ရန်ကုန်မြို့တွင်နေထိုင်သူတစ်ယောက်၏ ရန်ကုန်မြို့အပေါ် သဘောထား

ရေးသားရန် အကြောင်းအရာများ (Topic Guide)
(၁) နေထိုင်မှု
(၂) စားသောက်မှု
(၃) သွားလာမှု
(၄) ဆက်သွယ်မှု
(၅) ပညာရေး
(၆) ကျန်းမာရေး
(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။

(၁) နေထိုင်မှု
- ငှားရမ်းနေထိုင်ခြင်း
ငှားရမ်းနေထိုင်ခြင်းကတော့ ကိုယ်ကိုယ်တိုင်ငှားမနေဖူးတဲ့အတွက် အတွေ့အကြုံလည်းမရှိ၊ သိလည်းမသိပါဘူး။ အိမ်ခန်းငှားရမ်းတာတော့လုပ်ဖူးပါတယ်။ အိမ်က အမေနဲ့အဆင်မပြေတဲ့အတွက် ခဏခဏ တစ်ကျက်ကျက်ဖြစ်ပါတယ်။ ကျနော့်အမေက စည်းကမ်းသိပ်ကြီးတယ်။ အိမ်ငှားသူတွေက ညစ်ပတ်တယ်ဆိုတာနဲ့တွေ့ရင်တော့ အဆင်မပြေပါဘူး။ အမေနဲ့တည့်တဲ့အိမ်ငှားဆိုရင်တော့ အိမ်မှာ သုံးလေးနှစ်လောက်ဆက်တိုက်နေသွားကြပါတယ်။ ကျွန်တော်တို့အိမ်ခန်းငှားတာကို ငှားချင်သူတွေအများကြီးပါပဲ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ အိမ်က သန့်ရှင်းလို့ပါ။ မြောင်းကမြောင်း၊ လမ်းကလမ်း၊ သစ်ပင်ကသစ်ပင်၊ ရေတုံကင်ရေချိုးတဲ့နေရာကသတ်သတ်၊ ပန်းကန်ဆေးတဲ့နေရာက သတ်သတ် စည်းနဲ့ကမ်းနဲ့ အမေကထားတယ်လေ။ အဲ့ဒိတော့ အိမ်ငှားပြီးနေမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိရမယ်။ သန့်ရှင်းသပ်ရပ်စွာနေတတ်ရမယ်။ အဲ့ဒါမှအိမ်ရှင်နဲ့အဆင်ပြေမယ်။ ကိုယ်တိုင်အိမ်ပိုင်းအိုးပိုင်ရှိလာတဲ့အခါကျရင်လည်း။ စည်းနဲ့ကမ်းနဲ့ ကိုယ့်အိမ်ကို ပြုပြင်ထိန်းသိမ်းတတ်လာမယ်။ နို့မို့ဆိုရင်တော့ ရွှံ့ထဲဗွက်ထဲမှာ ဗြစ်စိ ဗြစ်စိနဲ့ ဖြစ်နေမှာပဲ။ ကိုယ်တိုင်အိုးပိုင်အိမ်ပိုင်မနေနိုင်ခင်မှာ အိမ်ရှင်ကလုပ်ပေးထားတဲ့ စည်းကမ်းနဲ့ နေသားတစ်ကျဖြစ်ဖို့ လုပ်ရမယ်လို့ထင်တယ်။ ကိုယ့်အိမ်လိုသဘောထားပြီတော့ပေါ့။

- ဆွေမျိုးများနဲ့ အတူ နေထိုင်ခြင်း
ကျွန်တော်ခြောက်နှစ်သားအရွယ်ကတည်းက ရန်ကုန်ကိုပြောင်းလာတာဆိုတော့၊ ဆွေမျိုးတွေနဲ့ မနေဖူးပါဘူး။ နေလည်းမနေချင်ပါဘူး။ ကျွန်တော်က တစ်ကိုယ်တည်းရုန်းကန်လှုပ်ရှားရတာကိုကြိုက်တယ်။ တစ်ကိုယ်တည်းနေတာပဲကြိုက်တယ်လေ။ ကိုယ်ကြိုက်တာကိုယ်လုပ်လို့ရတယ်။ ကိုယ်ဖြစ်လည်းကိုယ့်ဘာသာခံရုံပဲ။ ဘယ်သူ့ကိုမှ အပူတွေမကူးစက်တော့ဘူးပေါ့။

- အိုးအိမ်ပိုင်နဲ့ နေထိုင်ခြင်း

အိုးပိုင်အိမ်ပိုင်နဲ့နေရတာသိပ်ကောင်းတာပေါ့။ အစားနဲ့ အ၀တ်အတွက်ပဲပူရတယ်။ နေစရာအတွက်မပူရဘူးပေါ့။ မြို့ထဲနဲ့မနီးတဲ့ မြို့နယ်တွေဆိုရင်တော့ ကိုယ့်အိမ်ကိုကောင်းကောင်းဆောက်ထားမယ်ဆိုရင် စိတ်ချမ်းသာရပါတယ်
တိုက်ခံအိမ်(သို့) တစ်ထပ်၊နှစ်ထပ် တိုက်အိမ်စသည်ဖြင့်ပေါ့။ ကိုယ့်နေထိုင်ရာအိမ်က မြို့တွင်းနဲ့ နီးမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ နေထိုင်သင့်တဲ့ အဆင်ပြေနိုင်တဲ့ နေရာတွေကတော့ အင်းစိန်၊ သမိုင်းလမ်းဆုံ အနီးနားတစ်ဝိုက်၊ ဘုရင်နောင်လမ်းဆုံအနီးတစ်ဝိုက်၊ လှည်းတန်း ၊ ရှစ်မိုင်တို့ပါပဲ။

(၂) စားသောက်မှု
- အပြင်တွင် စားသောက်သည့်အခါ ကုန်ကျစရိတ် ၊ - အိမ်တွင် မိသားစုနဲ့အတူ စားသောက်သည့်အခါ ကုန်ကျစရိတ်

အပြင်မှာစားသောက်မယ့်အခါ ဘာစားသောက်မလဲဆိုတာပေါ်မူတည်ပါတယ်
ကျွန်တော်တို့ ရန်ကုန်မြို့ထဲနဲ့မနီးတဲ့ မြို့နယ်လေးတွေမှာဆိုရင်မနက်စာ breakfast အတွက်သုံးလေးရာနဲ့တင်တော်တော်လေးတာသွားပါတယ်။ တော်တန်ရုံ အစားသိပ်မကြီးတဲ့သူတွေအတွက်ကတော့ လက်ဖက်ရည်ရိုးရိုး တစ်ခွက်နဲ့ အီကြာကွေး တစ်ချောင်း ဆမူစာတစ်ခုဆိုရင်(300-450 ကျပ်) လောက်နဲ့တင်ပြီးစီးသွားပါတယ်။ မုန့်ဟင်းခါးတစ်ပွဲ 150 (အကြောမပါ) အကြော်ပါ (200 ကျပ်(ဘူးသီးကြော်(သို့) အခြားကြိုက်ရာအကြော်တစ်ခုခု)။ ဒါပေမယ့် မြို့ထဲနဲ့နှစ်ဆလောက်တော့ကွာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ထဲမှာ နေကြတဲ့သူတွေက အဆင်ပြေတဲ့ ပိုက်ဆံရှိလူတန်းစားတွေများလှတယ်။ ဒါကြောင့် ဈေးနှုန်းတွေကလည်း ပိုယူကြပါတယ်။ အဲ့ဒိတော့ အပြင်ထွက်စားတာချင်းအတူတူ မြိုထဲနဲ့ မြို့စွန်မြို့နယ်တွေက ကွာပါတယ်။ ဒါကတော့ brakefast မို့လို့အပြင်မှာစားသောက်ရတာပါ။ နေလည်စာနဲ့ ညနေစာတွေအတွက်ကတော့ အပြင်မှာထွက်စားရင် ပဲဖြစ်ဖြစ်၊ အိမ်မှာပဲချက်ပြုတ်စားသောက်ရင်ပဲဖြစ်ဖြစ် ချဲ့ရင်ချဲ့သလောက်ကုန်ပါတယ်။ တစ်ခါတစ်လေ အပြင်မှာထွက်စားတာက ပိုကောင်းသလို တစ်ခါတစ်လေလည်း အိမ်မှာဖြစ်သလိုချက်စားတာကလည်း ပိုကောင်းပါတယ်။ သာမန်အနေနဲ့ပြောရရင် အိမ်မှာမိသားစုနဲချက်စားတာက ပိုကောင်းပါတယ်။ သာမန်အားဖြင့်တော့ ကုန်ကျစားရိတ်ပိုသက်သာတတ်ပါတယ်။

ဖြစ်သလိုစားချင်လျှင် အစားအသောက်ဈေးနှုန်းများ

မုန့်ဟင်းခါးတစ်ပွဲ(အကြော်ပါ) 200-250
အသုတ်တစ်ပွဲ(အကြော်ပါ) 200-300
ရှမ်းခေါက်ဆွဲ(500-700)
မြီးရှည်တစ်ပွဲ(ရိုးရိုး) -500
မြေအိုးမြီးရှည် - 800
ဒံပေါက်လိုက်ပွဲကြီး တစ်ပွဲ - 600
ဆမူဆာသုပ်တစ်ပွဲ - 300

(၃) သွားလာမှု
- ဘတ်စ် စီး ခြင်းအပေါ် သုံးသပ်ချက်
ဘတ်စ် စီးခြင်းကတော့ မြိုစွန် မြို့နယ်တွေမှာနေထိုင်တဲ့သူတွေကတော့ မရှိမဖြစ်ပဲပေါ့။ ကျပ်ကျပ် မကျပ်ကျပ်၊ ကောင်းကောင်းမကောင်းကောင်း မဖြစ်မနေစီးရမှာပဲ။ အစီးရေနည်းတဲ့လိုင်းတွေကျတော့ ကားအလာနည်းတာရယ်။ လူစီးများတာရယ်ကြောင့် ကျပ်ညပ်နေမှာပဲ။ များသောအားဖြင့် မြို့ထဲကိုသွားရတဲ့ ရုံးဝန်ထမ်း ၊ ကုမ္ပဏီဝန်ထမ်းတွေကတော့ ဘတ်စ် ကိုနှစ်ဆင့်စီးချင်စီး၊ ဒါမှမဟုတ် ရွှေဧည့်သည် ၊ ပါရမီစတဲ့ အထူးဘတ်စ်တွေကိုစီးကြတာများပါတယ်။ နောက်ပိုင်းမှာ ရွှေဧည့်သည်နဲ့ ပါရမီ ကိုယှဉ် ကြည့်ရင် ပါရမီကိုပိုမို ကောင်းမွန်တာကိုတွေ့ရတယ် ရွှေဧည့်သည် တစ်ချို့ဘတ်စ်တွေက တစ်ခြမ်းစောင်းနေပြီး အထဲမှာလည်းပူလောင်နေတာကိုတွေ့ရတယ်။ ပါရမီယဉ်တွေကတော့ သပ်ရပ်တဲ့ ယဉ်ပုံစံနဲ့ အတွင်းမှာလည်း အေးမြတဲ့ အခြေအနေနဲ့မို့ စီးရတာသက်တောင့်သက်သာရှိတယ်။ ပြီးတော့ ပါရမီက ဘယ်စီးစီး 200 ကျပ် ၊ ရွှေဧည့်သည်ကတော့ 300 ကျပ်ဖြစ်နေတယ်။ နောက်တစ်ခုက ပါရမီက ထိုင်ခုံတွေကျပ်ညပ်နေအောင်မထားဘူး။ အဆင်းအတက် အသွားအလာအဆင်ပြေတယ်။

- ကိုယ်ပိုင်ကား စီး ခြင်း အပေါ် သုံးသပ်ချက်
ကိုယ်ပိုင်ကားကတော့ ကိုယ့်ကိုယ်ပိုင်အမြင်အရဆိုရင်သားသမီးမွေးထားရတာနဲ့တူတယ်။ သူ့အတွက် ဟိုဟာဖြည့်ဆည်းရ၊ ဒီဟာဖြည့်ဆည်းရနဲ့၊ အသုံးဝင်တာကကျတော့လည်း သိပ်များများစားစားမရှိပါဘူး။ တစ်ချို့နေရာလေးတွေမှာပဲ အဆင်ပြေလှတယ်ထင်တာပဲလေ။ ကိုယ့်မှာကိုယ်ပိုင်မရှိတော့လည်း သိပ်မသိပါဘူး။ ရန်ကုန်မှာတော့ ကိုယ်ပိုင်ကားမရှိလို့ သိပ်ကြီးကြီးကျယ်ကျယ် အဆင်မပြေတာမျိုးမကြားဖူးပါဘူး။ တစ်ကယ်ကိုလိုအပ်မှဝယ်တာကောင်းပါတယ်။

- မြို့ပတ်ရထား စီး ခြင်း အပေါ် သုံးသပ်ချက်
မြို့ပတ်ရထားက ဘတ်စ်ထက်ဈေးနှုန်းသက်သာတယ်။ ဒါပေမယ့် သူအချိန်နဲ့သူလေ ခြောက်နာရီဆယ့်ငါးထွက်တဲ့ရထားပဲရှိတယ်ဆိုရင် ကိုယ်က ခုနှစ်နာရီမှ ဘူတာရောက်လာပြီး နောက်ဆယ့်ငါးမိနစ်အတွင်းမှာစီးချင်လို့ဖြစ်ချင်မှဖြစ်တာလေ။ ကားဆိုရင် နှစ်ဆင့်စီးပြီး လိုရာကိုရောက်အောင်အမြန်သွားလို့ရတယ်။ ဈေးနည်းပေမယ့် လူတွေအားလုံးအတွက်တော့ အဆင်မပြေပါဘူး။ ခုလောလောဆယ်တော့ သမီးရည်းစားတွေ အပျော်စီးရာ တစ်ခုလောက်ပဲထင်မိသေးတယ်။



(၄) ဆက်သွယ်မှု

- မိုဘိုင်းဖုန်း အသုံးပြုခြင်း
မိုဘိုင်းဖုန်းလည်း ခုနကပြောတဲ့ ကားလိုပါပဲ။်။ ရှိတော့လည်းဘာဖြစ်သလဲ?။ ဘာမှမဖြစ်ပါဘူး။ တစ်ခါတစ်လေ အမှန်တစ်ကယ်လိုအပ်တဲ့ကိစ္စလေးတွေလည်းရှိချင်ရှိနိုင်တာပေါ့။ ဒါပေမယ့် ရန်ကုန်မှာကြိုးဖုန်းတွေကပေါပါတယ်။ necessary တော့မဟုတ်ဘူးလို့ထင်တာပဲ။ ရှိရင်တော့ ကောင်းတာပေါ့။ ကိုယ်ကိုယ်တိုင်လည်းလိုချင်တာပဲ။ ဒါပေမယ့် GSM တော့ မကိုင်ချင်ဘူးဗျ။ ကြိုးဖုန်းနဲ့သူနဲ့ပြောရင် ပြတ်တောင်းပြတ်တောင်းဖြစ်လွန်းလို့ စိတ်တိုရတာအကြိမ်ကြိမ်။ feeling အောက်တယ်။

- Dial ဖုန်း အသုံးပြုခြင်း
ကောင်းပါတယ် ဘာမှသိပ်ဆိုးဆိုးဝါးဝါးမဖြစ်ဘူး။ GSM နဲ့ပြောရင် အဆင်မပြေတာတစ်ခုပဲ။

- အင်တာနက် အသုံးပြုခြင်း
သုံးလို့မကောင်းဘူး၊ Wi Max ကကောင်းသလိုလို၊ Adsl ကကောင်းသလိုလို၊ MTP ကကောင်းသလိုလို၊ ကောင်းချင်တဲ့အခါကောင်းနေပြီး၊ မကောင်းချင်တဲ့အခါမကောင်းဘူး၊ အင်တာနက်ဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေဆို နဂိုကမှ အင်္ဂလိပ်စာက သိပ်မကောင်းရတဲ့ကြားထဲ၊ Connection ကမကောင်းတော့၊ foreigner တွေလာရင် ပြဿနာပဲ။ ကော်နက်ရှင်မကောင်းတဲ့ကိစ္စကို ပြန်ရှင်းပြရတယ်။ Access denined ဖြစ်တာကိုလည်းရှင်းပြရတယ်၊ ယူကျုဘ်မရဘူး၊ ရာဟူး မရဘူး၊ မြန်မာစကားစကားနည်းနည်းတတ်တဲ့ ဖိလစ်ပိုင်လူမျိုးတစ်ယောက်ကဆို ဟာသအနေနဲ့ yahoo ကို မရဟူးးးး ဆိုပြီး ရယ်စရာလုပ်ပြောသေးတယ်။

(၅) ပညာရေး
ရန်ကုန် ပညာရေး နှင့်ပတ်သတ် သည့် အမြင်
ပညာရေးလား ပညာရေးကတော့ ညီမလေးတို့ကျောင်းက ကျောင်းသားတွေကတော့ Dota ပဲခုတ်နေတာပဲ။ တစ်ကယ်ဝါသနာပါလို့ဒီကျောင်းတက်တာလား၊ အမှတ်မှီလို့တက်တာလား၊ အဖေအမေတွေက လိုက်ပေးထားလို့ တက်ခွင့်ရလို့တက်တာလား။ တော့မသိဘူး။ တစ်ကယ်လုပ်ပြီး အဟုတ်ဖြစ်နေတဲ့သူတွေရှိသလို၊ ယောင်ဝါးဝါးတွေလည်းပါတာပဲ။ တစ်ကယ်တော့ Education ဆိုတာ အသိပညာ(knowledge ) နဲ့ အတတ်ပညာကျွမ်းကျင်မှု့(skills)တွေပေါင်းစပ်ထားတာပဲ။ ခံယူချက်ကလည်းရှိဦးမှ။ ဒီခေတ်က certificate ခေတ်မဟုတ်တော့ဘူး၊ Skills ခေတ်ကိုရောက်နေပြီလေ။ လူငယ်အများစုကတော့ အရည်အချင်းတို့ ကျွမ်းကျင်မှု့တို့ဆိုတာကို တရုတ်ကားထဲက အတွင်းအားသွင်းသလိုမျိုးလုပ်ချင်နေကြတယ်။ တစ်ကယ်တမ်းတော့ ကိုယ်တိုင်လုပ်ယူရမယ့်ခေတ်ကိုရောက်နေပြီလေ။ spoon-feed Education ဆိုတာ အနှစ်နှစ်ဆယ်လောက်ဒိတ်အောက်ခဲ့ပြီ။ ပညာရေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေလည်း များများရှိသင့်တယ်ထင်တာပါပဲ။ ဒါပေမယ့် အရေးကြီးတာက ခံယူချက်ဗျ၊ တစ်ချို့ကပြောတယ်၊ အရေအတွက်ထက် အရည်အချင်းကအရေးကြီးတယ်တဲ့။ အင်း အရေအချင်းရှိတယ်ဆိုတာကလည်း ခံယူချက်ကောင်းမှပဲ အရည်အချင်းကရှိလာမှာ။ ကျောင်းကပညာကို လုပ်ငန်းခွင်မှာအသုံးချဖို့ ကို သင်တန်းပြန်တက်နေရတဲ့ အဖြစ်ကလွတ်ရင်တော့ ပညာရေးက ပိုမိုတောက်ပြောင်လာမှာပဲ။ အသီးစားချင်ရင် ကြွေကျတာမစောင့်ပဲ တက်ခူးရင်ခူး၊ ချုတံနဲ့ ချုရင်ချုတစ်ခုခုတော့ လုပ်ရမှာ။


(၆) ကျန်းမာရေး
ရန်ကုန်မြို့ ရှိ ကျန်းမာရေး ၀န်ဆောင်မှု အပေါ်အမြင်

ကျန်းမာရေးဝန်ဆောင်မှုအနေနဲ့ကတော့ သိပ်မသိဘူး ဘာလို့လဲဆိုတော့ ကျန်းကျန်းမာမာရှိလို့ပဲ။ တစ်ခါတော့ ခြေထောက်အဆစ်ပြုတုန်းကတော့ အပြင်ဆေးခန်းမှာသွားပြဖူးတယ်။ ပိုက်ဆံသိပ်ကုန်တာပဲ။ အခုတော့ အခမဲ့ဆေးခန်းတွေဖွင့်နေပြီ။ ဘယ်လိုနေသလဲတော့ မသိဘူးလေ။ ကိုယ့်အသိတွေလည်းပြဖူးမယ်မထင်ဘူး။





(၇) လူမှုရေး
- ရန်ကုန်မြို့ ဧ။် လူမှုဆက်ဆံရေး ပုံစံ နှင့် ထို ဆက်ဆံရေးပုံအမြင် ၊
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်…အမေရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းလာတက်တော့ လှည်းတန်းမှာအဆောင်နေတယ်။ အဲ့ဒိတုန်းကတော့ အဆောင်ရှေ့မှာအမေ့ကို အဆောင်ပိုင်ရှင်မိန်းမကြီးက ခြေဆုံးခေါင်းဆုံးကြည့်တယ်လို့ပြောပြဖူးတယ်။ အခုထိလည်းတစ်ချို့မိန်းမတွေက လူကိုမြင်ရင် ခြေထောက်ကို ငုံ့ကြည့်တာ ဘာသဘောလဲမသိဘူး သူတို့ကြည့်တော့လည်း။ ကိုယ်လည်းပြန်ကြည့်တာပေါ့။ ကျွန်တော်မုန်းတဲ့အချက်တွေထဲမှာ ခြေထောက်ကိုလာကြည့်တာလဲပါတယ်။သိပ်မုန်းတယ်။ သတ်ပြစ်ချင်လောက်အောင်ကိုမုန်းတယ်။


- ရန်ကုန် လူ့အဖွဲ့အစည်း အပေါ်အမြင်

စည်းနဲ့ကမ်းနဲ့ မနေတတ်ဘူးထင်တာပဲ။ ကွမ်းမထွေးနဲ့ဆိုထွေးတယ်၊ အိမ်သာထဲမှာ ခြေမဆေးရဆိုဆေးတယ်။ စာကပ်ထားလည်းမရဘူး။ ရန်ကုန်မြို့ကြီးမှာ စာရွက်တွေ စာရွက်တွေ ဆိုင်းဘုတ်တွေ ဆိုင်းဘုတ်တွေ၊ အမှိုက်မချရ၊ ကွမ်းတံတွေးမထွေးရ၊ လမ်းဘေးသေးမပေါက်ရ၊ ဒီနေရာမှာ ကားမရပ်ရ၊ ဖြေးဖြေးမောင်းပါ၊ ကားကြီးမ၀င်ရ၊ လမ်းပေါ်တွင်ဘောလုံးမကန်ရ၊ ဆိုတာမျိုးတွေအများကြီးပဲ။ တစ်ကယ်ပေါတယ်။ မရှိတဲ့ရပ်ကွက်၊ မြို့နယ်ဆိုတာ မရှိပါဘူး။ ဆိုင်းဘုတ်တွေ နည်းသွားရင်တော့ ကောင်းမယ်ထင်တာပဲ။



ရန်ကုန်မြို့ကို မြန်မာပြည်ဧ။် မြို့တော် အဖြစ်မှ ပြောင်းလဲလိုက်ခြင်းအပေါ် မည်သို့ ထင်မြင်ပါသလဲ ?

ဒါကိုတော့ ဘယ်လိုမှမမြင်ပါဘူး။ မြန်မာနဲ့ရန်ကုန်နဲ့ အတွဲပါပဲ။ဒါနဲ့ မောင်ရှင်းသန့်မေးခွန်းက သိပ်မရှင်းဘူး ရန်ကုန်ကနေဘယ်ကိုများပြောင်းလိုက်လို့လဲ။ သိပ်မရှင်းဘူး။ မေးခွန်းကိုပြန်ပြင်လိုက်ရင် အဆင်ပြေမယ်ထင်တာပဲ မောင်ရှင်းသန့်ရေ…။


အကြောင်းအရာများကို အကို၊အမ ၊ အန်တီ ၊ အန်ကယ် တို့ ထင်မြင်သမျှ
ရေးပေးရန် ဖြစ်ပါသည် ။
(တခြား မိမိ အမြင်များကိုလည်း ထည့်သွင်းနိုင်ပါသည် ခင်ဗျားးး ) ဆိုပြီးမောင်ရှင်းသန့်က ထွင်ပြီး တက်ဂ်လိုက်တဲ့ တက်ဂ်ပါ ကျွန်တော်တစ်ယောက်တည်းအမြင်နဲ့ဆိုရင် သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်မရေးနိုင်လို့ ထပ်ဆင့်အနေနဲ့

ကိုမင်းယွန်းသစ် www.minyoonthit.net
ကိုလင်းဦး www.linoo.myanmarbloggers.org
သူရဿဝါ www.thurathawah.myanmarbloggers.info
တာတာ www.feeling86.myanmarbloggers.info
သားဖြိုး http://mypoembag.mmgenius.com


တို့ကို တက်ဂ်လိုက်ပါတယ်။


လေးစားစွာဖြင့်.....

ကျော်ညိုသွေး

Comments

ကျေးဇူးတင်ပါတယ်ခင်ဗျ . ပွင့်ပွင့်လင်းလင်းပဲပေါ့ ဟုတ်ဘူးလား :P

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး