လူပြောသူပြော များတဲ့ သတင်း ၂

လူပြောသူပြော များတဲ့ သတင်း ၂


ရန်ကုန်
မင်းက မှောင်နေတော့..
ငါတို့လည်း မိုက်တော့မယ်။

ဘုရားသခင်က သက်သက်မဲ့ညစ်တာပါကွာ
ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။
ဘုရားသခင်ကြောင့်
ဂီတယှဉ်ပြိုင်ပွဲ နဲ့ သတင်းပလင်း တွေလည်း
တိမ်တွေထဲ မှာ အသက်ရှုပ် ကျပ်နေတော့တယ်။

ဘုရားသခင်ကြောင့်ပါကွာ
မင်းကြောင့်မဟုတ်ဘူး ရန်ကုန်။

မင်းရင်ထဲက သီချင်း
မင်းရင်ထဲက ကဗျာ
မင်းရင်ထဲက အာဟာရ
အခုတော့ အားလုံး မှောင်မိုက်နေတယ်။

အခုတော့...
မင်းတစ်ယောက်တည်း ညည်းတွားနေဦး
ရန်ကုန်။


မီဒီယာ ကို မီဒီယာ နဲ့ တိုက်မယ်လို့
ကြွေးကြော်ထားတဲ့ ရန်ကုန်ရေ...
အခုတော့ မင်း ဘယ်ချောင်မှာ
ကန်းထရီး ဂိုက် ဖမ်းနေမလဲ။
တစ်ကယ်တော့ မင်းက ဆယ့်ရှစ်နှစ်ပြည့်ပြီလား
ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့။

မင်းရဲ့ ကြေညာချက်တွေ
မင်းရဲ့ ဘရုတ်ကတ်စ်စတင်းတွေဟာ
လေထဲမှာ တင်ပဲ ပျောက်ဆုံးကုန်တယ်။
ဖယောင်းတိုင်ထွန်းပြီး
ရုပ်သံလွှင့်ချက် ပေါ်လစီ တွေကို ခံယူကြရပေဦးမယ်။
ပညာများ နဲ့ မင်းကြားထဲမှာလည်း ခြားနားမှု မရှိ
အလှတရား နဲ့ မင်း ကြားထဲမှာလည်း ခြားနားမှု မရှိ
ကမ္ဘာကြီး နဲ့ မင်းကြားထဲမှာလည်း ခြားနားမှု မရှိ
ဖယောင်းတိုင် မီးလေး အယိမ်းအနွဲ့ မှာ
သဘာဝ နဲ့ မင်းကြားထဲမှာ ခြားနားမှု ပိုလို့တောင် မရှိသေးတယ်
ရန်ကုန်ရေ...။



ဒီလိုနဲ့ ရန်ကုန်ဟာ
ပိုလို့လျှံလို့
ဆယ့်နှစ်ရာသီ သီတင်းလည်း ကျွတ်ခဲ့ပြီ။

ပျော်တာပေါ့ ရန်ကုန်...
ပေါင်မုန့်မရှိရင် ငါတို့ ကိတ်မုန့် ပြောင်းစားကြရုံပဲ။
ထမင်းမရှိ တော့ ခေါက်ဆွဲ ပြောင်းစားကြရုံပဲ။

ဟိုတစ်နေ့က ကြားတယ် ရန်ကုန်
ဆိုလာအင်နာဂျီ နဲ့ မိုဘိုင်းဖုန်းတွေ
ဓါတ်အားသွင်းနိုင်မယ် ဆိုလား။
နေရောင်ခြည်ကို အစွမ်းကုန် အသုံးပြုပါ ရန်ကုန်။


ဒီလို အဆင်တန်ဆာနဲ့ မင်းဟာ
ရန်ကုန်။
လမ်းဆုံလမ်းခွမှာ ကျောက်ချထိုင်ခဲ့တာ
နာရီဝက်ပေါင်း ဘယ်လောက်များများ။

ပျော်တာပေါ့ ရန်ကုန်
ဒီမှာ
ငါတို့ စွန့်လွှတ်ခဲ့တာ
အရေးမပါတဲ့ အိုင်တီ သင်ခန်းစာတွေပဲ။
ကိုယ်ပိုင် ဒိုမိန်းနဲ့ လွှင့်တင်ထားတဲ့
စိတ်ကျရောဂါတွေပဲ။
စာကျက်သံတွေကို နားကြားပြင်းကပ်လို့
ဘုရားသခင်က ဖြူး(စ်) ကို ဖြတ်ချလိုက်တာပဲ ရန်ကုန်
ဘာတတ်နိုင်မလဲ။

ရန်ကုန်
မင်းက အတိတ် ဆို
ငါတို့က ပစ္စုပ္ပန် ရဲ့ လေလွင့်သစ်ရွက်တွေပဲ
အနာဂတ်ဟာ ဘာအရောင်လဲမသိတော့...
အဝေးကို ထွက်သွားတဲ့
ရွှေရောင်ရထားကြီးကတော့
အစက်အပြောက်အဖြစ် ပုံရိပ်ထားခဲ့တယ်။


အနာတွေကို ဖွက်ထားတော့
မင်းဟာ လှပ
အင်းစိန် ကုန်းတံတား နဲ့
သမိုင်းဘူတာရုံဈေး
ငါးဆယ်ဂိတ် နဲ့
အင်းစိန်ပန်းခြံ။
ဘယ်သူတွေ ရန်ကုန်ကို ရောက်ဖူးသလဲ
အဝေးကနေ လှမ်းသနားကြတာ
မှတ်တောင်ထားရဦးမယ် ရန်ကုန်။


ခါတော်မီ ကဗျာတွေ နဲ့
ခါတော်မီ သီချင်းတွေနဲ့
ခါတော်မီ သတင်းတွေနဲ့
ခါတော်မီ ယိမ်းနွဲ့ပါး ဓါးတွေနဲ့
ကျောင်းပရ၀ုဏ်တွေထဲ
အမဲလိုက်အက သီချင်း
မင်း ဆိုချင်မလားပဲ ရန်ကုန်။

Default တွေကို
Record လုပ်ထားဆဲ..
တစ်ကို စိတ်ထဲမှာ မှတ်
လက်နှစ်ချောင်း ထောင်နေခဲ့ရတာလည်း ရန်ကုန်။
အိုင်တီပစ္စည်းတွေက တချွင်ချွင်မြည်ခဲ့တာလည်း ရန်ကုန်
နှဲကြီး တကိုင်ကိုင်နဲ့ တီးမှုတ်ခွင့်မရှိတာ ရန်ကုန်။
မူလလက်ဟောင်း စာတမ်းပါ နဖူးစည်းနဲ့ ရန်ကုန်။

ရန်ကုန်ဟာ
စာဖတ်လွန်းတော့...
အောက်ကြေးလည်း သိတယ်
အပေါ်ကြေးလည်း သိတယ်။
ဖာဂူဆန် ကိုလည်းသိတယ်
အာဆင်ဝင်းဂါး ကိုလည်းသိတယ်
မော်ရင်ညိုလည်း သိတယ်။
ရန်ကုန် ရဲ့ ခြေဆင်းဟာ
ဘာကောင်းလဲ ဘာကြိုက်သလဲနဲ့
ဂုဏ်ထူးတွေ ထည်လဲ ထွက်တယ်။

ကဗျာဆရာ တစ်ယောက်က
လက်နှိပ်ဓါတ်မီး ထိုးပြီး
ကဗျာတွေ ရေးခဲ့သတဲ့
ကဗျာဆန်ပုံများကွာ...။

အက်ဒီဆင် မျက်လုံးကန်းသွားတဲ့ ညတွေမှာ
ရန်ကုန်ဟာ သီတင်းကျွတ်လို့ ကို မဆုံးနိုင်ဘူး။


ကျော်ညိုသွေး

Comments

ကိုယ်နေတဲ့ နေပြည်တော်မှာလည်း တခါတလေ သီတင်းကျွတ်ပါတယ်ညီး)

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး