ဟယ်လ်ပင်
ဟယ်လ်ပင်
မနော်ဟရီ လမ်းထိပ်က အဖန်ရည်ဆိုင် ယဲ့ယဲ့လေးမှာ
ဘယ်သူတွေ ထိုင်နေတယ်။
ဟော်တယ်ကြီး ရဲ့  အနောက်ခြမ်းဟာ
နွေသစ်ရွက်တွေ ရဲ့  ကစားကွင်းလည်း ဖြစ်ရဲ့ 
ငိုက်မြည်းနေတဲ့ သစ်ပင်တွေ ကြောင်တစ်ကောင်လို
အညောင်းဆန့်လိုက်တိုင်း
မြေမျက်နှာပြင်ပေါ် တိုးလျညင်သာစွာ ကျလာတတ်သော
မလေးရှားပိတောက် ၀ါ တွေလား ၊ ကုက္ကိုရွက်ဝါတွေလားကွယ်။
အထက်လမ်း အထိ ကိုယ်မလျှောက်ဘူး။
ခြေလှမ်းတွေကို တန်ဖိုးထားလို့
တိတ်ခွေတွေ လည်နေတဲ့ ကက်ဆက်အိုကလေးဆီက
ကန်းထရီးသီချင်းသံလို
တယုတယ ကုန်လွန်သွားမှာ စိုးမိတဲ့ သံစဉ်များ သာ။
ဟယ်လ်ပင်...
ဘယ်တော့မှ မရောက်ခဲ့ဘူး ဟယ်လ်ပင်...
အမြန်ယာဉ်တွေ ပေါ်က စိတ္တဇတွေ
ပုံရိပ် အမြန်ဖမ်း မျက်တောင်တစ်ခတ် များများ
ရွက်ကြွေတွေ လှဲကျင်းရာ သန့်ရှင်းရေး လုပ်သား တစ်ဦးတစ်လေ
တွေ့ တယ်လေ။
ဒီလမ်းကလေး လျှောက်မယ် စိတ်ကူးတိုင်း
အားနာလို့ ကိုယ်ကို ဖော့လို့ နေမိတယ်
စိတ္တဇ နဲ့ ဖျားနာနေသူပါ ဟယ်လ်ပင်
မနက်ဖြန်မှာ ဖြစ်သင့်ရဲ့  မဖြစ်သင့် ရဲ့ 
ဘာမှ မတွေးပဲ အားလုံးဖြစ်ချင်နေ တဲ့
ပူဖောင်း အလွတ်တစ်လုံး ရယ်ပါ။
မနော်ဟရီ လမ်း ကို မင်း ဒီအတိုင်းသာ
မျက်နှာချင်းဆိုင်နေဦးတော့...။
နှပ်ဖျော် လက်ဖက်ရည် တစ်ခွက် တစ်လေ သောက်မိတဲ့
နွေနေ့လည်ခင်းမှာ
ဖုန်နံ့သင်း တဲ့ မနော်ဟရီ လမ်းပေါ် ငါ တိုးတိုးတိတ်တိတ်
နင်းလို့ လျှောက်ခဲ့မယ်။
မင်းသိထားတဲ့ အတိုင်း ငါဟာ ဂျင်းဘောင်းဘီတစ်ထည်ပါ။
အရောင်လွင့်ပေ့မယ့် မရှိမဲ့ ရှိမဲ့ ကြံ့  ခိုင်မှု နဲ့
တခါ တလေ ယုံယုံ ရဲရဲ ဖြစ်နေသူပေါ့။
ဖတ်လက်စ ရုပ်ပြ စာအုပ်ကလေး ပိတ်ပြီး ဖွင့်ပြီး ငေးတော့
ငါဟာ နှင်းဝေတဲ့ မျက်ဝန်းများ။
စီးလာတဲ့ အမြန်ယာဉ်ဟာ မနော်ဟရီ လမ်းထိပ်နား ရောက်လုပြီလား။
မျက်ဝန်းတွေေ၀၀ါးသွားတာ ငါမှတ်မိတယ်။
ကျော်ညိုသွေး
Comments