လိုနေပြီ။

ကျွန်တော် အင်တာနက်စသုံးဖူးတာက အဝေးသင်ပြီးမှပါ။ ကွန်ပြူတာနဲ့ထိတွေ့တာကြာပြီ ဖြစ်ပေမယ့် အင်တာနက်ကို အတော်ကြာကြာ မသုံးတတ်သေးဘူးဖြစ်နေခဲ့တယ် နောက်ဆုံးနှစ်စာမေးပွဲအောင်တော့မှ အင်တာနက်အသုံးပြုနည်းသင်တန်း သွားတက်တယ်။ သင်တန်းကြေးက လေးထောင် တစ်ပတ်ကို သုံးရက်( အင်္ဂါ+ကြာသာပတေး+စနေ)ပေါ့။ အဲ့ဒိ သင်တန်းမှာ ဆရာမတွေက အင်တာနက်ထဲက ပုံတွေရှာတာ ၀က်ဘ်ဆိုက်တွေရှာတာ အရင်ဆုံးစသင်တယ်။ အဲ့ဒါလောက်ကတော့ သိပ်သင်စရာမလိုပါဘူး။ နဂိုကတည်းက ကျွန်တော်က အဲ့လိုရှာရဖွေရတာတွေကို သိပ်ဝါသနာပါတာ။ ပြီးတော့ YGN CHAT ကိုတစ်ရက်သင်တယ်။ နောက်နေ့မှာ sailormoon.com မှာ အကောင့်အသစ်တစ်ခုဖွင့်ပေးပြီး အီးမေးလ်ပို့တာသင်တယ်။ ပြီးမှ G-mail ကိုသင်တာ။အဲ့ဒီ့ မှာပြောရဦးမယ်။ ဂျီတော့ခ်သုံးတော့ အဲ့ဒီ့ကဆရာမက သူငယ်ချင်းရှိလားတဲ့ ကျွန်တော့်ကိုမေးတယ်။ မရှိဘူးဆိုတော့ မရှိရင်ပြောလို့မရဘူးဆိုပြီး။ ဘာလိုလိုညာလိုလိုနဲ့ သွားရော စိတ်ကိုညစ်သွားတာပဲ။ ဘေးကသုံးတတ်တဲ့သူတွေကသုံးနေ၊ ကိုယ်ကမသုံးနိုင်ဆိုတော့ တော်တော်လေတယ် ။ ဘယ်ရမလဲ ၀ိုင်ဂျီအမ်မှာ သူငယ်ချင်တွေကို လိုက်ပြောရတာ...\" i\'m learning internet and email. i can\'t use gtalk well. i would like you to help me. i wanna talk with you. please tench me ok? ဘာညာပေါ့။ အဲ့ဒါနဲ့ YGN လင်းသန္တာသိန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကူအညီနဲ့ G-talk ကိုသုံးတတ်တာ။ G-mail လည်းအဲ့လိုပဲ။ အင်တာနက်နည်းနည်းလည်းသုံးတတ်ရော ဆိုင်တွေကိုလိုက်ပြီးသုံးတာပေါ့။

အဲ့ဒိတုန်းက ဆို မြန်မာစာဖောင့်တွေ gtalk နဲ့ gmail မှာသုံးလို့ရမှန်းလည်းမသိဘူး။ အထိအတွေ့နည်းတာလည်း ပါမှာပေါ့လေ။ အတော်လေးကြာမှ ဇော်ဂျီဖောင့်တွေ၊ဘာတွေသိတာ။ အရင်ကဆို တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ပဲ။ ပြောရဆိုရတာ။ Gtalk လည်းသိပ်မသုံးဖြစ်ဘူးလေ။ သုံးမှသိပ်မသုံးတတ်တာ။ ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း အင်တာနက်အသုံးပြုတဲ့သူက သိပ်မရှိဘူး။ အဲ့ဒိတုန်းက အဓိကကတော့ ကိုယ်လိုချင်တဲ့ ပုံတွေရှာဖို့ နဲ့ ဆောင်းပါးတွေရှာဖို့ရယ်ပဲ သုံးတတ်တာ Google search ကနေ ရမ်းသမ်းပြီးရိုက်ရှာလိုက်တာပဲ အဆင်ပြေရင်လည်းတွေတယ် အဆင်မပြေရင်လည်း မတွေ့ဘူး၊ အဓိကကတော့ www.voaspecialenglish.com က အပတ်စဉ်ဆောင်းပါးလေးတွေကို ဒေါင်းလုတ်ဆွဲဖို့ပဲသုံးတာများပါတယ်။ အသုံးလည်းများလာရော နည်းနည်းလည်လည်ပတ်ပတ်ဖြစ်လာတယ်။ ။ ဘယ်လိုဆိုက်တွေကြည့်သင့်တယ်။ ဘယ်ဆိုက်တွေက ကိုယ့်အတွက်၊ ကိုယ့်အလုပ်တွက်အသုံးဝင်မလဲဆိုတာပေါ့။ chatting လည်းလုပ်တတ်လာတယ်။ လူငယ်တွေ အသုံးများတာကတော့ MIRC တို့၊ SCOOP SCRIPT တို့၊ ပေါ့၊ ဒါ့အပြင် အဲ့ဒိတုန်းက သင်တန်းက သူငယ်ချင်းတွေပြောပြရင်းနဲ့ cupidbay.com ကိုလည်း ၀င်သုံးဖြစ်သေးတယ်။ အဲ့ဒိ့တုန်းကတော့ ကျွန်တော့်အတွက် chatting ဆိုတာသိပ်အဓိပ္ပါယ်မရှိလှဘူး။ဘာဖြစ်လို့လည်းဆိုတော့ ချက်ရွန်းတွေထဲမှာ ဘာမဟုတ်ညာမဟုတ် ထွေရာလေးပါးစကားပြောရတာ တစ်ခါတစ်လေအပျင်းပြေသဘောမျိုးဆောင်ပေမယ့်။ ကြာလာရင် လူကျန်းမာရေးကို လာလာထိခိုက်တယ်။ ဒါကအပေါ်ယံပါ။ နောက်တစ်ခုက ကျွန်တော်က ပိုက်ဆံမရှိဘူးဗျအင်တာနက်သုံးရင်။ ပိုက်ဆံစုပြီး တစ်ပတ်မှတစ်ခါ၊ ဆယ့်ငါးရက်မှတစ်ခါသုံးရတာ။ အဲ့ဒိတော့ ကျွန်တော့်အတွက်ကတော့ ချက်တင်လုပ်တာ သိပ်အဆင်မပြေဘူး။ ချက်နေရင်းနဲ့ လေကြောရှည်သွားပြီဆိုရင်တော့ လမ်းစရိတ်မကျန်မှာတောင်စိုးရသေးတယ်။

အဲ...gtalk သုံးတတ်လာတော့ နည်းနည်းပျက်စီးချင်လာပြန်ရော။ သူငယ်ချင်းတွေရလာပြီး ဟိုပြောဒီပြော လုပ်တတ်လာတယ်။ ဒါပေမယ့် ကိုယ်က အင်တာနက်သုံးလို့အဆင်ပြေတဲ့အလုပ်မှာလုပ်နေတာမို့ ပိုက်ဆံတော့မကုန်တော့ဘူးပေါ့။ မြန်မာစာအတွက်လည်း အရင်က ၀င်းလက်ကွက်နဲ့ ဇော်ဂျီနဲ့က ဆင်တူမို့ အဆင်ပြေတယ်။

အရင်ကတော့ချက်တင်ကိုအပျော်သုံးတတ်ပေမယ့်။ နောက်တော့ Communication tool တစ်ခုအနေနဲ့ အဓိပ္ပါယ်ရှိရှိသုံးတတ်လာတယ်။ အဲ့လိုသုံးတတ်လာတာလည်း gmail friend တွေရလာတာနဲ့အမျှ ချက်တင်လုပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်တွေ ဖလှယ်ရင်းသိလာတာလည်းပါတာပေါ့လေ။ Gtalk သုံးတဲ့အခါ MIRC တို့ YGN တို့ မသုံးချင်တော့ဘူး။ အဲ့ဒါတွေက သိပ်ပြီးမလေးနက်တဲ့အပြင်။ ထွေရာလေးပါးတွေများတယ်။ ပြီးတော့ ကိုယ်သုံးချင်တဲ့ nick ကိုကြိုက်သလိုဖွင့်လွယ်ကူစွာနဲ့ပဲ ချက်လို့ရနိုင်နေတာမို့ YGN Chat ကိုသိပ်ဘ၀င်မကျချင်တာလည်းပါမယ်။ ပြောရရင် Gtalk မှာက ကိုယ်သုံးတဲ့ Gmail နဲ့ အတည်တစ်ကျဖြစ်သေးတယ်။

ဒါပေမယ့်လည်း နောက်ပိုင်း gtalk user တွေကြားမှာလည်း ဟေးလားဝါးလား ဖြစ်တဲ့ တစ်ချို့တစ်လေလည်း ပါတာပေါ့ ။ အထူသဖြင့်ပေါ့ မြန်မာလူငယ်တွေကြားမှာ Gtalk ဇတ်လမ်းတွေကလည်း ဖောင်းပွလို့ရယ်လေ။ ကျွန်တော် Gtalk အရှုပ်များ ဆိုတဲ့ ပိုစ့်မှာရေးထားသလို ပြဿနာတွေကလည်း များမှများ။

ဆိုတော့က အခုအနေမှာ ကျွန်တော့်အတွက်တော့ Gtalk ဟန်းဖုန်းတစ်ခုလိုပါပဲ။ ကိုယ့်သူငယ်ချင်းတွေနဲ့ သာကြောင်းမာကြောင်းပြောချင်ပြော၊ ဒါမှမဟုတ် ကိုယ့်အလုပ်အတွက် ဆက်သွယ်စရာရှိဆက်သွယ်ဒီလောက်ပါပဲ။ အမြဲလိုလိုလည်း ကိုယ့်အကောင့်ထဲမှာ အွန်လိုင်းဖြစ်နေကြတဲ့ သူတွေရှိတယ် 24 နာရီပတ်လုံးမှာပါပဲ။ ဒါပေမယ့် ဘယ်သူနဲ့မှ လည်းတစ်ပတ်နေလို့ တစ်ခွန်းမပြောဖြစ်တဲ့သူတောင်ရှိတယ်။ သူငယ်ချင်းတစ်ယောက်ဆို အလုပ်ကအတူတူပဲ ဒါပေမယ့် နေရာကွဲတယ်။ဒါတောင် တစ်လနေလို့ တစ်ခွန်းမပြောဖြစ်တဲ့လတောင်ရှိတယ်လေ။

နောက်တစ်ခုက ကျွန်တော်ချက်တင်ကို သဘောမကျစရာဖြစ်လာရတဲ့အကြောင်းအရင်းတွေထဲမှာ Burglish ကလည်း ထိပ်ဆုံးကနေပါနေလိမ့်မယ်ထင်တယ်။ ဘယ်မှာပဲချက်ချက် အခုလူငယ်တွေကြားမှာ တစ်ဦးနဲ့တစ်ဦး စကားပြောကြရာမှာ burglish နဲ့ပြောနေကြတာပဲ။ ဟုတ်လို့ပဲ သူတို့ချင်းကတော့၊ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ အခက်အခဲရှိတယ်။ ကျွန်တော့်မှာ အင်္ဂလိပ်စာတောင် ခက်ခက်ခဲခဲလေ့လာနေရလို့ ပိန်းရတဲ့ကြားထဲ။ သူတို့ပြောတဲ့ burglish ကလည်းဖတ်လို့အဆင်မပြေပြန်ဘူး။ ဘယ်ပြေမှာလဲဗျာ အသံထွက်အတိုင်းရိုက်တယ်လို့ပြောတဲ့ သူတို့ burglish က အသံမှမမှန်ပဲ။ အခု burglish chatter တွေချက်တဲ့ စာလုံးတွေကို သေချာပေါင်းဖတ်ကြည့်ရင် ဘယ်လိုမှ မမှန်တာတွေ့ရပါလိမ့်မယ်။ \" nay kaung lar? min doe nae ngar nae ah young twae chin tar pae. ma see ya tar long nay pi.\" မြန်မာလိုအသံထွက်နဲ့ ရေးချင်တဲ့နေရာရေးပြီး မရေးတတ်တဲ့နေရာမှာကျတော့ အင်္ဂလိပ် meaning တွေထည့်ရေးတာ ဘယ်လိုမှ တစ်ခါတစ်လေနားမလည်နိုင်တာမျိုးတွေရှိတယ်။

ကျွန်တော်ကိုယ်တိုင်လည်း Burglish သုံးဖူးပါတယ်။ ကျွန်တော်မသိတဲ့စကားလုံးကို ပြန်မေးတဲ့နေရာမှာ(သို့) သူများမသိတဲ့စကားလုံးကို ပြန်ရှင်းပြချင်တဲ့နေရာမှာသုံးတာပါ။ ချက်တင်အနေနဲ့သုံးတာတွေ မေးလ်ပို့တာတွေကတော့ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုပဲပို့တာတွေ၊ ချက်တာတွေ၊ များပါတယ်။ အဲ့ဒိလို လုပ်ခြင်းအားဖြင့် ဘာအကျိုးထူးသလဲဆိုတော့ အရင်တုန်းက စုတ်ပြတ်သတ်နေတဲ့ အခြေအနေမကောင်းတဲ့ အင်္ဂလိပ်စာ က တော်တော်လေး အခြေအနေကောင်းလားတာတွေ့ရပါတယ်။ ဒါဟာ... ကျွန်တော် ချက်တင်လုပ်တာရဲ့ အကျိုးပါ။ ကျွန်တော့်အနေနဲ့ကတော့ တစ်ခုခုကို ဘယ်လိုအကျိုးရမလဲဆိုတာနဲ့ပဲတွက်ပါတယ်။ အဲ့ဒီလို burglish နဲ့ရေးတဲ့သူတွေ ကြည့်လိုက်ရင် ကြားဖူးနေကြစကားလုံးကို တောင်ကြားလိုက်ရင် ဘယ်လိုစာလုံးပေါင်းရမလဲဆိုတာ တောင် မတတ်တော့တဲ့ အဖြစ်ကိုဖြစ်နေကြသူတွေတစ်ပုံကြီးပါ။ဥပမာ - professionalguiterist ဆိုတဲ့အကောင့်နာမည်ကိုတောင် မပေါင်းတတ်တော့ပါဘူး။ \"သက်\" ဆိုတဲ့အသံထွက်ကိုတောင် ဘယ်လိုပေါင်းရမလဲဆိုတာမသိတဲ့ လူငယ်မျိုးတွေ မြန်မာမှာ တစ်ပုံကြီးပါ။ အင်္ဂလိပ် စာကြောင်းလည်းမှန်အောင်မရိုက်နိုင်ရတဲ့ကြားထဲ၊ အသံထွက်ကိုတောင် မှန်အောင်မပေါင်းနိုင်ကြတော့ အခြေအနေကတော်တော်ဆိုးပါတယ်။ ဒီကြားထဲ အဘိဓါန် လုပ်ရောင်းတဲ့ တစ်ချို့စာအုပ်တိုက်တွေက မြန်မာအသံထွက်တွေကို အင်္ဂလိပ်စာလုံးပေါင်းပြီး စာအုပ်ထုတ်ရောင်းတာကိုကြားရတော့ အတော်လေးစိတ်မကောင်းပါဘူး။ အဆိပ်ပင်ရေလောင်းဆိုတဲ့စကားက အဲ့ဒါမှအစစ်ပါ။

ကျွန်တော်တို့ လူငယ်အများစု (များသောအားဖြင့် ကျွန်တော်တို့လို အဝေးသင်တက္ကသိုလ် တက်ပြီး ကျောင်းပြီးလာတဲ့ ဘွဲ့ရတွေမှာ အများစုက အင်္ဂလိပ်စာမကောင်းကြပါဘူး၊ မကောင်းရုံတင်မကဘူး။ စုတ်ပြတ်သတ်နေကြတာပါ။ အဝေးသင်တွေ အများစုက အလုပ်လုပ်ရင်း ကျောင်းတက်ရတာပါ။ ) လူငယ်အများစုမှာ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်း၊ ဟိုလူပြော ဒီလူပြောနဲ့ အင်တာနက် သုံးနည်းသင်တန်းတွေ ပိုက်ဆံအကုန်ခံပြီး တက်ပြီးတော့မှ ချက်တင်ထဲမှာ မျောနေရင်အလုပ်မဖြစ်သေးပါဘူး။ အင်္ဂလိပ်စာ မတတ်ဘူးဆိုပြီး သင်တန်း တက်နေလို့ချည်းလည်း မဖြစ်သေးပါ။ အခွင့်အရေးရတဲ့နေရာလေးကနေ အင်္ဂလိပ်စာကို တိုးတက်အောင်လုပ်ရမှာပါ။ ချက်ထဲကနေ ယက်ယူတတ်ဖို့လိုပါတယ်လေ။

အင်္ဂလိပ်စာမရေးဘူးကွာ ဗမာလိုပဲရေးမယ်ဆိုပြီးတော့လည်း မြန်မာစာကိုကျတော့လည်း သေချာအောင် မရိုက်တတ်ကြပါဘူး။ ရိုက်တတ်အောင်လည်း လုပ်ကြတာက အနည်းစုပဲရှိပါတယ် ။ အလွယ်လမ်းလိုက်တဲ့အခါ အချိန်ကြာရင် အလွယ်ကြိုက်သွားတတ်ကြပါတယ်။ အလွယ်လုပ်ရင် လွယ်တာတွေပဲရမှာပေါ့ ထိုက်ထိုက်တန်တန် ကိစ္စတွေဆိုရင် ဒီတိုင်းပဲလွှတ်ထားလိုက်တော့မှာလား။ သိပ်ပြီးကြီးကြီး ကျယ်ကျယ်တွေးစရာမလိုပါဘူးဗျာ။ တရုတ်ယူဇာတွေတောင်မှ သူတို့ဘာသာစကားကို မြတ်နိုးလွန်းလို့ သူတို့ကွန်ပြူတာလက်ကွက်ကို မှန်အောင်သုံးတတ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာတွေကျတော့ ဒီလိုဖြစ်နေတာ က အနည်းဆုံးပြောရရင် တော်တော်လေးအောက်ပါတယ်။ အများဆုံးပြောရရင် ၀မ်းနည်းစရာပါ။

အင်တာနက်အသုံးပြုခြင်းမှာ chatting ရော၊ browsing ရော၊ မျိုးစုံပါပဲ။ ချက်တင်မှာပဲနစ်နေပြီး၊ သုံးတော့လည်း burglish တွေနဲ့ ပြောတော့လည်း ထွေရာလေးပါးဆိုတာမျိုးက တစ်ချို့တစ်ချို့သော လူငယ် 18 နှစ်ကနေ နှစ်ဆယ်ဝန်းကျင်တွေတော်တော်လေးကို ပြင်ဖို့ကောင်းနေပါပြီ။ တစ်ချို့အခြေအနေဆိုးသူများဆိုရင် browsing ကိုတောင် ကောင်းကောင်းမလုပ်တတ်ကြပါဘူး။ တစ်ချို့ဆိုလုပ်ကိုမလုပ်တတ်တာပါ။ ဒါကတော့တော်တော်လေးဆိုးဆိုးရွားဖြစ်နေတာပါ။ အင်တာနက်သုံးတာကို ချက်တင်အတွက်ပဲသိပြီး။ တစ်ခြားဘာမှ မလုပ်တတ်တာကတော့ အဆင်မပြေရုံတင်မက အတော်လေးကို စိတ်မကောင်းစရာ ဖြစ်တဲ့အပြင် ငွေလည်းကုန်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ နှစ်ဆယ်ဝန်းကျင် တစ်ချို့သောလူငယ်များ စဉ်းစားနိုင်ဖို့လိုနေပါပြီ။


ကိုဂစ်တာ

Comments

pandora said…
သေသေချာချာ စဉ်းစားစရာကောင်းတဲ့ ပို့စ်လေးပါ ကိုဂစ်တာရေ...
ဘာသာစကားတွေကို မြန်မာဆိုလည်းမြန်မာ အင်္ဂလိပ်လိုဆိုလည်း အင်္ဂလိပ် ဒါမှမဟုတ် တကယ် အသံဖလှယ် တီထွင်မယ်ဆိုရင်လညး ပီပီပြင်ပြင် လုပ်နိုင်ရင်ကောင်းပါတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး