သူမ

သူမသည် ကျွန်တော်၏ အခင်ဆုံးသူငယ်ချင်းဆိုသော နေရာကိုပိုင်ဆိုင်ထားသည်။
သူမသည် ကျွန်တော့်ချစ်သူ၏ အခင်ဆုံးသူငယ်ချင်းဆိုသော နေရာကို ပိုင်ဆိုင်ထားသည်။
သူမသည် လူတစ်ယောက်၏ ချစ်သူဟူသောနေရာကို ပိုင်ဆိုင်ထားသည်။

သူမသည် ဤလူသားသုံးယောက်၏ လေးစားအားကျခြင်း နှင့် အထင်ကြီးမြတ်နိုးခြင်းတို့ကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော် …
သူမသည် သူမ၏ အတ္တတွေကိုသာ သူမပိုင်သည်ဟု အတ္တဆန်စွာပြောဆိုလေ့ရှိသော နူးညံ့သည့် မိန်းမတစ်ယောက်ဖြစ်သည်။
သူမသည် လောကကြီး၏ တစ်ကောင်ကြွက်ဆိုသော အမည်သညာကိုလည်း ပိုင်ဆိုင်ထားပြန်သည်။

တစ်ချိန်က ကျွန်တော့်ချစ်သူ၏ မိတ်ဆက်ပေးမှုကြောင့် သူမနှင့်ကျွန်တော် သိခွင့်ရခဲ့သည်။
ကျွန်တော့်ချစ်သူ၏ စကားလုံးတော်တော်များများတွင် သူမ၏အမည် လွှမ်းမိုးပါဝင်ခဲ့သည်။
ကျွန်တော့်ချစ်သူပြောလေ့ရှိသည့် ပုံပြင်ဆန်ဆန်ဖြစ်ရပ်မှန် တော်တော်များများသည် သူမနှင့်သာ သက်ဆိုင်နေခဲ့သည်။ ကျွန်တော့်ထံသို့ရောက်ရှိမလာခဲ့ဖူးသော ကျွန်တော့်ချစ်သူ၏ အထင်ကြီးလေးစားမှု တော်တော်များများကို သူမထံ၌တွေ့ရသောအခါ သူမသည် ကျွန်တော်၏ အကြီးအကျယ်မနာလိုစရာ လူတစ်ယောက်ဖြစ်လာခဲ့သည်။

သူမကိုတွေ့သောအခါ ပကတိအေးဆေးတည်ကြည်ခြင်းတစ်ဝက် နှင့် နူးညံ့ခြင်းတစ်ဝက်တို့ ရောစပ်ထားသည့် သူမမျက်နှာပြေလျော့လျော့ကြောင့် ကျွန်တော်၏ အစာမကြေမှုတို့ ကြက်ပျောက်ငှက်ပျောက် လွင့်ပျောက်ခဲ့ရသည်။ သူမ ပကတိရိုးရှင်းလွန်းပါသည် ။

သူမနှင့် ခင်မင်လာသည်နှင့်အမျှ ကျွန်တော့်စိတ်တွင်းမှ မာနဖြင့်ခက်ထန်နေတတ်သော မိန်းမဟူသည့်နေရာမှ အေးဆေးတည်ငြိမ်၍ နူးညံ့သောမိန်းမဟူသည့် နေရာသို့ကျွန်တော်ကိုယ်တိုင် မသိလိုက်စွာ ပြောင်းလဲပေးခဲ့မိသည် ။ ကျွန်တော့်ချစ်သူနှင့် ရွယ်တူသူမအား ညီမလေးဟု ဘာကြောင့်မခေါ်မိမှန်း ကျွန်တော်ကိုယ်တိုင် မသိခဲ့ချေ။

သူမကြောင့် ကျွန်တော့်ချစ်သူအား ကျွန်တော်နည်းလမ်းမှန်စွာ ချစ်လာတတ်ခဲ့သည်။ တစ်ချိန်က ချစ်ခြင်းကိုသာ စာဖွဲ့တတ်သော ကျွန်တော်သည် သူမကြောင့် ဘဝကိုပါစာဖွဲ့တတ်လာခဲ့သည်။ သို့သော် ကျွန်တော်အချိန်နှောင်းခဲ့သည်။ ကျွန်တော့်ချစ်သူ၏ အကြောင်းပြချက်မရှိ အေးစက်ခြင်းအား ကျွန်တော်နင့်သီးစွာ ခံစားခဲ့ရသည်။ ကျွန်တော့်ချစ်သူနှင့်သက်ဆိုင်သော ကျွန်တော့်အား ချစ်သူဘက်ကအလိုမရှိသောအခါ သူမနှင့်ခင်မင်ခွင့်ကိုပါ ရပ်စဲပစ်လိုက်နိုင်သည်ဟူသည့် သူမ၏စကားတို့ကို ကျွန်တော်ကြားယောင်မိသောအခါ ထိတ်လန့်တုန်လှုပ်စွာ ကျွန်တော့်ဘက်ကပင်စ၍ ကျွန်တော့်ချစ်သူအား အဆက်အသွယ်ဖြတ်ခဲ့လိုက်သည်။ ထို့အတွက် ကျွန်တော့်ချစ်သူ ဝမ်းနည်းမည်မဟုတ်သည်ကို ကျွန်တော်သိခဲ့သလို သူမလည်းဝေဖန်ပြောဆိုခြင်းကင်းခဲ့ပါသည်။ ကျွန်တော်တို့နှစ်ဦး၏ ချစ်ခြင်းအား စစ်မှန်ခြင်း လေးနက်ခြင်းကင်းသည်ဟု သူမထင်မြင်ခဲ့ဖူးလေသည်။ ကျွန်တော်မည်သို့ပင် ငြင်းဆန်သည်ဖြစ်စေ သူမအမြင်မှန်ခဲ့ပါသည်။ သူမနှင့်ဆက်လက်ခင်မင်ရမည့် အခွင့်အရေးအား ချစ်သူတစ်ယောက်နှင့်လဲမိခဲ့သည့် ကျွန်တော့်ဆုံးဖြတ်ချက် မှားသည်မှန်သည် ကျွန်တော်မစဉ်းစားချင်ပါ။ ကျွန်တော့်ချစ်သူထံမှ မရနိုင်သည့် လေးနက်မှုအချို့ကို သူမဆီက ကျွန်တော်နားထောင်နေလိုသေးသည်။

သူမချစ်သူအပေါ် မည်မျှချစ်ကြောင်း သူမ မည်မျှလေးနက်ကြောင်း ပြောပြသည့်အခါ ကျွန်တော် သူမ၏အချစ်ကို လေးစားမိသလို သူမ၏ချစ်ခြင်းခံလူတစ်ယောက်၏ ဘဝကိုတိတ်တခိုးအားကျခဲ့ဖူးသည်။ သူမသည် ကျွန်တော်၏ အချစ်အပေါ်ခံယူချက်အား မလိုလားစွာ ပွင့်ပွင့်လင်းလင်း ရှုံ့ချသည့်အခါ ကျွန်တော်ခံပြင်းစွာနားထောင်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုသိမြင်လာခဲ့ရသည်။ သူမ၏ အချစ်အပေါ်အမြင်နှင့် ဘဝခံယူချက်တို့အား အားကျစွာနားထောင်ပြီး ကျွန်တော်ကိုယ်တိုင်ပြောင်းလဲရန် ကြိုးစားလာဖြစ်ခဲ့သည်။ အချစ်ရေးနှင့်ပတ်သတ်ပြီး ဖျတ်ဖျတ်လူးတတ်သေးသော ကျွန်တော့်အား သူမ၏စကားလုံးများကတည်ငြိမ်လာစေခဲ့သည်။ သူမ၏ စကားလုံးများသည် ကျွန်တော့်၏ ဘဝခံယူချက်တို့အား လေးနက်စေခဲ့သည်။ သူမအား မိခင်စိတ်ရှိသောမိန်းမ ဟု ကျွန်တော်ပြောသောအခါ သူမလွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့သည်။ ကျွန်တော်သည် သူမ၏ မရှိခဲ့ဖူးသေးသော ယောကျာ်းလေးသူငယ်ချင်းနေရာသို့ ရောက်နေပြီဖြစ်ခဲ့မှန်း ထိုအချိန်က ကျွန်တော့်ကိုယ်ကျွန်တော် မသိခဲ့သေး။

သနပ်ခါးလူးရသည်ကို မနှစ်ခြိုက်သောသူမ ၊ မျက်နှာကို အမြဲလိုပြောင်ရှင်းရှင်းလေးထားတတ်သော သူမက သဘောင်္ရောင်ခပ်နုနုလေးပြေးသော ပါးနီဖြင့် အချိုးကျ ပြေပြစ်စွာ ခြယ်သတတ်ကြောင်းကို ကျွန်တော်အံ့သြစွာ ငေးကြည့်ခဲ့ရဖူးသည်။ သူမ၏ တည်ငြိမ်သောအလှ၌ ညှို့ဓါတ်တစ်မျိုးကိန်းဝပ်နေခြင်းအား ကျွန်တော်အတ္တကြီးစွာဖျောက်ပစ်ချင်မိ၏ ။ အသီးအရွက်မကြိုက်သော သူမ၏ အသားအရေ စိုပြည်လှပခြင်းကို ကျွန်တော်လက်မခံ၍ မရ ။ နွားနို့နှင့်ပူတင်းကိုစွဲစွဲမြဲမြဲစားသော သူမ၏ ခန္ဓာကိုယ် ဘာကြောင့်သွယ်လျနေမှန်း ကျွန်တော် မခန့်မှန်းတတ်။ ကျွန်တော့်မျက်စိရှေ့တွင် မိန်းကလေးများ ဇီးထုပ်စားသည်ကိုမြင်တိုင်း မိန်းမ မဆန်စွာ ဇီးထုပ်မကြိုက်သည့် သူမကို သတိရမိသည်။

သူမကိုယ်သူမ Romantics မဆန်ဘူးဟု ပြောလေ့ရှိသော သူမသည် အချစ်အကြောင်းဖွဲ့နွဲ့သော အက်ဆေးများကို ပိုင်နိုင်စွာ ရေးသားတတ်နေသည်။ ဂစ်တာတစ်လက်ကိုင်ပြီး ကျွမ်းကျင်စွာတီးခတ်ပြနိုင်သော သူမကိုကျွန်တော်အံ့သြမဆုံး ဖြစ်ရသည်။ အသံတိုးတိုးလေးဖြင့် ညင်သာစွာပြောဆိုလေ့ရှိသော သူမက Diana rose ၏ when you tell me that u love me သီချင်းအား အထစ်အငေါ့မရှိ လေယူလေသိမ်းအတက်အကျမှန်ကန်စွာ ဆိုပြသွားနိုင်သောအခါ ကျွန်တော်မယုံတဝက် ယုံတဝက် နားထောင်ခဲ့ရဖူးသည်။ ပေါ့ဆိမ့်လက်ဘက်ရည်ကို တစ်ရှိန်ထိုးမော့သောက်လေ့ရှိသော သူမသည် ဂီတကို ထိုမျှလောက်ခံစားတတ်နေလိမ့်မည်ဟု မည်သည့်အခါကမှကျွန်တော်မတွေးခဲ့ဖူး။

သူမ နှုတ်ဖျားက ကျွန်တော့်ကိုခင်သည် ဟု ပြောလာသောအခါ ကျွန်တော် မျက်ရည်ပင်လည်အောင် ဝမ်းသာခဲ့ရသည်။ ကျွန်တော့် ကဗျာများအား နှစ်သက်သည်ဟု သူမ အားပေးသောအခါ ကျွန်တော် ရင်တဆတ်ဆတ်ခုန်ကာ ကြည်နူးခဲ့ရသည်။ သူမ၏ ကျွန်တော့်အပေါ်ဝေဖန်မှုတစ်ချို့ကို ကျွန်တော်မက်မောစွာ တောင့်တသည်။ သူမကို ချစ်နေပြီလားဟု ကိုယ့်ကိုယ်ကိုမေးမိသောအခါ ကျွန်တော် ရှက်ရွံ့စွာ သိမ်ငယ်သွားရသည်။ သူမအပေါ် ကျွန်တော့်ခံစားမှုက အချစ်ဆိုသည့် စကားလုံးနှင့်မထိုက်တန်။ သူမ၏ ဒဿနအချို့ကို နားထောင်ခွင့်ရလိုနေခြင်းအား ချစ်ခြင်းဟုအမည်မတပ်လို။ သူမ၏ ဂီတာတီးသောလက်ကို ငေးကြည့်နေလိုခြင်းအား ချစ်ခြင်းဟု အမည်မတပ်လို။ သူမ၏ အက်ဆေးတို့ကို နှစ်ခြိုက်နေခြင်းအား ချစ်ခြင်းဟု အမည်မတပ်လို။ ကျွန်တော်နှင့် သူမ၏ ပတ်သတ်မှုအား ချစ်ခြင်းအဖြစ် သူမအနေနှင့်လက်ခံမည် မဟုတ်သလို ကျွန်တော်ကိုယ်တိုင်လည်း မပြောင်းလဲချင်ခဲ့ပါ။ မပြောင်းလဲရက်ခဲ့ပါ။ သူမကို ကျွန်တော် မြတ်နိုးမိနေခြင်းသာဖြစ်သည်ဟု ကျွန်တော့်ကိုယ်တိုင် အသေအချာယုံကြည်ပါသည်။

























သူမ ဆုံးသွားတော့ ကျွန်တော့်ရင်ထဲမှ အရာတစ်ခုကိုဆွဲနှုတ်..............................................................ယူသွားသလို ဝမ်းနည်းစွာ ငိုကြွေးခဲ့ရသည်။ ဘီယာဆိုင်ရောက်ဖြစ်သည်။ ဆေးလိပ်တွေ မပြတ်သောက်ဖြစ်သည်။ သူမသာရှိနေရင် ကျွန်တော့်အား တားမြစ်ခြင်းမပါသော မနှစ်မြို့မှုအချို့ဖြင့် ရပ်စဲစေဦးမည်အမှန်ပင်။


















ps -
ကျွန်တော့်ရဲ့နှစ်ဆယ့်လေးနှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ စိတ်ပါလက်ပါနဲ့ 'သူမ'ဆိုတဲ့မွေးနေ့လက်ဆောင်အက်ဆေးလေးကို စိတ်ရောကိုယ်ပါနှစ်ကာ ရေးဖွဲ့ပေးခဲ့တဲ့ ညီမလေး သွန်းသွန်း(မစ်(စ)သွန်းသွန်း)ကို အထူးကျေးဇူးတင်ရှိလျှက်....။

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး