ချစ်သူသို့ပေးစာ
လွမ်းလို့မသေလောက်ပေမဲ့ ..သေလောက်အောင်လွမ်းရပါတယ်…ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စာသားလေးကို သတိရမိတယ်…နှလုံးသားက သင်ကြားရတဲ့ ဒါဏ်ရာသင်ခန်းစာတွေက များလွန်းတော့ ကျောင်းခန်းထဲက ထွက်ပြေးချင်တဲ့ ကျောင်းသားတစ်ယောက်လို တင်းကျပ်လှိုက်မော…။
ဆုံတွေ့ခဲ့ကြတာကနည်းပညာတစ်ပိုင်းတစ်စရဲ့ လမ်းကြောင်းတစ်ခုပေါ်မှာမထင်မှတ်ပဲလက်ချောင်းကလေးတွေရဲ့ ထိပ်ဖူးချင်းအတွေ့မှာ…။ ဘ၀တွေကိုယ်စီနဲ့ အိပ်မက်တွေကိုယ်စီမှာ ကိုယ်တို့ချင်း အမြင်တွေမတူလည်း လူထဲကလူနှစ်ယောက်ရဲ့အချစ်တွေ ဘယ်လိုအကြောင်းကြောင့်များ မဆုံဆည်းနိုင်ခဲ့သလဲ။
ယောင်္ကျားလေးတစ်ယောက်ရဲ့ သိက္ခာတွေ၊ မာနတွေနဲ့ လဲပြီး တည်ဆောက်ခဲ့တဲ့အချစ်တစ်ခုက ရနံ့မဲ့တဲ့ ပေါက်ပန်းတစ်ပွင့်ကို ယှဉ်နိုင်ဖို့ရာ အားမရှိခဲ့ဘူးလား။ တစ်ကယ်တမ်းတော့ ကိုယ်ကိုယ်တိုင်ရူးသွားတာတွေက ဖူးစာရေးအတွက် အလှမ်းကျယ်အလယ်လပ်ခဲ့တာလား။ ကမ္ဘာခြားနေလို့မတွေ့နိုင်ရင်တောင် အောင်မြင်တဲ့တစ်နေ့ မမေ့တဲ့ခြေလှမ်းတွေနဲ့ အနမ်းတွေကို ဆွတ်ခူးဖို့ ဘယ်လောက်ကြမ်းပါစေ ကိုယ်လာခဲ့ဖို့စိတ်ကူးနေမိတာ။
ချစ်တယ်
ဟုတ်ပါတယ်။ သေချာပါတယ်…။ မင်းကိုမြတ်နိုးလွန်းလို့ နူးညံ့တဲ့ပန်းတွေအဖြစ်ပွင့်လာတာလည်း “ချစ်တယ်”။ ကိုယ်တို့ချင်း မတူညီလို့ အမြင်တွေစောင်း စိတ်ကောင်းမ၀င်ပဲ ကိုယ့်အပေါ်အပြစ်မြင်လည်း “ချစ်တယ်”။ ပစ်ပယ်ကာထားချိန် စကားတွေ မကြားချင်လောက်အောင် ကြေကွဲ မင်းကို ငါဆဲရေး တာကလည်း “ချစ်တယ်”။ အသစ်မတွယ်ပဲ တစ်ဝဲ၀ဲလည် ရစ်တွဲ အပြစ်မမြင်ပဲ စိတ်ဆိုး တိတ်တခိုး မျက်ရည်မိုးတွေ သည်းနေချိန်လည်း ချစ်တယ်။
ကိုယ်ဒီမှာနေထွက်နေ၀င် မမြင်ရ တစ်နေ့တစ်နေ့ က လူတွေကြားထဲမှာအထီးကျန် ဘ၀ရဲ့ပျော်ရွင်မှု့တွေထဲက နှုတ်ပစ်လိုက်ရတဲ့ အားလပ်ချိန်တွေကလည်း ဒုက္ခ။ ကိုယ်ရဲ့ယူဆချက်အရ အချစ်ဆိုတာက နေရောင်ခြည်လေးတစ်စ။မရှိမဖြစ်လိုအပ်ချက်တစ်ခု အနေနဲ့အချစ်ကိုဖက်တွယ် တစ်ခါတစ်လေတော့ အသက်ကယ်မဲ့လှေကလေးတစ်စင်း ကိုယ့်မျှော်လင့်ချက်တွေအတွက် ဖန်ဆင်းရှင်ပေါ့။ အရေးမပါတာတွေ အများကြီး နဲ့ အရေးပါတာတွေအများကြီး ရှိတဲ့လောကအလယ် ခါးသီးတဲ့အိပ်မက်တွေတိုင်းမှာ ရိုင်းစိုင်းတဲ့ အမှောင်တွေ ကြီးစိုးနေချိန် အမောတွေကို အရှိန်နှေးစေမဲ့ နေရောင်ခြည်နွေးလို အချစ်ကိုတောင့်တတယ်။
အပြုံချိုချို မင်း ပုံရိပ်တွေစိတ်ထဲထင်အပ် ကိုယ့်စိတ်တွေမပြတ်ပဲ သတိတရတွေချိတ်ဆွဲ မင်းဟာကိုယ့် ဘ၀လိမ္မော်သီးထဲက အစိတ်ကလေး တစ်စိတ်ပါပဲ။ ကျန်းမာရေး။ လူမှု့ရေး၊ လုပ်ငန်းကိစ္စ၊ အ၀၀ တွေနဲ့ ဘ၀ရဲ့ကဏ္ဍတွေကြား သတိထားမိတဲ့အချိန်တွေတိုင်း ပန်းတွေပွင့် မင်းအကြောင်းတွေ နားစွင့်နေမိတာ အဆန်းလား။ ပန်းတံတားတွေ မထိုးနိုင်ခင် ဒီရင်ခွင်လည်း ကြေကွဲ မသေရဲသေးတဲ့ ဘ၀မှာ ခဏတာရင်ခုန်ဖို့စိတ်မကူး အတိတ်ကဆူးခဲ့တဲ့ ဆူးတွေကို အမှတ်ရ ထပ်လာမဲ့ကာလတွေမှာ အခါခါပျော်ဖို့ အာဏာတွေသုံးပြီး ခြိမ်းခြောက်တဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်တယ်။
အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့် ဖွင့် ရင်ကျက်တဲ့စိတ်တစ်ခုနဲ့ အခုတော့ စကားလုံးမရှိတဲ့အသိနဲ့သိလာခဲ့ရ။ ခဏတာအတွင်းမှာ ဘ၀ဟာယွင်းသွားအောင် ဖြစ်လည်း ချစ်တယ်။ မျက်စိတစ်မှိတ်မှာ အတိတ်တွေ အားလုံးမေ့ ဆွေ့ဆွေ့ခုန် တုန်ရီဇော နဲ့ အမောဖောက်လည်းချစ်တယ်။ အိပ်မက်တွေညီလျှက် သံယောဇဉ်တွေရင့်ကျက်ကာ ဘ၀ရဲ့အကာတွေကို ပစ်ပြီး ချစ်ခရီးကိုလျှောက်လှမ်းကြလည်းချစ်တယ်။ ဝေးနေချိန်သတိရ မရှိမှ နောင်တပို အလိုလိုအသိနဲ့ ငြိတွယ်လည်းချစ်တယ်။ ရန်စောင်ကာ တွေ့ရင်လွှဲ မေ့ချင်လည်း စိတ်ကထင် အပြင်မှာမုန်းတာတွေ နှလုံးသားထဲချိုစိမ့် သူ့ကိုတစ်ဖက်သတ် ပစ်မှတ်လိုသဘောထား မြှားတွေပစ်နေမိလည်း ချစ်တယ်။
ကိုယ့်အသိတွေထဲ မင်းရန်စောင်တာလေးတွေနဲ့ မင်းကိုယ့်ကိုအပြစ်မြင် သ၀န်တိုတာလေးပဲ ချစ်တယ်။ အချစ်ရယ် တစ်ကယ်တော့မင်းနဲ့ငါ မတူတာအသိနဲ့ တူလာဖို့ညှိလည်း ကွဲပြားနေတာပဲချစ်ပါတယ်။
တဏှာအချစ်လို့ အပြစ်မြင်ချင်လည်းမြင် ကိုယ့်ရင်ခွင်မှာ မင်းခေါင်းလေးထားချိန် ကိုယ့်အတွေးများလည်းချိုလိမ့်မယ်။ ဘယ်လိုပဲဖြစ်ပါစေ ချစ်နေတဲ့အချစ်မှာ အကြင်နာတွေနဲ့ယုယ မင်းက နေဆိုလည်းနေခဲ့မယ်။ အခြေမဲ့ အသိကိုရင်ဝယ်ပိုက် သိပ်မိုက်တဲ့ညထဲ မင်းကိုပဲ မလွမ်းရဲလွမ်းရဲနဲ့ ကမ်းနဲ့ဝေးတဲ့လှေ ကြမ်းတဲ့မုန်းတိုင်းတောထဲ ကိုယ်ရဲရဲမျောပါ့မယ်။
ကိုယ့်အသိမှာက အသက်တွေနေ၀င်ချိန်မတိုင်ခင်အထိ ချဉ်ခြင်းမပြတ်ပဲ မင်းကိုမြတ်နိုးလွန်းလို့ နူးညံ့တဲ့ပန်းတွေအဖြစ်ပွင့်လာတာလည်း “ချစ်တယ်”။ ကိုယ်တို့ချင်း မတူညီလို့ အမြင်တွေစောင်း စိတ်ကောင်းမ၀င်ပဲ ကိုယ့်အပေါ်အပြစ်မြင်လည်း “ချစ်တယ်”။ ပစ်ပယ်ကာထားချိန် စကားတွေ မကြားချင်လောက်အောင် ကြေကွဲ မင်းကို ငါဆဲရေး တာကလည်း “ချစ်တယ်”။ အသစ်မတွယ်ပဲ တစ်ဝဲ၀ဲလည် ရစ်တွဲ အပြစ်မမြင်ပဲ စိတ်ဆိုး တိတ်တခိုး မျက်ရည်မိုးတွေ သည်းနေချိန်လည်း ချစ်တယ်။
* *
* * *
* *
* *
* *
* *
*
Comments