတွေ့တယ်။ G-mail Account အသစ်ကြောင့် နာမည်တစ်ခုတောင် တိုးလာခဲ့သေးတယ်။

“ကိုဂစ်တာ”… အဲ့ဒီ့နာမည် ကိုကျွန်တော် သိပ်ကြိုက်တယ်။ ဘာလို့လဲဆိုတော့ Second life မှာ ခင်ရတဲ့ ချစ်ရတဲ့ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများ ကြောင့်ရခဲ့တဲ့နာမည်မို့ပဲလေ။ ဘလော့ရေးတဲ့အခါ ဘယ်လိုနာမည်ပေးမလဲ စဉ်းစားတော့ ဒီနာမည်လေးပဲကြိုက်မိတယ်။ ခေါ်ရလွယ်တယ်၊မှတ်မိလွယ်တယ်။ ဒီနာမည်လေးကိုပဲမြတ်နိုးနေမိတယ်။ ဒီမည်လေးကိုပဲ ကောင်းကောင်းမွန်မွန် နဲ့ဆက်လက်တည်တံ့အောင် ထိန်းသိမ်းသွားချင်တယ်။
ကျွန်တော့်မှာ နာမည်တွေများပြီ။ နာမည်ဘယ်လောက်များများ ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ နေရာတစ်ခုမှာ နာမည်တစ်ခုနဲ့ရှိနေတိုင်း မျှော်လင့်ချက်တွေ၊အိပ်မက်တွေ၊ အပျော်တွေနဲ့ တည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ အခွင့်အရေးတွေရခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းတစ်လျှောက်က နားလေရာနေရာတိုင်းမှာ တွေ့ခဲ့ရတဲ့ သူငယ်ချင်းတွေရဲ့ချစ်ခြင်းကြောင့် နွေးထွေးစွာဖေးမမှု့တွေကြောင့်လို့ ခံယူမိပါတယ်။

ကျွန်တော့်နာမည်အရင်းရယ်...ဆာဒူးကြီး၊ကိုသံစုံ၊ ဆိုတဲ့နာမည်များနဲ့ ငယ်စဉ်ကလေးဘ၀ မှာ အဖေအမေတို့ရဲ့ မေတ္တာတွေ၊ ဗို့အား 6600 လို့ အခေါ်ခံရတဲ့ အထက်တန်းကျောင်းသားဘ၀မှာ ဆရာများရဲ့ ချစ်ခင်မှု့တွေ၊ ပထမနှစ်နဲ့ ဒုတိယနှစ် ကတုံး၊ ပိုလီယို နာမည်များ နဲ့ ဆရာတွေ၊ သူငယ်ချင်းတွေရဲ့ စောင့်ရှောက်မှု့တွေ စသည်ဖြင့်ပေါ့။ ပြန်တွေးတိုင်း လွမ်းလွမ်းဆွတ်ဆွတ်ရှိနေဆဲ….။

အခုအချိန်မှာ… “ကိုဂစ်တာ”လို့ သူငယ်ချင်းတွေက တစ်ခွန်းခေါ်တိုင်း ရင်ထဲမှာကြည်နူးမှု့တွေ နဲ့အတိုင်းမသိ။ ကျွန်တော့်ဦးနှောက်၊ ကျွန်တော့်အသိတရားတွေကို မြေတောင်မြှောက်ပေးခဲ့သော၊ ဆက်လက်ချီတက်ဖို့ အားပေးသမှု့ပြုခဲ့ကြသော သူငယ်ချင်းများ၊ အစ်ကို၊ အစ်မများ၊ နောက်မှာ ချီတက်လာနေတဲ့၊ ကျွန်တော့်ရဲ့ အနုပညာ ညီအစ်ကိုမောင်နှမများ။ အားလုံးကို နွေးထွေးသော ကျေှးဇူးတင်ခြင်းများနှင့် ခင်မင်၊ ချစ်ခင်မိလျှက်။

ကျွန်တော်ရောက်ရှိနေတဲ့ ကျွန်တော့် အသက်အရွယ်၊ ရင်ကျက့်မှု့ အတိုင်းအတာ ပမဏအရ ခံယူမိတာကတော့ ကျွန်တော် ချစ်တဲ့ ခင်တဲ့ Web ပေါ်မှ ဘလော့ဂါ အစ်ကို၊အစ်မများ၊ သူငယ်ချင်းများ အတွက် တည်ငြိမ်ပြီး၊ အနုပညာ အစစ်အမှန်များ ကို တတ်နိုင်သလောက်ဖန်တီးကာ ရှေ့ဆက်နိုင်ဖို့ပဲပေါ့။ ရှေ့ဆက်ပြီး ဘယ်လိုနာမည်တွေနဲ့ ဘယ်လိုဘ၀မျိုးတွေ ပိုင်ဆိုင်ရမယ် မသိသေးခင်မှာ လောလောဆယ်တော့ နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းရင်း လေကောင်းလေသန့်များကို ရှုရှိုက်ကာ သံစဉ်တွေကို တီးခတ် ဆိုညည်းလျှက်……။

gravatar

ဟေ့..အဲနာမည် ဘယ်သူအရင်ဆုံးစခေါ်သလဲ ပြော :P

gravatar

အဟဲဟဲ ဟုတ်ပ နာမည်နော်။ ကျွန်တော့်ကိုဆို အသေးလေးတဲ့။

gravatar

ကိုကြီး ကတုံးရေ လာလည်တယ်နော့် ဟဲ ဟဲ စတာနော့် ကိုကြီးဘလော့စ်လေးရဲ့ အသွင်အပြင်ကောင်းတယ်နော့်]]

gravatar

ကွမ်းတွေရဲအောင်စား အသားငါးမစား ပိန်ပိန်နွဲ့နွဲ့ မျက်လုံးပြူးပြူး နှာခေါင်းကြီးကြီး ဒေလီမှာမွေးတာဆိုတော့ ကတုံးပြန်တုံးပြီး နံငယ်ပိုင်း အဖြူလေးပဲ ၀တ်လိုက်ပါလားဟင်။ ဒါဆို ဘာနဲ့ တူသွားမလဲပဲ။

gravatar

ရက်စက်ပါပေ့အစ်မရယ် ဟွန့်း)))