သရဲကြီးပုံပြင်
သရဲကြီးပုံပြင်
သရဲကြီး ဟာတစ်ခါတုန်း က ကျွန်တော်တို့ ကြားမှာ ရှိခဲ့တယ်။
ဟုတ်တယ် သရဲကြီးပါပဲ။
သရဲကြီး ဆိုရင် ကလေးတွေ က ကြောက်ပေမယ့်
ကျွန်တော်တို့ ကတော့ သရဲ ကြီး မကြောက်တတ်ကြပါဘူး။
တကယ်တော့ သရဲကြီး ဟာ ဒဏ္ဍာရီ ဆန်ဆန်ပေါ်ထွန်းလာတယ်။
သရဲကြီး အကြောင်း ကို ဘယ်သူတွေ က ပြောနေမလဲ
သရဲကြီး ဟာ ဟောဒီ့ ရန်ကုန် မြို့  ထဲမှာ လျှောက်သွားလို့
ကဗျာတွေ ဟာ သူ့ကို ပြုစားထားတယ်လို့ အထင်နဲ့
လမ်းဘေးဓါတ်တိုင်တွေ အောက်မှာ အခုတော့ မိုဘိုင်းဖုန်း တစ်လုံးနဲ့
ဝေးဝေးက လှမ်းမြင်နေရတဲ့ ခိုပြာငှက်တွေ ကို အဆက်အသွယ်လုပ်လို့။
ကျွန်တော်တို့ ရဲ့  စိတ်ထဲမှာ ရှိနေတဲ့ သရဲတွေ အကြောင်းကို သရဲကြီးက
မသိတော့ပေမယ့်။
သရဲ အသစ်တွေ ကတော့ သရဲ ကြီး ကို သိကြတယ်။
တချို့လည်း ကာလ ကွာဝေးလွန်းတဲ့ အနာဂတ်က သရဲ ကြီး ရဲ့  ပုံပြင် ကို
စုပ်သပ်ရင်း အငွေ့ရုပ်ရှင်ကို ငေးမောလို့။
ဒါကိုလည်း သရဲကြီး က မသိ။
သရဲကြီး အိမ် ၊ သရဲကြီး ရဲ့ စိတ်တိမ်လွှာတွေ ဟာ
ရန်ကုန်မြို့  ဒီလောက ရပ်ဝန်းထဲမှာ လူးနေတဲ့ လှေလို တရွေ့ ရွေ့ ပြေးနေတော့တယ်။
သရဲ ကြီး ရဲ့  အရေးအသားတွေဟာ သိပ်ကို ပြောင်မြောက်ခဲ့လေသလား
သရဲကြီး ဟာ ရိုးသားစွာ ဖြစ်တည်လာရင်း
ကြိုးလွတ်သွားတဲ့ အီလက်ထရောနစ် အသံထွက်ပစ္စည်း လို ရူးသွပ်သွားပုံရတယ်။
ရိုးရိုးလေး တွေးကြည့်ပေမယ့်
သူ့ ပတ်ဝန်းကျင် စိမ်းလန်းရာကနေ အစိမ်းရောင်တွေက
သူ့မျက်လုံးကို ပြာဝေသွားစေတော့တယ်။
သရဲ ကြီး ရေ အမျှ... အမျှ လို ဘယ်သူမှ အမျှ မဝေခဲ့ဘူး။
ဘာလို့ ဆို သရဲကြီး ဟာ အရှင်ထွက်သွားလို့ပဲပေါ့။
သူ့အသက်ခန္ဓာမှာ လိပ်ပြာဟာ ဖလပ်ဖလပ် နဲ့ ပျံသန်းနေတုန်း သာ
တစ်ခါတစ်လေ သူဟာ
ရန်ကုန် တစ်ဘက်ကမ်း က ကဗျာဆရာ ညီဇံလှဆီ ကို သွားပြီး
ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေ ထဲက လို ဇာတ်ညွှန်းခွဲတာမျိုးတွေ လုပ်တာလည်းရှိရဲ့ ။
သူ့ အနုပညာမှာ သူဟာ မီးရထားကို ကျောနဲ့ပိုးထားတဲ့
သံလမ်းတွေ လို သူ့ကျော ကို တင်းထားတယ်။
ကလောင်တံ ကို ဇလီဖား တုံးလို ပွေ့  ဖက်လို့
ခေတ်ကြီး ကို မျှော်ကြည့် ရင်း ကဗျာဆရာတွေ ကို ကွယ်နေတဲ့ သစ်ရွက်ကလေး
ကို ဖယ်ရင်း ကြည့်တယ်။
သရဲကြီး ဆီကို နောက်ထပ် ဖိတ်စာ တွေ ရောက်မလာတော့ဘူး။
သရဲ ကြီး ဟာ မ တစ်ထောင် တစ်ကောင်ဘွားပဲ။
နောက်ထပ် သူ့ ရဲ့ အနုပညာတွေ ကို တစ်နေ့တစ်နေ့
လက်ယက်တွင်းကလေးထဲကနေ
ဆယ်ယူပြီး ကောင်းကင်မှာ ကဗျာရေးတယ်။
တစ်နေ့ထက် တစ်နေ့ သူ နားထဲမှာ လေတိုးသံတွေ များများ လာတယ်။
ရန်ကုန် မြို့  ကြီးထဲ လမ်းလျှောက်သွားရင်
သူ့ ကို လူတွေ ၀င်ဝင်တိုက်သွားကြတယ်။
ဒါပေမယ့် သူက မတ်တပ်ရပ်မပျက်ဘူး။
ဒါနဲ့ သူ့ကိုယ်သူ ဟုတ်ပါ့မလား တွေးပြီး
အဆောက်အဦး နံရံ တစ်ခု ကို ခေါင်းနဲ့ ၀င်ဆောင့်လိုက်တယ်။
ရုတ်တရက် သူ့ ခန္ဓာကိုယ် တစ်ခုလုံး
အဲဒီခန်းမ အတွင်းဘက် ထဲရောက်သွားတယ်။
ဒီလောက် အရှိန်ပြင်းပြင်း နဲ့ အခန်းထဲ ၀င်လာတာတောင်
သူ့ကို အခန်းထဲက သူတွေ ဘယ်သူမှ လှည့်မကြည့်ဘူး။
သူသတိထားကြည့်တော့
သရဲကြီး ဟာ ကဗျာရွတ်ပွဲ တစ်ခု ရဲ့  စင်မြင့်ပေါ်မှာ ကဗျာဆရာတစ်ဦး
ဟန်ကျပန်ကျ ကဗျာရွတ်နေတဲ့ ပုံကို တွေ့  လိုက်ရတယ်။
ဒါနဲ့ သူလည်း လက်တန်း ကဗျာ တစ်ပိုဒ်ကို ၀င်ရွတ်လိုက်တယ်။
လူတွေ လက်ခုပ်ဖြောင်းဖြောင်း တီးတဲ့ အခါ သရဲကြီးဟာ အမျိုးအမည် မသဲကွဲတဲ့
အပြုံး တစ်ခု ဆောင်ပြီး လှည့်ထွက်သွားတော့တယ်။
နောက်လူ တွေဟာ သရဲ ကြီး အကြောင်းကို ဘယ်သူမှ မပြောတော့ဘူး။
ဖိတ်စာတွေ ဟာ သရဲကြီးဆီမရောက်လာတော့ဘူး။
အရင်မျိုးဆက် လူငယ် တွေဟာ သရဲကြီးအကြောင်း သတိမရတော့ဘူး။
သရဲကြီးကတော့ ထိုင်နေကြ သွားနေကြ နေရာတွေမှာ
ကဗျာတွေ ရွတ်မြဲ ရွတ်ဆဲ
သူ့ကဗျာတွေ သိပ်တိုးလွန်းတာကို တော့ သူကိုယ်တိုင် မသိခဲ့တော့ဘူး။
ဒီလိုနဲ့ သစ်ရွက်တွေသာ သံသရာ ရှည်လွန်းတယ်။
သရဲ ကြီး ရဲ့  သက္ကရာဇ်တွေက နံရံပေါ်မှာ မှီခိုလို့ ကောင်းနေတုန်း ပဲ
တစ်ခါတစ်ခါတော့ ခွေးခြေပု လက်ဖက်ရည်ဆိုင် ကလေးတွေ ရှိခဲ့တဲ့
ကွန်ကရစ်လမ်းမကြီးပေါ်မှာ ပလပ်စတစ်တွေ လေထဲ ၀ဲနေတာဟာ
သရဲကြီး ကို ဘေလ်ဘုတ်အဟောင်းတစ်ခု ပေါ်က ဆေးသားပျက်နေတဲ့
ဖုန်းနံပါတ် တစ်ခုလို ဖြစ်စေတယ်။
တစ်ခုတော့ ရှိတယ်။ဟောဒီ လမ်းပေါ်မှာပဲ သရဲ ကြီး ဟာ လက်မှတ်လေး တစ်ခု ကို
ထိုးလိုက်တာကနေ ဖိတ်စာတွေ ဟာ သရဲကြီးဆီ ရောက်မလာတော့ဘူး။
ကျော်ညိုသွေး
Comments