ကိုဂစ်တာအကြောင်း ဘာဘာညာညာ
.
ကျနော်ငယ်ငယ်က အကြောင်းအဖေက ပြောပြတာလေးတစ်ခုကို မှတ်မိတယ်…။ အဲ့တုန်းက အဖေက ခင်မောင်ထူးသီချင်းတစ်ပုဒ်ကို အမြဲဆိုပြတတ်တယ်။ ကလေးဆိုတော့ အဲ့ဒိသီချင်းကို ကျွန်တော့်အဖေဆိုတာပဲ ထင်တာပေါ့ဗျာ။ တစ်နေ့လည်းကျရော အဖေက အနက်ရောင် Sharp ရေဒီယိုတစ်လုံးဝယ်လာတယ်။ ပြီတော့ ကက်ဆက်ခွေထည့်ပြီး ခင်မောင်ထူးသီချင်းကို ကျွန်တော့်ကိုဖွင့်ပြတယ်။ အဲ့ဒီ့တော့ကျွန်တော် ဘာပြောတယ်မှတ်လဲ။
“ဟာ.. ဖေကြီး သီချင်းကိုဒီကောင်ဆိုတယ်”လို့ပြောပါသတဲ့ဗျာ။
အဲ့ဒီ့ကတည်းက.. ကျွန်တော့်ရဲ့အနုပညာပိုးက ပါခဲ့တယ်လို့ဆိုရမယ်။ ကျွန်တော့်အမေပြောတာမှတ်မိတယ်။ ကျနော်ငယ်ငယ်က အိမ်အဆင်းအတက်လှေကားပေါ်ထိုင်ပြီး အသံပေါင်းစုံကိုအော်နေတတ်တယ်တဲ့။ အဲ့ဒါကြောင့် အဲ့ဒီတုန်းက ကျွန်တော့်ကို ကိုသံစုံ လို့တောင်အမေက pet name ပေးခဲ့သေးသတဲ့ဗျ။ အဲ့ဒီ့တုန်းကတော့ ကျွန်တော်က နယ်မှာဗျ ကျွန်တော့်အသက် ၁ နှစ်ကနေ ၅ နှစ်သားအထိ အရွယ်တွေက ရွေကျီးမုန့်ကြွပ် ထွက်တဲ့ မန္တလေးတိုင်းက ပျော်ဘွယ်မြို့လေးမှာပဲပေါ့…..အကြောင်းကိစ္စတစ်ခုကြောင့် ကျွန်တော်တို့မိသားစု ရန်ကုန်ကိုပြောင်းလာခဲ့တယ်။ လှိုင်သာယာဆိုတဲ့ မြို့သစ်ကလေးတစ်ခုရဲ့ ရပ်ကွက်ကလေးတစ်ခုကိုရောက်ခဲ့တယ်။
လှိုင်သာယာမှာပဲ ပထမတန်းကိုအောင်ခဲ့တယ်။ ကျနော့်ရဲ့ကလေးဘ၀အချိန်တွေက သာမာန်ကလေးတွေ လို သူလိုကိုယ်လိုပါပဲ။ မှတ်မိသေးတယ် ဗဒင်ရဲ့နေရာစီးရီးထွက်တဲ့အချိန်က ကျနော်လေးတန်းရှိပြီ။ စည်သူလွင် နာမည်ကြီးတဲ့အချိန်ကျတော့ ကျနော်က ရှစ်တန်း။ အဲ့ဒီ့တုန်းက အဆိုတော်ဖြစ်ချင်နေတဲ့အချိန်ပေါ့။ ဇော်ပိုင် ရဲ့ဒုတိယအခွေ မြို့အ၀င်ည ထွက်တော့ ကျွန်တော် ဆယ်တန်းအောင်ပြီ။
ကျွန်တော် 10 တန်းအောင်ပြီးခါစက အနုပညာကိုအရမ်းရူးသွပ်ခဲ့ဖူးတယ်။ဖြစ်ချင်တာက အဆိုတော်၊ ကဗျာဆရာ၊ တေးရေးသူ။ ဘာညာကွိကွ။ သူများတွေများ ဆယ်တန်းအောင်ပြီးရင် ဘာကြီးလုပ်မယ်။ညာကြီးလုပ်မယ် လုပ်နေတဲ့အချိန်မှာ ကျနော်က ကဗျာတွေရေး စာအုပ်ထဲမှာသိမ်းထား ကြိုက်တဲ့ကဗျာလေးတွေကို မဂ္ဂဇင်းတွေကိုနေပူကျဲတဲမှာလိုက်ပို့။ ဒီလိုနေရင်း နဲ့ကျွန်တော်ကဗျာတွေ သိမ်းတဲ့ စာအုပ်ကလေးပြည့်တဲ့အခါကျရင်တော့ ကဗျာဆရာ ဖြစ်ရမယ်လို့ တိတ်တခိုးကြုံးဝါးခဲ့ဖူးတယ်။ သူငယ်ချင်းတွေဘယ်လိုပြောပြော ကျွန်တော်ကတော့ ရာဘင်ဒြာနသ်တဂိုး ၀င်စားတယ်လို့ ကိုယ့်ကိုယ်ကိုအထင်ရောက် ဘ၀င်တွေလည်းမောက်ခဲ့ဖူးသဗျ။ အဲ့ဒီကစခဲ့ တဲ့ အနုပညာဗိုင်းရပ်စက ကျွန်တော့်ကို ကောင်းကောင်းကြီးနှိပ်စက်တော့တာပဲ။ ဆယ်တန်းအောင်ပြီးတော့ အဖေက ကျွန်တော်စိတ်လေနေတာသိတော့ ဒီအတိုင်းတော့မနေနဲ့ သင်တန်းတစ်ခုခုတက်လို့ပြောတယ် ဘာသင်တန်းတက်မလဲမေးတော့ အဲ့ဒီအချိန်ကလည်း ကွန်ပြူတာတွေကလည်းခေတ်စားတာကြာပြီဆိုတော့ သူများယောင်လို့လိုက်ယောင်ပြီး ကွန်ပြူတာသင်တန်း ကိုတက်လိုက်ပါလေရော။ ကွန်ပြူတာသင်တန်းဆိုလို့ နာမည်ကြီးသင်တန်းကြီးများမထင်လိုက်နဲ့ဦး။ သမိုင်းလမ်းဆုံက မထင်မရှားသင်တန်းလေးတစ်ခုမှာပေါ့။ အဲ့သင်တန်း တက်ပြီး မြန်မာစာလက်ကွက်သင်တဲ့ နေ့ကိုမှတ်မိသေးတယ်။ လက်ကွက်တွေ ကို ဆရာမ မလင်းလင်းတင်ငွေက သင်ပေးပြီးတော့ ကျွန်တော်တို့ကို အောင်မြင်မှု့အတွက်(21)ချက်ဆိုတဲ့ လေ့ကျင့်ခန်းကိုရိုက်ခိုင်းတယ်။ ကျွန်တော်က အဲ့ဒါတွေမရိုက်ချင်ဘူး။ ကျွန်တော့်စိတ်ထဲမှာစွဲနေတဲ့ မှဲ့ကလေး ဆိုတဲ့ ကဗျာလေးကို ရိုက်တာပေါ့။ ဆရာမတွေကတောင်ကျနော့်ကိုဝိုင်းနောက်ကြသေးတယ်… အဲ့ဒိလိုဗျ။ အဲ့ဒီ့သင်တန်းမှာလည်း သင်တာကကြည့်ဦး ဂရပ်ဖစ်ဒီဇိုင်းကို သင်တာ…။ကွန်ပြူတာကို ဘာမှန်းမသိခင်ကတည်းက ဒီဇိုင်းကို လုပ်ချင်နေတာ ဖြတ်ညှပ်ကပ် ဆက် ဘာညာပေါ့။ ကျနော့်အတွေးမှာ ဘယ်နေရာဘာပဲလုပ်လုပ် ဘယ်ပဲရောက်ရောက် အနုပညာဆန်တာလေးတစ်ခုတော့လုပ်လိုက်ရမှ။ ကွန်ပြူတာသင်တန်းပြီးတော့ အဲ့ဒီမှာ ကလေးတွေကိုပြန်ပြီး ဆရာကြီး ပြန်လုပ်တယ်။ ကွန်ပြူတာတွေထဲမှာများ ကျနော် အတိုအစတွေ ပွလို့ …ရယ်ရတာပြောရဦးမယ်။ ကွန်းပြူတာသင်တန်းမှာ အလုပ်လုပ်တာတောင် သူများတွေကို ဘာလေးညာလေးသင်ပေးနေတဲ့သူကတောင် အင်တာနက် တွေဘာညာတွေ မသုံးတတ်ဘူး။ အခုချက်နေတဲ့ ချက်တင်ဆိုတာ မင်းခိုက်စိုးစန်ဝထ္ထုထဲမှာ ပဲတွေ့ဖူးတာ ချက်ရွန်း ဆိုတာ ဘယ်လိုအခန်းကြီးလဲပေါ့နော်…ဟားဟား ရယ်ရတယ်မဟုတ်လား မရယ်ရလဲ အားနာနာနဲ့ရယ်လိုက်ပါဗျာ…နော်..။ နောက်မှ သင်တန်းပြန်တက် ဆိုက်ဘာတွေမှာလိုက်သုံး သူများမေး ဟိုကြည့်ဒီကြည့်နဲ့သုံးတတ်လာတာ..နောက်တော့ ကျူရှင်တစ်ခုမှ အလုပ်ဝင်လုပ်တယ်…..ဟဲ ဟဲ စာရေးကြီးပေါ့ဗျာ။ ကျောင်းသူတွေကြားမှာ ကျောင်းသားတွေကြားမှာ အဲ့တုန်းက တော်တော်အရောင်မှိန်ခဲ့တယ်။ အခုကျမှ အင်တာနက် ကို ပေါပေါသီသီ သုံးရတော့မှ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ တစ်နေ့တစ်နေ့ ချက်တင်တွေပဲလုပ်နေမိတယ်။ အဖေကတော့ ပြောပါတယ် အီး ကို ကောင်းကောင်း လေ့လာဖို့ အီးကိုလေ့လာဖို့ဆိုတာက မရွံတတ်မှ.. အဲ့လေ..ဟုတ်ပါဘူး။ မရှက်တတ်မှ မပျင်းမှ လေ English စာကောင်းသလားတော့မမေးနဲ့ ဆယ်တန်းအောင်တော့ အမှတ်က လေးဆယ်ခုနှစ်မှတ်ကြီးများတောင်ဆိုတော့ တော်တော်အလုပ်ဖြစ်တာကလား။ ဒီအလုပ်မှာ လုပ်ရင်း … အင်တာနက်ထဲမှာကောင်မလေးတစ်ယောက်နဲ့ခင်တယ်.. နက် ထဲမှာ မိတ်ဆွေတွေကတော့ အများကြီးပဲဗျ။ သူနဲ့ကပိုခင်တယ်။ သူနဲ့ အစကတော့ အဆင်မပြေဘူးဗျ စကားပြောရတာ။ဒါပေမဲ့ ရေစက်ပဲထင်ပါတယ်….ရှေးဘ၀က ပါရမီ အထုံကိုပြောတာနော်။ ရေစုပ်တဲ့ ရေစက်ကိုပြောတာမဟုတ်ဘူး။ အဲ့ဒါကြောင့်လားမသိ.. သူ့ကိုတော်တော်ခင်တယ်ဗျ အီစီကလီခင်တာမဟုတ်ဘူးနော် တစ်ကယ်။ သူနဲ့ကျနော်နဲ့က ၀ါသနာတူတယ်။ အဲ့ဒါကြောင့်ဗျ သူ့နာမည်က သွန်းမီမီခိုင်လေ အခုတော့ သူလည်း ဘလော့ဂါဖြစ်လို့ပေါ့ သူက စာရေးဆရာရူးဗျ.. ဒီဘလော့ ကိုသူ့ကြောင့် လုပ်ဖြစ်တာ.. တစ်နေ့သူနဲ့ချက်ရင်း ဟဲ့သွန်း နင်ဘာလုပ်နေလဲ…ပြောတော့
ငါဘလော့လုပ်ဖို့ကြိုးစားနေတယ်တဲ့ အဟဲ့ ဘာတုန်းလို့ထူဆန်းသွားတယ် ဘလော့ဆိုတာကြားဖူတာကြာပါပြီ ဒါပေမဲ့ အရေးမစိုက်မိဘူး အခုမှသူပြောတော့ ဘယ်လိုလုပ်တာလဲပေါ့နော်…မေးတော့ သူကကျနော့်ကို ပီဒီအက်ဖ်ဖိုင်လေးတစ်ဖိုင်ပေးတယ် အဲ့ဒါနဲ့စလုပ်တာပဲဗျ။
ဘလော့ခ် လုပ်တော့စဉ်းစားတယ်။ “ငါဘာအကြောင်းတွေ တင်ရင်ကောင်းမလဲ”ပေါ့ ..အဲ့လိုစဉ်းစားမိတော့ ကိုယ်ကိုယ်တိုင်က အနုပညာဝါသနာပါတာကတစ်ကြောင်း ကိုယ်ပိုင်ဟန်လေးတစ်ခုရှိချင်တာကတစ်ကြောင်းမို့။ ကျွန်တော့်ဘလော့မှာ ကဗျာတွေ အက်ဆေးတွေ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေနဲ့ စိတ်အာဟာရဖြစ်စေမဲ့ ကိုယ်တိုင်ရေး အဖြစ်အပျက်တွေ ကျွန်တော်ခင်တဲ့သူတွေရဲ့ မှတ်သားစရာ အဖြစ်အပျက်လေးတွေကို တင်ပြဖို့ စိတ်ကူးမိတယ်… အခုထိတော့ အားလုံးကို ပေးဖို့အတွက် ရှာတုန်းဖွေတုန်းပါ။ ကျွန်တော့်ရဲ့ Second life ဖြစ်တဲ့ ဒီဘလော့ခ်လေးမှာ အနုပညာအဟာရတွေနဲ့ အားလုံးကို ဝေမျှချင်ပါတယ်..
ဖတ်ရတာအဆင်ပြေရဲ့လား အဆင်မပြေရင်တော့ စိတ်ထဲမှာရှိတာပြောခဲ့ပါ။ စိုင်းစိုင်းကတောင် ပြောသေးတာပဲ …..
“စိတ်ထဲမှာရှိတာလုပ်မယ်ဟုတ်တယ် ချုပ်ထိန်းရတာငုပ်တယ်၊ အိုကေ?

Comments