ချန်နယ် ပီတီဇက်



ချန်နယ် ပီတီဇက်

ပွေးတွေ ပျောက်ကင်းသွားလည်းပဲ
နင့်ကိုချစ်မယ်။

ပွေးကုတ်ရတဲ့ အရသာဟာ နင့်ကိုငါ ချစ်ရသလို။
အားပါးပါး အားပါးပါး ကောင်းလိုက်တာကွယ်။
အနာဖေးလေးတွေ လန်သွားရင် အသာပြန်သိပ်
နောက်တစ်နေ့အတွက် ငါ ဥ ထားမယ်။


ငါဟာ ပွေးတွေ အပျဉ်လိုက်ကြီး
အသက်အရွယ်လမ်းခုလတ်မှာ ပိုင်ဆိုင်ခဲ့။
ဆောင်းတွင်း ရက်တွေမှာကွယ်။

ပွေးမပေါက်ဖူးတဲ့ သူ ဒီကမ္ဘာမှာရှိမလားကွယ့်။
ဖန်ဂီဒန် ကို ဘယ်နိုင်ငံက ထုတ်တယ်။
အဟုတ်ကွဲ့
တောသားကြီးဝဲဆေးဟာ
ကိုယ်တို့မြို့သစ်မှာ Hit ဖြစ်ဖူးခဲ့။

ဖို၊ မ ဆင်းရဲ ၊ချမ်းသာ
လှပ ၊ ရုပ်ဆိုး
အသားဖြူမည်း
လူမျိုးမရွေး ဘာသာမရွေး
ပွေးပေါက်နိုင်တယ်။
လူလာဖြစ်ရတာ ကံထူးသမို့ပဲ။
နင်နဲ့ငါ ဒီမြေဒီလေမှာ
တွေ့ကြတယ်။

ကိုယ်တို့ဘ၀ အောင်မြေဟာ
တစ်ချိန်က မြေနိမ့်ရာ လှံစိုက်ခံခဲ့ရတဲ့ နေရာ။
ပွေးပေါက်ဖူးတဲ့ နေရာဟာ
အမွှေးတွေ သန်လာတာ
ဆန်းသလားကွယ်။

ကြောင်ကလေးတွေ မှာ ပွေးမပေါက်ဘူးကွယ်။
သူတို့က အမွှေးများတယ်။
လူတွေဟာ အရင်က အမွှေးစရပျစ်နဲ့တဲ့ကွယ်။
အခုတော့လည်း
ဒါတွေက ကြာခဲ့ပါပြီ။








ပွေး တွေဟာ
မှိုကြောင့် ဖြစ်တာတဲ့
အဲဒါကြောင့်
ချောကလက်တွေ မှိုမတက်စေနဲ့
ပေါင်မုန့်တွေ မှို မတက်စေနဲ့
နှလုံးသားတွေ မှိုမတက်စေနဲ့
အို...
အားလုံးအားလုံး
ဘာမှ မှိုမတက် စေနဲ့ကွယ်။
မှို ဆိုတာ
အလုံပိတ် ပါကင် ထဲမှာတောင်
တက် တတ်တယ်။
ဂရုစိုက်ကွယ်။

ဘာမှ စိတ်မပူနဲ့ အချစ်
ပေါင်မုန့်ဆိုတာ
မီးကျွမ်းမှ
လှတာ
ကွယ့်။
ဆင်းဒ်ဝှစ်ခ်ျ တွေဟာ ဟန်ဆောင်ထားရုံသက်သက်ပါ။
အရေပြားတွေဟာ
ဘ၀အတွက် အပိုပါလာကြတာ
ထူးဆန်းတယ်။
မသေမချင်း မကုန်မခမ်း
အသုံးချစမ်းဟယ်။

ကြောင်ဟာ ကြွက်ကို ဘယ်အချိန်
ခုန်အုပ်ရမယ်ဆိုတာသိတယ်။
မုဆိုးဟာ သားကောင် ကို
ဘယ်အချိန် အငိုက်မိမလဲဆိုတာသိတယ်။
ထိပ်ခတ်နာ ဖြစ်ဖူးသူဟာ
နှာခေါင်း နဲ့ လည်ချောင်း ဆက်စပ်ပုံကိုသိတယ်။
နှာခေါင်းသံထုတ်ပုံကိုလည်း သိတယ်။
ကိုယ်လည်း ဘယ်ကဗျာကို
ဘယ်လိုအခြေအနေ မှာ ထုတ်ရွတ်ရမယ်ဆိုတာ သိတယ်။
ဒါနဲ့ပဲ ကိုယ်ဟာ
ဒီပွေးတွေ ကြောင့်ပဲ
ကြိုးတန်းပေါ် လမ်းလျှောက်တတ်ခဲ့
ထူးဆန်းနေမလားကွယ်။





စတိုးဆိုင်ရှေ့မှာ မတ်တပ်ရပ်နေတဲ့
အရုပ်မတွေဟာ ပွေးမပေါက်ကြဘူး။
ကိုယ်တို့ဟာ အသွေးနဲ့ အသားနဲ့ ဖြစ်ကြောင်း
ဒီကမ္ဘာကို သက်သေ ပြနိုင်ခဲ့ပြီ။
လက်တွေကို ဆပ်ပြာနဲ့ သန့်စင်အောင်ဆေးကြောခဲ့လည်း
ပွေးပေါက်ခဲ့ခြင်းဟာ ထာဝရ သစ္စာ
သေတ္တာထဲက အမှန်တရား
ခံစားချက်ပါပါ တေးတွေတောင်
ဆွံ့အ ကုန်တယ်။

နိဗ္ဗာန်ဆိုတာ
ကိုယ်တို့ လောကလို
အညှီအဟောက် မရှိပြန်တော့လည်း
သာယာတယ်။
ခုနေ နိဗ္ဗာန်ရောက်သွားရင်။
ကိုယ်တို့လည်း ပွေးပေါက်ကြပေမယ်
မဟုတ်ပေဘူး။
ခက်တယ်ကွယ်
သာယာနေတုန်းလေး
သာယာ နေတာလေး
သာယာပုံ မတူကွဲပြားတာတွေ
ဘယ်လိုများ လွင့်စင် ကွဲထွက်မလဲ။
ကုန်းဘောင်ခေတ်ကနေ အခုထိ
လူတွေ ပွေးပေါက်ကြတယ်။
လောကဓံ ရှစ်ပါးမှာ
ပွေးတွေဟာ ဘယ်လို တစ်ထောင့်တစ်နေရာက
ပါဝင် ကပြကြသလဲ။
က တာ မဟုတ်ဘူး ငါ့သားရဲ့
က တာ မဟုတ်ဘူး ငါ့သားရဲ့
သြော်..လောကဓံ
သြော်..လောကဓံ
လောကဓံဟာ
တီဗွီကြော်ငြာတွေ ပေါ်မှာ အခန့်သားနဲ့ ။

ခေါင်းမှာ ပေါက်တော့ ဒက်
တခြားမှာပေါက်တော့ ပွေး
ဘယ်လိုပဲ နာမည်ပေးပေး
လောကဓံ ရှစ်ပါး က
ဘယ်လို အရေပြား
ဘယ်လိုအနေအထားကိုမှ
မျက်နှာမလိုက်ဘူး။

ငါဟာ ပွေးတွေ ကူးမှာစိုးလို့
ခန္ဓာကိုယ် အနှံ့ ဘယ်နေရာကိုမှ
မတို့မထိရဲ။
နင်တုန်လှုပ်နေတာ တွေ
ငါ တုန်လှုပ်နေတာတွေ
အားလုံး အားလုံး
ဖုံးကွယ်ထားကြတာပါကွယ်။

အနာတွေဟာ
ဆရာတွေပဲ
ပွေးတွေ ပျောက်ကင်းလို့သွားသည့်တိုင်
နင့်ကိုချစ်တယ်။

နင်ဟာ ငါ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ
နင်ဟာ ငါ့အတွက် ခံစားစရာများစွာ



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး