ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မိုးယံ နင့်ကို ငါ ချစ်တယ် ဖွင့်မပြောလိုက်ရဘူး။

မိုးယံ နင့်ကို ငါ ချစ်တယ် ဖွင့်မပြောလိုက်ရဘူး။


အခုတော့ နင့်အကြောင်း သတင်းတွေ လိုက်နေ
နေပူကျဲတဲမှာ
နင့်ထီးကလေး ငါ့ကိုယ်ပေါ်တစ်စွန်းတစ်စ
အဲဒါက ဘားလမ်း
နင့်မျက်ဝန်းလေး ငါ့ဘက်ကို တစ်စွန်းတစ်စ
အဲဒါ ငါ့ သီချင်း
ဂစ်တာ ကော့ဒ့်တွေ အသက်ဝင်လာ
အဲဒါ ငါ့သတင်း
နင်ဟာ ရင်ဖုံးနဲ့လား
ငါဟာ တီရှပ်နဲ့လား
ကော်ဖီ ချိုချိုတွေ အောက်မှာ ငါခဏခဏ အိပ်ပျော်
ဂျင်းအကျပ်တွေ အောက်မှာ ခဏခဏ အိပ်ပျော်
မော်လမြိုင်သူတွေ စကားသံထဲမှာ ခဏခဏ အိပ်ပျော်
မြေနီကုန်းမှာ ခဏခဏ အိပ်ပျော်
ကတ်ကြေးကိုက်တွေ ထဲမှာ ခဏခဏ အိပ်ပျော်
ဒီညလည်း
အိပ်မြှောင်သံတွေကြားမှာ
ပိုးဟပ်ဖြူလေးတွေ ထိတ်လန့်နေရှာပေါ့။
ခင်မောင်တိုး သီချင်းချည်းပဲ ဖွင့်နေတော့
ရန်ကုန်ဟာ ငါ့ကိုပျင်းလာတယ်။
အတိတ်တွေကို ငါ စုစုထား ပါတယ်။
သီချင်းတွေကို ငါ စုစုထား ပါတယ်။
ငွေအကြွေတွေကိုလည်း ငါ စုစုထား ပါတယ်။
ဟိုတုန်းက ပျော်ရွှင်မှုတွေကိုလည်း ငါ စုစုထား ပါတယ်။
ပိုက်ဆံချေးခဲ့ရတဲ့ အချိန်တွေကိုလည်း ငါ စုစုထား ပါတယ်။

သြော်..
ရန်ကုန်လာရင် ငါ့ကို မတွေ့အောင်ရှောင်နေပါ။
ငါကလည်း ဆံပင်အရှည်တွေ ထားပြီး
နင့်ကို ပုန်းနေမှာ။



ကျော်ညိုသွေး