ညီမလေးသို့ပေးစာ

.
ညီမလေးရေ
ဒီနေ့တော့ ကိုယ်လည်းအလုပ်နည်းနည်းပင်ပန်းတာနဲ့ ခွင့်ယူဖြစ်တယ်ကွယ်။ အလုပ်နားရက်ဆိုတော့ဘယ်သွားမလဲပေါ့လေ။ အိမ်မှာနေပြီး စာအုပ်ပဲဖတ်ရင်ကောင်းမလား၊ ဗွီဒီယိုပဲကြည့်ရင်ကောင်းမလား၊ ဂစ်တာပဲတီးရင်ကောင်းမလားပေါ့ တွေးရင်းနဲ့ အပြင်ကိုဟိုသွားဒီသွားမလုပ်တာလည်းကြာပြီဆိုတော့ မြို့ထဲကို သွားရင်းနဲ့ ရွှေတိဂုံစေတီကို သွားဖူးမယ်လို့ စိတ်ကူးမိတာပေါ့။ အဲ့ဒါနဲ့ ကိုယ့်သူငယ်ချင်းနဲ့ အတူတူ သွားဖြစ်တယ်ကွယ်။ အသွားကတော့ လိုင်းကားတွေချောင်တဲ့အချိန်ပေါ့ ၃၆ ကားပေါ်လည်းတက်ရော လူနည်းတာနဲ့ ထိုင်ခုံအလွတ်တွေက ကိုယ်တို့ကိုဆီးကြိုနေလေရဲ့လေ။ ကိုယ်တို့ သူငယ်ချင်းနှစ်ယောက်လည်း ထိုင်ခုံကိုယ်စီနဲ့ လှိုင်သာယာကနေ မြေနီးကုန်းအထိ စီး
လာခဲ့တာပေါ့။ မြေနီကုန်းလည်းရောက်ရော ၃ကားကိုပြောင်းစီးပြီ ရွှေတိဂုံကို ဆက်ခဲ့ပြန်တယ်လေ။ အမှန်တော့ ကိုယ်တို့က အရှေ့ဘက်မုဒ်ကနေ ရွှေတိဂုံစေတီတော်ပေါ်ကိုတက်ဖို့ပဲ။ ဒါပေမယ့် လမ်းမှာ သူငယ်ချင်းက ကိုယ့်အစ်ကိုတစ်ဝမ်းကွဲ ကိုတွေ့ချင်တယ်ဆိုတာကြောင့် အရှေ့ဘက်မုဒ်မှာမဆင်းပဲ တောင်ဘက်မုဒ်အထိကိုယ်တို့ ဆက်စီးခဲ့ကြတယ်။

တောင်ဘက်မုဒ်မှာ ကားပေါ်ကဆင်းပြီ Happy World ကလေးကစားကွင်းမှာ အလုပ်လုပ်တဲ့ ကိုယ့်အစ်ကို ဆီကို ကိုယ်တို့သူငယ်ချင်းနှစ်ယောက် သွားတယ်။ ကိုယ်တို့ကို ကိုယ့်အစ်ကိုနဲ့ သူ့ဇနီးက ကစားကွင်းထဲမှာ ကိုယ်တို့ ကစားချင်တာတွေကို ကစားစေပြီးဧည့်ခံတယ်လေ။ တိုက်ကား မောင်းတယ်၊ ကာရာအိုကေဆိုကြတယ်။ ပြီးတော့ ကိုယ့်အစ်ကိုနဲ့ ကော်ဖီဆိုင်ထိုင်ကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေအကြောင်း၊ အလုပ်အကိုင်တွေအကြောင်း အတော်ကြာအောင် ပြောပြီးတော့မှ သူ့ကို နှုတ်ဆက်ပြီး ကိုယ်တို့သူငယ်ချင်းနှစ်ယောက် Happy World ကနေထွက်ခဲ့တယ်။

အခုမှ ကိုယ့်တို့သွားချင်တဲ့ဆီကိုသွားရတော့မှာ ရွှေတိဂုံဘုရားပေါ်ကို တက်ခါနီး ကားလမ်းကိုဖြတ်ကူးအပြီးမှာ နောက်ကနေ “ဒကာ ကြီး ဒကာကြီး” နဲ့ခေါ်သံကိုကြားမိလို့ လှည့်ကြည့်မိမှ ဦးဇင်း တစ်ပါးကိုတွေ့လိုက်တယ် သူ့နောက်ခပ်လှမ်းလှမ်းမှာ နောက်ထပ် ဦးဇင်းနှစ်ပါးက ခပ်လှမ်းလှမ်းမှာရပ်လို့ပေါ့။ အကဲခတ်နေပုံပဲ။ ကိုယ့်ကိုခေါ်တဲ့ဦးဇင်းက ကိုယ့်အနားကပ်လာပြီး “ဒကာကြီးရယ်… ဦးဇင်းတို့က မှော်ဘီကလာတာပါ ဦးဇင်းတို့ သင်တန်းလာတက်တာပါ။ အခုမှော်ဘီကိုပြန်ရမှာ လမ်းစရိတ်ကတော့ ရှိပါသေးရဲ့ ဒါပေမယ့် မနက်ကတည်းက ဦးဇင်းတို့ လာကတည်းက လမ်းစရိတ်သာသာပဲ ပိုက်ဆံက ပါလာတာမို့ အခုဆွမ်းဘုည်းပေးဖို့ အတွက် အခက်အခဲရှိလို့ မုန့်ဟင်းခါး ၃ ပွဲစာလောက် လှုခဲ့ပါ” ကိုယ့်ကိုပြောတယ်။ ကိုယ်ဒါမျိုးတွေကြားဖူးနေတာကြာပြီ။ ကိုယ်ဒီခဏလေးအတွင်းမှာပဲ ကိုယ့်ခေါင်းထဲမှာ အပြင်းစားစဉ်းစားမှု့လုပ်လိုက်ပြီး ထွက်လာတဲ့စကားက “တပည့်တော် တို့လည်း အလုပ်လာလျှောက်တာပါ ပိုက်ဆံလည်း လမ်းစရိတ်ပဲပါလာလို့ပါ”လို့ပြောလိုက်တယ်။ ဒါနဲ့ သူတို့လည်း”အော်….အင်းအင်း”ပြီးထွက်သွားကြတယ်။ အဲ့ဒီ့အချိန်မှာ ကိုယ့်ဘောင်းဘီအိတ်ထဲမှာ ပိုက်ဆံ 7000 လောက်တော့ ပါ ပါတယ်။ ကိုယ် သူတို့ကိုငါးရာလောက်လှုလိုက်လည်း ရပါတယ်။ဒါပေမယ့် ကိုယ်မလှုလိုက်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်သူတို့ကို မသဒ္ဒါလို့ပဲကွယ်။ ပြီးတော့ ကိုယ်သူတို့ကို ဘုန်းကြီးအစစ်တွေလို့ကိုယ်မယုံဘူး။ ဒီလိုပဲ ရွှေတိဂုံအနားမှာ မှော်ဘီကနေလာပြီး လမ်းစရိတ်ပြတ်တဲ့ ဘုန်းကြီးတွေက အများသားလား။ ဆွမ်းမစားရသေးတဲ့ ကိုယ်တော်တွေကလည်း တစ်ပုံတစ်ပင်ပါလား။ ဘယ်လိုများဖြစ်ကုန်ပြီလဲ။

တစ်ခါကလည်း ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ဖိနပ်ပြတ်လို့ဆိုပြီး ပိုက်ဆံအလှုခံတဲ့ ဘုန်းကြီးအယောင်ဆောင်လူလိမ်တစ်ယောက်ရှိခဲ့ဖူးတယ်။ သူလိုချင်တာပိုက်ဆံ၊ ကိုယ့်သူငယ်ချင်း ပိုက်ဆံမပေးပဲ ဖိနပ် သင့်တော်ရုံတစ်ရံကို ၀ယ်ပေးလိုက်တယ်လေ။ ဖိနပ်ဆိုင်ထဲမှာအဲဒီ့ အယောင်ဆောင်ကိုယ်တော်လည်း စိတ်ပိန်နေတာပေါ့။ နောက်တစ်ပတ်မှာအဲ့ဒီ့ကိုယ်တော်ပဲ နောက်ထပ်ဒကာ တစ်ယောက်ကို ထပ်ပြီး ဖိနပ်ပြတ်တယ် ဆိုပြီး အလှုခံနေတာကို ကိုယ့်သူငယ်ချင်းက တွေ့ပြီး “ကိုယ်တော့်ကို ဟိုနေ့ က တပည့်တော် ဖိနပ်လှုပြီးပြီလေ”လို့ ပြောလိုက်တော့ မှ သူအလှုခံနေတဲ့ လူနားကနေ သုတ်ခြေတင်သွားတယ်လို့ ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုပြန်ပြောပြတယ်။

သြော်…ညီမလေးရယ် စဉ်းစားကြည့်ပါဦး ကွယ် အတုအယောင်တွေကများလှချည်လား၊ လောကကြီးမှာ လူလိမ်ဆိုတာကတော့ နေရာတိုင်းမှာရှိတာပါပဲကွယ်။ဒါပေမယ့် အခုလို ရန်ကုန်မြို့ကြီးက လူများကြည်ညို၊ကိုးကွယ် ပြီး တန်ဖိုးထားလေးစားရတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ ခြေရင်းမှာ အခုလိုမျိုး လိမ်ချင်တိုင်းလိမ်၊ညာချင်တိုင်းညာ ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အလေးထားရတဲ့ သံဃာတော်ယောင်ဆောင်ထားတာတွေက လိမ်ညာ ပိုက်ဆံတောင်းနေတာကတော့ အရုပ်ဆိုး၊ အကျည်းတန်လွန်းလှပါတယ်ကွယ်။ ဒီလိုမျိုးအဖြစ်တွေက ကိုယ်တို့တင်မကဘူး ကိုယ်တို့နဲ့ ပတ်သက်သမျှလူတိုင်းမှာလည်း ကြုံဖူးကြတယ်လေ။ ကားဂိတ်မှာ၊ ဘုရားမှာ၊ ဘူတာမှာ စသဖြင့်စုံလို့ပေါ့။

ညီမလေးရယ်…မင်းရော ကိုယ်ရောဟာ ဗမာလူမျိုးစစ်စစ်တွေ မဟုတ်ကြပေမယ့်လည်း မြန်မာနိုင်ငံသားစစ်စစ်တွေပါ။ မင်းရော ကိုယ်ရောမြန်မာပြည်ကြီးကိုချစ်ကြတယ်လေ။ မြန်မာတွေရဲ့ ရိုးသားတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတလေးတစားတန်ဖိုးထားကြတယ်လေ။ မင်းကိုကိုယ်တန်ဖိုးထားမိသလို ကိုယ်မြန်မာနိုင်ငံကို တန်ဖိုးထားတယ်။ မြန်မာပြည်မှာ ကိုယ်မမွေးဖွားခဲ့ရပေမယ့် မြန်မာပြည်မှာ ကြီးပြင်းအသက်ရှင်ခဲ့ရတဲ့ ကိုယ့်အတွက်တော့ မြန်မာ့မြေက ကျေးဇူးကြီးမားလွန်းလှပါတယ်ကွယ်။ ကိုယ်ချစ်တဲ့ မြန်မာနိုင်ငံကြီးရယ်၊ ကိုယ်အလေးထားတဲ့ မြန်မာ့မြေအလှအပတွေကို၊ ညစ်နွမ်းစေမယ့် သူတော်စင်အယောင်ဆောင် သူတွေကိုတော့ ကိုယ်အရမ်းမုန်းမိတယ်ကွယ်။

ဗမာလူမျိုးများဟာ ရဟန်းသံဃာတော်တွေကို ဘုရားသားတော်ဆိုပြီး လေးလေးစားစား တန်ဖိုးထားတတ်တာတွေကို ခုတုံးလုပ်ပြီး၊ နေရာတော်တော်များများမှာ သာမာန်လူတွေကို သင်္ကန်းရုံပြပြီး လိမ်လည်လှည့်ဖျားတာတွေဟာ တစ်ချို့ကိစ္စတွေမှာ တော်တော်လေးကို သည်းမခံနိုင်စရာအောင်းလောက်အောင်ကို ဖြစ်နေကြပြီ။

ညီမလေး ကိုယ့်ကို တစ်မျိုးမြင်နေပြီလား? မထင်လောက်ပါဘူးနော်။ ကိုယ်ပြောတာ သူတော်စင် သူတော်ကောင်းတွေကိုဆိုလိုတာ မဟုတ်ဘူးနော်။ ဘုရားသားတော် များဟာ လောကီရေးရာကို အပြီးအပိုင်စွန့်လွှတ်ပြီး လောကုတ္တရာကိစ္စတွေနဲ့လုံးပမ်းအားထုတ်နေတာမို့ တစ်ကယ်ဆိုမအားနိုင်ရှာပါဘူးကွယ်။ သာသနာတော်ကြီး ထွန်းကားပြန့်ပွားဖို့အတွက်နဲ့ အရာရာကိုစွန့်လွှတ်နိုင်တာဟာ တစ်ကယ့်ကိုလေးစားအတုယူဖွယ် သူရဲကောင်းတွေပါပဲ။ အဲ့ဒီလိုသူရဲကောင်းတွေနဲ့ပုံစံတူ လိုက်ပြီး သင်္ကန်းရုံကာ အယောင်ဆောင်တဲ့သူများကိုတော့ ကိုယ်တို့က ဒီအတိုင်းပဲကြည့်နေကြရတော့မှာလား။ အဲ့ဒီ့လို အယောင်ဆောင် လူယုတ်မာတွေကြောင့် ရဟန်းသံဃာတွေ ကိုလူတွေက အထင်အမြင်သေးကုန်ကြရင် ခက်စရာဖြစ်တော့မှာပါပဲ။ ဒါတင်မက နိုင်ငံခြားသားတွေ မြင်ရင်လည်း ရှက်ဖွယ်လိလိပါပဲကွယ်။

မြန်မာပြည်ကြီးမှာနေရင် မြန်မာပြည်ဥပဒေအရ လူတိုင်းမှာမှတ်ပုံတင်ရှိရတယ်။ မြန်မာပြည်ထဲရောက်တာနဲ့ မြန်မာနိုင်ငံသားမဖြစ်ဘူးမဟုတ်လား။ အဲ့ဒီလိုပဲ အနီရောင်သင်္ကန်းခြုံရုံနဲ့ ဘုန်းကြီး မဖြစ်ဘူးဆိုတာလည်း ကိုယ်နဲ့မင်းအပါအ၀င် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အားလုံးသိကြတယ်။ ဒါပေမယ့် ကွယ် မြန်မာနိုင်ငံသားမှန်ရင် လူဝင်မှု့ကြီးကြပ်ရေးက ပေးအပ်ထားတဲ့ နိုင်ငံသားကဒ်ကိုယ်စီပိုင်ဆိုင်ကြတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူလူထုက လက်ခံ အသိအမှတ်ပြုထားတဲ့ ဘုန်းကြီးကျောင်းများမှာ သင်္ကန်းစည်းထားတဲ့ ရဟန်းသံဃာတော် အစစ်အမှန်ဖြစ်ကြောင်းကိုတော့ ဘာနဲ့သက်သေပြကြမလဲ????? ကိုယ်တို့နည်းနည်းတော့ စဉ်းစားစရာတွေ ရှိလာကြပြီ။ လူတွေမှာမှတ်ပုံတင်ရှိသလို၊ ၀န်းထမ်းတွေမှာ ID ကဒ် ရှိသလို၊ သံဃာတော်တွေကိုလည်း မှတ်ပုံတင်လုပ်ထားပေးရမလိုပဲဖြစ်နေပြီ…။

ညီမလေးကတော့ထင်နေမှာပဲ ငါ့ အကိုနှယ်… သေးသေးမွှားမွှားလေးကို အကိုက သိပ်အကျယ်ချဲ့တာပဲလို့ပေါ့… အကျယ်ချဲ့တာတော့မဟုတ်ပါဘူးကွယ်။ ဒီလိုသာဆက်သွားနေရင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ကိုယ့်တို့ရဲ့မြန်မာနိုင်ငံကြီး ညစ်ပတ်စုတ်ပြတ်သွားမှာကို ကိုယ်သိပ်စိုးရိမ်မိလို့ပါ။ တစ်ကယ်တမ်းတော့ နိုင်ငံတစ်နိုင်ငံရဲ့ကြီးကျယ်ခန်းနားမှု့ကိုလိုချင်ရင် နိုင်ငံသားတိုင်းရဲ့ ကိုယ်စီစိတ်ဓါတ်မြင့်မားဖို့ကို အခြေခံပြီးတည်ဆောက်မှရနိုင်မှာပဲလို့ကိုယ်သိသလောက်လေးနဲ့ ကိုယ်ထင်တာ ကိုယ်ပြောချင်တယ်ကွယ်။ ငစိန်ဆန်နဲ့ ဒန်ပေါက်ထမင်းကောင်းကောင်းချက်လို့မရသလို့ ရောပြွမ်းဆန်နဲ့လည်း ဒန်ပေါက်ထမင်းရနိုင်မှာမဟုတ်ပါဘူးကွယ်။ ဒန်ပေါက်ထမင်းကိုလိုချင်ရင် ဒန်ပေါက်ထမင်းချက်လို့ရနိုင်တဲ့ ဆန်အကောင်းစားနဲ့မှ ရနိုင်မှာပေါ့ကွယ်။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေလည်း ကိုယ်စီကိုယ်စီ ကောင်းမွန်တဲ့ ဒန်ပေါက်ဆန်စေ့လေးတွေဖြစ်ရင် အကောင်းဆုံးသော မြန်မာနိုင်ငံ ဒန်ပေါက်ထမင်းပွဲကြီးရဲ့ ရနံ့ဟာလည်း သင်းကြိုင်မွှေးပျံ့နေမှာပေါ့ကွယ်။။

Comments

puluque said…
ကျတော်လည်း မကြာမကြာ ကြုံဖူးတယ်ဗျ။ ဘုန်းကြီယောင်ဆောင်တာကော။ လူတွေက လမ်းစရိတ်ပြတ်လို ဘယ်ပြန်မလို ဆိုတာကော ဆုံနေတာပါပဲ။
Ei Wai Phyo said…
ကိုဂစ်တာရေ.. ဘုန်းကြီးတွေမှာလည်း မှတ်ပုံတင်ရှိတယ်။ သာသနာရေးဝန်ကြီးဌာနက လုပ်ပေးထားတာ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး