ခွင့်ရက်ရှည် ယူဖြစ်သော အကြောင်း အရင်း

ခွင့်ရက်ရှည် ယူဖြစ်သော အကြောင်း အရင်း



အိမ်ပြန်လာတော့ ဆူညံသံတွေ မကြားချင်တော့ဘူး
ကိုယ်ကိုဖော့လို့ ဂွမ်းစလေးတစ်စလို တစ်နေရာမှာ
ကပ်ငြိနေမယ်။
ဆိုက်ဘာဟာ သစ်ပင်တွေကို ညှိုးနွမ်းစေတော့လည်း
ငါဆိုတာ ဝေးလွင့်ပျောက်ကွယ်သွားရင်ကောင်းမယ်။

သံသယဆိုတာ ကျောမှာထမ်း
လမ်းတွေဆိုတာ ရော့ခ်သီချင်းတွေကို တုန်ခါစေခဲ့တယ်။
အက္ခရာတွေ ဟာ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကို
သပ်လျှိုသွေးခွဲနေ တဲ့ အခိုက်မှာ
ငါဟာ အရာရာ ကို လစ်လျူရှု လို့
ဖိနပ်တွေ ကို ငါ ဖိအားပေးနေမိတယ်။
ပူလွန်းတယ်။ အသံတွေဆိုတာ ပူလွန်းတယ်။
အရာရာဟာ ထိတ်လန့်ဖွယ်။
တရားနဲ့ မဖြေနိုင်တာ အဆန်းလားကွယ်။
ခေတ်ကြီးထဲ လှမ်းမျှော်ကြည့်မှ
ပေတရာပေါ် စီးဆင်းနေတဲ့ သရုပ်သကန် မကွဲတဲ့
ခေတ်ရဲ့ ဇာတ်ခုံ မှာ စီးမျော ခံစားကြည့်မှ
လျှပ်စီးလက်သလို ရင်ထဲ နှလုံးထဲ
ဝင်ရောက် တိုက်ခတ်နေတဲ့ ရောင်စဉ်ရောင်တန်းတွေ
ထိုးနှက်ကြပုံ မြင်မယ်။
ဘာပဲဖြစ်ဖြစ် ခဏထားလိုက်ကြပါ။
အရာရာကို သည်းမခံချင်တော့တာ
အခု ငါဆိုနေတဲ့ သီချင်း
ဝတ်လက်စ အ၀တ်အစားတွေဟာ ဒီလို အမျောတွေထဲမှာ
လျော့ရဲ ကျကုန်မတတ်တောင် ဖြစ်ရဲ့
အိမ်ပြန်ရောက်တိုင်း မမြဲတော့တဲ့ ခါးဝတ်ဟာ
ကိုယ် ထွေးပိုက်ထားရတဲ့ သမာဓိပဲ
တင်းရင်းနေတဲ့ ကြိုးစကို ပုတ်ခတ်လိုက်သလို
ဝီခေါ်နေတော့တယ်။
ထားလိုက်ပါ။
ခေတ်ကြီး ထဲက သားကောင်ဟာ
ဆိတ်ငြိမ်ရာ အရပ်ထဲမှာ ယောက်ယက်ခတ်နေတော့တယ်။
ခြိုးခြိုးချွတ်ချွတ်ဟာ အလွန်တရာ ကျယ်လောင်လွန်းနေပေါ့။
တိတ်ဆိတ်နေတဲ့ အရပ်မှာ
ဆူညံလွန်းတဲ့ ခေတ်ကြီး ကို အိပ်မက် ခဏခဏ မက်နေပေါ့။

အစားလေး တစ်လုတ်တောင်မှ အာရုံစိုက်ပြီး သုံးဆောင်နေရပေါ့။
အလုပ်မရှိ ခေတ်ကြီး ကို မျက်မှောက်ပြုနေရချိန်တွေ များလွန်းတော့
ကိုယ့် အရိပ်ကို ကိုယ် သံသယ နဲ့ ကြည့်ရှုမိတယ်။
ကိုယ့်ကိုယ်ကို ပုန်း ကာ ကွယ်ကာ ကြည့်တယ်။
စိုးစိုးရွံ့  ရွံ့။



ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး