မေ့တတ်လို့

လူတစ်ဦးချင်းစီမှာ အားနည်းချက်လို့ ဆိုရမယ့် အချက်တစ်ခုစီကတော့ ရှိတတ်ကြပါတယ်။ လူကြားသူကြားထဲ နားကလော်တာ၊ လူကြားသူကြားထဲ သွားကြားထိုးတာ ၊ နေရာမရှောင် နှာခေါင်းနှိုက်တာ၊ ယောင်တတ်တာ၊ မေ့တတ်တာ၊ စကားပြောရင် မျက်ခုံးအလွန်အမင်းတွန့်ပြီးပြောတာ၊ စကားကိုလိပ်ပတ်လည်အောင်မပြောတတ်တာ စသည်ဖြင့်စုံလို့ပေါ့။

ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ဆိုရင် ယောင်တတ်တာအရမ်းပဲ။ ခါးတို့လိုက်တာနဲ့ ယောင်တော့တာပဲ၊ သူယောင်တာက ဆဲပြီးတော့ယောင်တာဆိုတော့ ကောင်မလေးတွေနဲ့ ကျွန်တော်တို့စကားများလို့ ကိုယ်ကမနိုင်တော့ဘူးဆိုရင် အဲ့ဒိကောင်မလေးနာမည်ကိုခေါ်ပြီး မေ့တတ်တဲ့သူငယ်ချင်း ရဲ့ခါးကို တို့လိုက်တာနဲ့ "ဖေ......" ဆိုပြီး ယောင်ပြီး ဆဲပါလေရော...။ကောင်မလေးတွေမှာ စိတ်ပဲဆိုးရမလို၊ ရယ်ပဲရယ်ရမလို။

အဲ့ဒိတုန်းကတော့ ကိုယ်အနိုင်ယူချင်တာလေး တစ်ခုအတွက် သူများအားနည်းချက်ကို အသုံးချမိတယ်။ သူ့စိတ်ထဲမှာ ယောင်သွားတဲ့အတွက် ဘယ်လောက် ခံစားရခက်လိမ့်မလဲ မတွေးခဲ့မိဘူး။ အခုတော့ အဲ့ဒိသူငယ်ချင်းလည်း ယောင်တဲ့အကျင့်ပျောက်သလောက် ဖြစ်သွားပါပြီ။ တစ်ခါတစ်လေ ငယ်ငယ်ကအကြောင်းကို သတိတရနဲ့ သူ့ခါးကို သွားတို့မိရင် "အု ...အု" ဆိုပြီးဖြစ်တတ်တယ်။ မယောင်မိအောင် သူ့ကိုယ်သူ ထိန်းထားရမှာ အတော်ခက်မယ်ထင်ပါတယ်လေ။

အဲ့ဒိလိုပဲ ကိုယ်ကိုယ်တိုင်လည်းအားနည်းချက်ရှိမှန်း အစက မသိခဲ့ဘူး။ နောက်တော့မှ တဖြည်းဖြည်းချင်းပေါ်လာတာ။ အလုပ်ကပြန်လာပြီဆို ထမင်းချိုင့်ရယ်၊ လက်ဆွဲ TRI အိတ်ရယ်ဆွဲလို့ လမ်းထိပ်က ဆိုင်မှာ စားစရာ၊ ကွမ်းယာ၊ ကော်ဖီ စသည်ဖြင့် ၀င်ဝယ်တတ်တယ်။ ဆိုင်ထဲရောက်ရင် ထမင်းချိုင်လေးဘေးမှာချ ကိုယ်ယူမယ့် အမယ်တွေကို လိုက်ယူ၊ ကွမ်းယာ ယာတာကိုစောင့်ယူပြီးရင် ပိုက်ဆံရှင်းပြီး ထွက်ခဲ့ရော။ အိမ်ရောက်တော့ အမေက "ထမင်းချိုင့်ဘယ်မှာလဲ" ဆိုမှ "ဟာ" ဆိုပြီး ဈေးဆိုင်ကိုပြန်ပြေးရတယ်။

တစ်ခါကလည်း အလုပ်ကပြန်လာတာ ထမင်းချိုင့်မေ့ကျန်ခဲ့တယ်။ နောက်တစ်နေ့မနက်ကျ ထမင်းချိုင့်ထည့်မယ်လည်းလုပ်ရော အမေက ချိုင့်ပျောက်လို့ပြောမှ ဈေးဆိုင်မှာ ထမင်းချိုင့်ကျန်ခဲ့မှန်းသိရတယ်။ အဲ့ဒိ့နေ့က အပြင်စာစားလိုက်ရတယ်လေ။ အဲ့ဒိလိုအလုပ်မှာ ကျန်ခဲ့တာနဲ့ ဆိုင်မှာကျန်ခဲ့တာနဲ့ ဖြစ်တာက သုံးလေးကြိမ်လည်းမကတော့ဘူး။ ဒါအပြင် လက်နှိပ်ဓါတ်မီးကျန်ခဲ့တာ၊ ပိုက်ဆံပြန်အမ်းမှာကို မေ့ပြီး ပြန်ထွက်လာတာ တွေလည်း မနည်းဘူး။

အစကတော့ ဒီလိုမေ့တာကို ပေါ့ပေါ့ပဲထားခဲ့မိတာ။ အခုတလောမှာပိုပိုဆိုးလာတယ်။ အလုပ်မှာထမင်းချိုင့်ကျန်ခဲ့တာတွေ၊ ဓါတ်ပုံသွားရွေးဖို့ ပိုက်ဆံကျန်တာ၊ ဘောက်ချာကျန်တာ၊ မှတ်ပုံတင်မေ့ကျန်တာ၊ memory stick မေ့ကျန်တာ၊ အများကြီးပဲ မေ့တာတွေများလာတယ်။ မနေ့ကဆို မြေနီကုန်းမှာ ကွမ်းယာဆိုင်ဝင်တော့ ဆိုင်ရှင်က အကြွေမအမ်းနိုင်လို့ အဆင်ပြေအောင်လုပ်ပြီးကွမ်းတရာကိုယူစားလိုက်တယ်။ ပြီးတော့ သူပိုက်ဆံလည်းပြန်အမ်းရော ထွက်ခဲ့လိုက်ရော။ အတော်လေးလှမ်းပြီး ဆိုင်နဲ့တော်တော်လေးဝေးတော့မှ ကွမ်းယာထုပ်ယူဖို့မေ့ခဲ့မှန်း သိရတယ်။ ကွမ်းတရာကို ငွေတစ်ရာပေးပြီးဝယ်ခဲ့မိတဲ့ အဖြစ်ရယ်ပါ။

ဒီလိုမေ့တတ်တာတွေကြောင့် နှောင့်နှေး တာတွေလည်း ရှိခဲ့သလို လက်လွတ်ခဲ့တာတွေ၊ ကိုယ်အလေးထားရသူတွေက ကိုယ့်ကို အထင်လွဲခံခဲ့ရတာတွေလည်း ခံစားခဲ့ရဖူးတယ်။ မေ့တတ်လို့အတော်လေးခံစားရအောင် ကြေကွဲဖို့ကောင်းအောင် ဖြစ်ရတာတွေလည်း ဖြစ်ခဲ့ဖူးတယ်။ ဒီလိုမေ့တတ်တာလည်း ရောဂါတစ်ခုလိုပါပဲ။ ဘာတွေဘယ်လိုဖြစ်လို့မေ့တတ်တာကစွဲကပ်လာတယ်မသိဘူး။ အိပ်ရေးပျက်တာတွေကြောင့်လား။ အင်တာနက်သုံးချိန်များနေလို့လား။ စိတ်ဖိစီးမှု့တွေများလို့လား။ ဘာကြောင့်မှန်းလည်းတွေးမရသေးပါဘူး။ အသီးအနှံများများစား၊ အိပ်ရေး၀၀အိပ်၊ ရေများများသောက်ပြီး၊ အနေအထိုင် ဆင်ခြင်မှပါပဲလေ။

Comments

ဟုတ်တယ်နှောင့်နှေးတာတွေလက်လွတ်တာတွေအစုံပဲ ၀ှိုက်လည်းခုတစ်လောအရမ်းမေ့တတ်နေတယ်
အိမ် said…
တွေ့ဖူးတယ်ဗျ ယောင်တတ်တဲ့သူတွေ ဟုတ်တယ်ဗျ
နောက်တဲ့သူကသာ ဘာမှမသိတာ ယောင်တတ်တဲ့သူ
အတွက် အရမ်းပင်ပန်းတယ်လို့ ပြောကြတယ်ဗျ။
မေ့တတ်တာကတော့ ရှပ်ပြာ ရှပ်ပြာနဲ့ ဆပ်ပြာသည်လင်
ပျောက်သလို လုပ်ရင်တော့ မေ့မှာပဲဗျဒီတော့ နောက်ဆို
ဘာမဆို သတိထားပြီးလုပ်ဗျ။ဟီဟီး ဆရာလုပ်သွားတယ်

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး