23
တစ်နှစ်တစ်ခါတော့ သြဂုတ်လက ပြန်ရောက်လာစမြဲ၊ တစ်နှစ်တစ်ခါတော့ လွမ်းလွမ်းဆွေးဆွေးနဲ့ ဒီလိုမိုးအေးအေးနဲ့ကြုံရစမြဲပေါ့။ ကျနော့်ကို ဒီလိုသြဂုတ်လ ရဲ့ မိုးသည်းတဲ့ည ၇ နာရီခွဲမှာ မွေးဖွားခဲ့တာတဲ့။ ကြာသာပတေးသား၊ မရဏဖွား၊ငါးဂဏန်းသမား ငါးဂဏန်းကျအောင် အဖေက သေချာတွက်ပြီး ကိုင်ရိုနည်းအရ ကျနော့်ကို အဲ့ဒီညမှာပဲ နာမည်ပေးခဲ့တယ်။1984 ခုနှစ်က 23 ရက်ကိုပြန်မရောက်နိုင်တော့ပေမဲ့ အခု2008 ခုနှစ် သြဂုတ် 23 ရက်နေ့ကိုပြန်ရောက်တဲ့အခါကျရင်တော့ ကျနော် အသက်က 24 ရှိပြီ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ကျနော် ဖြတ်ကျော်ခဲ့တာတွေကိုပြန်တွေးတိုင်း မနေ့တစ်နေ့ကလိုပြန်ခံစားရဆဲပါပဲ။ 23 နဲ့ပတ်သက်တဲ့ စကားလေးတစ်ခုတောင် ၀န်ထမ်းလောကမှာရှိသဗျ။ ဘာတဲ့…. ပြတ်တုန်း လပ်တုန်း နှစ်ဆယ့်သုံး တဲ့။ သူများတွေ ပြတ်လပ်နေတဲ့ အချိန်မှာ ကျနော်က မွေးခဲ့တာလေ။ အဲ့ဒီ့တော့ ကျနော်ကလည်း မကြာမကြာ ပြတ်လေ့ ရှိတယ် ဗျ။ ဒိုးပြားတွေလေ…။ နွေတွေ၊မိုးတွေ၊ဆောင်းတွေ နဲ့ ပြက္ခဒိန်တွေ ရင်ကွဲပြီးရင်းကွဲခဲ့တဲ့ ကျနော့်ရဲ့မနက်တွေ….နောက်ပြီးတော့ လည်ပင်းတွေဆို့နေတဲ့ ညနေ…အားလုံးကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ စိတ်ရောကိုယ်ပါ မရွှင်လန်းမချမ်းမြေ့စေနိုင်တဲ့ အတိတ်တွေက အိပ်မက်ကဗျာလေးတွေကလည်း အခုတော့ သူ့နေရာနဲ့သူ နေသားကျနေကြပြီလားမသိ။ တစ်ခါတစ်ခါတော့ သတိရမိသား။လွမ်းတော့မလွမ်းတော့ပါဘူး။ ဟိုတစ်ကွက်သည်တစ်ကွက် Pattern ချထားတဲ့ စိတ္တဇ ပန်းချီတစ်ချပ်လို။လမ်းမပေါ်က ရက်ပါတစ်ယောက်ရဲ့ ကိုယ်တွေ့တွေရောမွှေထားတဲ့ ဟစ်ဟော့ပ်တေးတစ်ပုဒ်လို၊ အဖြစ်အပျက်တွေမြန်ဆန်လွန်းလှတဲ့ အိပ်မက်ရှည်တစ်ပုဒ်လို ငယ်ဘ၀ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေကိုတွေးတိုင်း ပျော်စရာတစ်ကွက် လွမ်းစရာ တစ်ရောင် အမှောင်တွေကတစ်လှည့် အလင်းတွေကတစ်ခါနဲ့ ဘာသာပဲ အဝေးကိုငေးမိတယ်။ လာရာလမ်းကိုပြန်ကြည့်ရင် ကိုယ်ဘာသာကိုယ် တန်ဖိုးထားတဲ့ ၀ါသနာတွေရှိတယ်။ ငယ်ငယ်လေးကတည်းက တမ်းတမိတဲ့ ဘ၀တစ်ခုရှိတယ်။ ကိုယ်နဲ့အတူ ကပ်ပါနေတဲ့ မရဏဖွားကံကြမ္မာတစ်ခု ရှိတယ်။ဲ့ ပိုက်ဆံပြတ်ချိန်တွေမှာ ကော်ဖီတစ်ခွက်ကို အတူတူမျှသောက်မဲ့ သိပ်ခင်ရတဲ့ မရဏဖွား သူငယ်ချင်းတစ်ယောက်ရှိတယ်။ကျေနပ်စရာပါ လို့တွေးရင်လည်းကျေနပ်ခဲ့မိတယ်။ ဖြတ်သန်းခဲ့ရတဲ့ လမ်းကိုပြန်ကြည့်ရင် ချောမွေ့လားဆိုတော့လည်းမချောမွေ့ဘူး။ ခက်ထန်လွန်းတယ်လည်းမဟုတ်ပြန်ဘူး။ တစ်ခါတစ်လေ သိမ်ငယ်မိတဲ့မျက်ရည်၊ တစ်ခါတစ်လေ အားကျမိတဲ့မျက်ရည်၊ ကျေနပ်မိတဲ့မျက်ရည်…..အဓိပ္ပါယ်တွေများစွာနဲ့ လည်းကျခဲ့ဖူးတယ်။ ဒါပေမဲ့ကြေကွဲစရာတွေ ကို ဒိုင်ယာရီတော့ ရေးမှတ်မထားမိဘူး။ ကျွန်တော့် အဘိဓါန်မှာ အခက်အခဲဆိုတဲ့ စကားလုံးက ထိပ်ဆုံးက ပါနေခဲ့တယ်။ သူများတွေအတွက် လွယ်ကူတာတွေက ကျနော့်အတွက် အခက်ခဲဆုံးတွေပဲ။ ဒါပေမဲ့ကျနော်ကျေနပ်တယ်။ ကျနော့်ရဲ့ ညာဏ်တွေအကုန်ထုတ်သုံးပြီး အခက်အခဲတွေကိုနပန်းလုံးရလို့ ဘာမဆိုတော်ရုံတန်ရုံနဲ့ အလျှော့ပေးဖို့ မတွေးတတ်ခဲ့ဘူး။
နှစ်တိုင်းနှစ်တိုင်း ရစ်ဆိုင်းနေတဲ့ လွမ်းစရာတွေနဲ့ အတူ နှစ်သစ်ကိုကျော်ဖြတ်ခဲ့တာ 23 နှစ်တိုင်ခဲ့ပြီ။ ပြီခဲ့တဲ့နှစ်တွေက မပွင့်ခဲ့တဲ့ပန်းတွေကို ဒီနှစ်မှာပွင့်ဖို့ကြိုးစားရဦးမယ်။ မနှစ်က ပိတ်ထားခဲ့တဲ့ တံခါးတွေကိုလည်း ဒီနှစ်မှာ ပွင့်သွားဖို့ အားစိုက်ရမယ်။ ကျနော်တို့ရဲ့ ဦးနှောက်အသိတရား နဲ့နှလုံးသားဟာ ဆော့ဖ်ဝဲတွေသာဖြစ်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ version အဖြစ်ကို ပြောင်းလဲဖို့ဒီနှစ်မှာ ကြိုးပမ်းရပေတော့မယ်။ ဒါတင်ပဲမက ဟာ့ဒ်ဝဲဖြစ်တဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ပိုပြီးလန်းဖို့ ကြိုးပမ်းရပေဦးမယ်။ နယူးဗားရှင်း အသိတရားတွေ နဲ့ လုပ်ဆောင်ချက်အသစ်တွေ ကို လာမဲ့နှစ်မှာပြီးမြောက်စေဖို့မျှော်လင့်မိတာအမှန်ပင်။ လုပ်ရမှာတွေကတော့ အများကြီးပါပဲ။ တစ်နှစ်ထက်တစ်နှစ် အရောင်ပြောင်းလာတဲ့ မျှော်လင့်ချက်တွေအတွက် ပျိုးပင်လေးတွေကို ပြန်ပျိုးစရာရှိတာပျိုး၊ ခြောက်သွေ့ညှိုးနွမ်းနေတဲ့ မျှော်လင့်ခြင်း စံပယ်ရုံကလေး တွေကိုလည်း ရေလောင်းပေါင်းသင်ရပေဦးမပေါ့။
ဘာပဲဖြစ်ဖြစ် ကျနော်မှာ ဘ၀ဆိုတဲ့ခရီးကြမ်းကို သွားဖို့အတွက် တောင်ဝှေးတစ်ချောင်းဖြစ်ဖို့ရင်ထဲမှာ တွယ်ငြိနေခဲ့တဲ့ ရှင်မဟာရဌသာရ ရဲ့ထိပ်ဆုံးသို့ ကဗျာလေး ရှိတယ်။ ကျနော့် ကို တွန်းအားတွေ အမြဲဖြစ်စေခဲ့တဲ့ ကိုလေးဖြူရဲ့ အမဲလိုက်အက သီချင်းရှိတယ်…။ ဂျေးမီရဲ့ ရင်ခုံသံမြန်စေမဲ့ သီချင်းတွေ၊ ရဲလေး ရဲ့ R&B ချိုချို မြူမြူး လေးတွေ ကျနော်ချစ်တဲ့ မောက်စ်တွေ၊ ကီးဘုတ်တွေ၊ စာအုပ်တွေ၊ကဗျာတွေ၊ Photoshop တွေ၊ တီရှပ်တွေ၊ ဂျင်းဘောင်းင်္ဘီတွေ၊ ဂစ်တာတွေ၊ နက်စ်ကော်ဖီတွေ၊ မုန့်လင်မယားတွေ၊ အာလူးကြော်တွေ၊ အေဖိုးစာရွက်ဖြူဖြူတွေ၊ ကျနော်သိပ်ကြိုက်သော အမေချက်တဲ့ ရုံးပတီသီးကြော်တွေ၊ ငါးဖယ်ဆုပ်ဆီပြန်တွေ နဲ့ လာမဲ့ သြဂုတ် 24 ကစလို့ ဟောင်းနွမ်း ကျွတ်ကျနေတဲ့ ကျနော့် ရဲ့ရင်အခန်းနံရံက စိမ်းလန်းမှု့တွေကို တစ်ဖန်ပြန်လည်သုတ်လိမ်းရင်း……။
ကိုဂစ်တာ
Comments