မျက်မှန်တပ်ထားတဲ့ သူ နှင့် မျက်မှန်မတပ်ထားတဲ့သူ


“မင်းဘာလို့ဒီလိုရှက်ကြောက်နေရတာလဲ ဘာမှလည်းဟုတ်တာလည်းမဟုတ်ပဲနဲ့ ငါလည်းငယ်ငယ်တုန်းက မင်းလိုရှက်ခဲ့ဖူးတာပဲ ဆင်းရဲတာကိုရှက်တာ နောက်တော့ငါ့ဘာသာစဉ်းစားမိတယ် လောကကြီးမှာ ငါတစ်ယောက်တည်း ဆင်းရဲတာလားလို့ပေါ့ ငါတစ်ယောက်တည်းမှမဟုတ်ပဲ”

ကျွန်တော် အထက်တန်းကျောင်းသားဖြစ်ခါစ အဖေနဲ့ကျွန်တော် တစ်နေရာသို့အသွား လမ်းမှာ ကျွန်တော်က တစ်စုံတစ်ခုကို ရှက်နေမိသောကြောင့် အဖေက ကျွန်တော့်ကိုပြောတဲ့စကားပင်ဖြစ်သည်။ အကြောင်းမရှိအကြောင်းရှာရှက်တတ်သော ကျွန်တော့်ကို အဖေကလည်း အကြောင်းမရှိအကြောင်းရှာကာ မရှက်တတ်ဖို့ ပြောဆိုသည်မှာ အကြိမ်ကြိမ်ရှိပြီ။ ရုပ်ဆိုးတာကိုရှက်တာ။ မျက်လုံးပြူးတာကိုရှက်တာ။ ဆင်းရဲမှာကိုရှက်တာ။ စသည်ဖြင့် ရှက်နည်းပေါင်းစုံဖြင့် လူတကာတို့ရှက်ဖူးကြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်လည်း ရှက်ခဲ့သည်။

ငယ်စဉ်က အကျင့်တစ်ခုကြောင့် လူပျိုပေါက်ရောက်သောအခါ ကျွန်တော့်အတွက် ရှက်ဖွယ်တစ်ခုကိုကြုံရလေသည်။ တစ်ခြားမဟုတ် သွားခေါနေခြင်းပင်။ ငယ်ငယ်က ဘယ်ဘက်လက်ညှိုးသိမ်သွားအောင် လက်စုပ်ခဲ့သောကြောင့် လူပျိုပေါက်အရွယ်တွင် သွားခေါကလေး တစ်ယောက်ဖြစ်ခဲ့လေပြီ။

တစ်ခါ…ကျွန်တော့်အဖေအလုပ်မသွားသည့်နေ့ ကျွန်တော်တို့ အိမ်ရှေ့ဈေးဆိုင်လေး ပေါ်ထိုင်ရင်းအဖေနှင့်ကျွန်တော် ထွေရာလေးပါးပြောနေချိန် သွားအကြောင်းနှင့် ပတ်သက်ပြီးစကားစပ်မိ၍ ကျွန်တော်က သွားပြင်ချင်ကြောင်း၊ အခု သွားပုံစံကိုသဘောမကျနိုင်ပဲရှိကြောင်းအဖေ့ကို ပြောမိလေသည်။ ထိုစဉ်က မျက်နှာအစိတ်အပိုင်းများကို ပြုပြင်သည်ဆိုသည်မှာ ရုပ်ရှင်မင်းသားမင်းသမီးများသာ ပြုပြင်လေ့ရှိရာ။ ကျွန်တော်တို့မိသားစုလို အောက်ခြေလူတန်းစားအဖို့ မည်သို့တတ်နိုင်မည်နည်း။ 

သို့သော်အဖေက ကျွန်တော်အားမငယ်စေရန်။ “ပြင်ရမှာပေါ့ကွာ အခုတော့ ငါတို့မှာငွေအင်အားနည်းနေသေးတယ်လေ ပိုက်ဆံနည်းနည်းပိုစုမိတဲ့အခါကျရင် လုပ်ရမှာပေါ့။ ဒါပေမယ့် ပညာတတ်အောင်လုပ်ပါကွာ အရည်အချင်းရှိအောင်သာလုပ်ပါ။ ဒါတွေကအမှန်တော့အလကားပါ။ မင်းစွမ်းဆောင်ရည်မြင့်လေ။ မင်းရုပ်ဆိုးတာတွေပျောက်လေ” ဟုသာပြောခဲ့သည်။ ထိုစဉ်ကတော့အဖေပြောတာကိုသိပ်နားမလည်။ အချိန်ရှိတိုင်းမှန်ရှေ့ရောက်နေမိသည်။

ထိုအဖြစ်များ ကြာခဲ့လေပြီး … ကျွန်တော်ကိုးတန်း နှစ်လောက်ရောက်သောအခါ အဖေသည် အလုပ်တစ်ခု တွင် အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်လေသည်။ ကျွန်တော်တို့မိသားစုလည်း အတော်အတန်လေး အဆင်ပြေလာလေသည်။ ထိုအလုပ်မှာလုပ်နေစဉ် အဖေသည် ညစဉ်ညတိုင်း အလုပ်မှပြန်လာသောအခါ ပိုက်ဆံပေါပေါများများပါလာသည့်နေ့များတွင် ဖတ်စရာ မဂ္ဂဇင်း တစ်အုပ်စ နှစ်အုပ်စ ၀ယ်လာလေ့ရှိသည်။ ထိုစဉ်က အဖေဖတ်သော magazine များမှာ သပြေ တေးမဂ္ဂဇင်း၊ ဓန စီးပွားရေမဂ္ဂဇင်း၊ နွယ်နီမဂ္ဂဇင်းစသည်တို့အဖတ်များလေသည်။ ကျွန်တော်သည်လည်း ထိုစာအုပ်များထဲမှာ ဟိုလှန်ဒီလှန်ကာ ရယ်စရာမောစရာ၊ သရော်စာများ၊ ဆောင်းပါးများကို ကိုယ်လက်လှမ်းမီသလောက် ဉာဏ်မီသလောက် ဖတ်ခဲ့သည်။ တစ်ခါတစ်လေ မော်ဒန်ဝထ္ထုများ၊ အက်ဆေးများကိုလည်း ဖတ်ချင်ဖတ်မိသည်။ တစ်ခါသော် ရယ်စရာmagazine မှ နှစ်သိမ့်ဆုရ ဟာသဇတ်လမ်းတစ်ပုဒ်ကိုဖတ်မိရာ ရယ်၍မဆုံး။ တစ်ခါတွင်လည်း ပေါ့ပ်အဆိုတော်မိုက်ကယ်ဂျက်ဆင်ဧ။် သူ့နဂိုမူလ အသားအရည်ကိုပြန်လိုချင်သည့် သတင်းတစ်ပုဒ် ကိုလည်းစိတ်တွင် မှတ်မှတ်ထင်ထင်။ နောက်တစ်ခါတွင် မော်ဒန်အက်ဆေးတစ်ပုဒ်ကို ဖတ်မိလေသည်။ ထိုအက်ဆေးကို နားမလည်သော်လည်း စိတ်ထဲစွဲနေမိသည်။ ဘာကြောင့်မှန်းမသိပေ။
“မျက်မှန် တပ်ထားတဲ့သူတစ်ယောက်က မျက်မှန်မတပ်ထားတဲ့သူ တစ်ယောက်နဲ့ မျက်နှာချင်းဆိုင် လာနေတယ် ၊ မျက်မှန်တပ်ထားတဲ့သူက မျက်မှန်မတပ်ထားတဲ့သူကို မြင်တော့ စိတ်ထဲမှာ ရှိန်နေတယ်။ မျက်မှန်တပ်ထားတဲ့သူကလည်း မျက်မှန်မတပ်ထားတဲ့သူကို မြင်တော့ စိတ်ထဲကနေ အလိုလိုရှိန်သွားခဲ့တယ်” စသည်ဖြင့်ထိုသို့သောစကားလုံးများပါဝင်သည့် စာကြောင်များဖြင့်ဖွဲစည်းထားသည့် အက်ဆေးတစ်ပုဒ်ဖြစ်သည်။ ထိုအက်ဆေး၏ခေါင်းစဉ်နှင့် စာရေးဆရာကိုကား လုံးလုံးပင်မေ့နေချေပြီ။

နောက်နှစ်ဆယ်တန်း ရောက်သောအခါ ကျွန်တော်ဆယ်တန်းကျလေသည်။ ထိုနှစ်က စနစ်ဟောင်းနောက်ဆုံးနှစ်ဖြစ်သောကြောင့် နှစ်ကျဖြစ်သောကျွန်တော်နောက်နှစ် ကျောင်းပြန်တက်သောအခါ Course အသစ်များနှင့်ရင်ဆိုင်ရလေတော့သည်။ သင်ခန်းစာအသစ်များတွင် အင်္ဂလိပ်စာ စာအုပ်သည် အရင်နှစ်ကလို ပုံပြင်များမဟုတ်ပဲ။ ဆောင်းပါးပုံစံများကိုသင်ကြားရသောအခါ ပိုမို၍ လက်တွေ့ဆန်လာလေသည်။ ထိုအင်္ဂလိပ်စာသင်ခန်းစာများထဲတွင် Looking Good ဟူသော ဆောင်းပါးပုံစံ သင်ခန်းစာတစ်ခုပါလေသည်။ လူတစ်ယောက်၏ကြည့်ကောင်းခြင်း၊ မကောင်းခြင်းများနှင့်ပတ်သက်ပြီးရှင်းပြပြီးသင်ကြားနေသော အတန်းပိုင်ဆရာ ဦးမောင်မောင်ဦး ၏စကားထဲမှ “ မင်းရုပ်က ကြည့်မကောင်းဘူးလို့မင်းထင်နေရင် အခြားသူတစ်ယောက်ကလည်း သူ့ရုပ်ရည်နဲ့ပတ်သက်ပြီး တစ်ခုခု ခံစားနေရမှာပဲ” ဟူသော ထိုစကားကိုကြားစဉ်က သိပ်လည်းအလေးတယူမပြုမိခဲ့။

ဆယ်တန်းအောင်ပြီးနောက် အင်္ဂလိပ်စာသင်တန်းတက်သည် ။ဆယ်တန်းကျပြီး ပြန်တက်တော့ အင်္ဂလိပ်စာကိုဖိလုပ်ထားသဖြင့် ဆယ်တန်းအောင်သောအခါ အလုပ်တစ်ခုမရခင် ဆယ်တန်းတက်လာသည့် အငယ်တွေကို စာပြန်သင်သည့် အလုပ်ကိုလုပ်နေခဲ့သည်။ တစ်နေ့ စာသင်သည့်အိမ်မှ အပြန် မထင်မှတ်ပဲ သူငယ်ချင်းဟောင်းတစ်ယောက်နှင့် လမ်းမှ တွေ့မိသည်။ မတွေ့ရတာကြာသဖြင့် ဆိုင်တစ်ဆိုင်သို့ ၀င်ကာ တစ်ခုခုစားရင်းစကားပြောမည်ဟုရည်ရွယ်ကာ ဆိုင်ထဲရောက်တော့မှ သူ့ကိုဘာစားမလဲမေးတော့
“ဘာမှမစားတော့ဘူး ငါအဖတ်စားမရလို့” ဟုပြောသည်။ ပြီးတော့သူစကားပြောပုံကိုကြည့်ရတာ တစ်မျိုး နှာစေးနေသည်နှင့်တူသည်။ “ဘာဖြစ်လို့လဲ”ဟုမေးတော့ “ငါသွားပြင်ထားတယ် အဲ့ဒါသွားတစ်ချောင်းကို ချိုးလိုက်ပြီး အာခေါင်ထဲမှာ ထောက်ထားရတယ် အပြင်ထွက်နေတဲ့ သွားကိုအထဲမှာဝင်ဆံအောင်လို့လေ” ဟုပြောမှ သူ့ပါစပ်ကိုဟခိုင်ပြီး ကြည့်တော့မှ အထဲမှာ ဒေါက်ထောက်ထားတာကိုတွေ့ရသည်။ သူ့မှာ အဖတ်လည်းမာမာစားလို့မရ။ အခုလောလောဆယ်တော့ ဆန်ပြုတ်ပဲသောက်နေရသည်ဟုပြောသည်။ သူ့အစား ကျွန်တော် ပင် စိတ်ကျဉ်း ကျပ်သွားမိသည်။ ဘယ်လောက်ကုန်လဲဟုမေးတော့ သူပြန်ဖြေသည့်အတိုင်းအတာပမဏကိုကြားမှ စိတ်ပျက်မိလေသည်။
သူကိုယ်တိုင်လည်း ပြင်ပြီးမှ နောင်တရနေသလိုလိုဖြစ်နေသည်။ တစ်နှစ်လောက်ဒီလို ဒေါက်ခံထားရမှာဟုလည်း ပြောတော့ သူ့အစားပင် ကိုယ်လည်း ခံရခက်သလိုလိုဖြစ်နေမိသည်။ မထင်မှတ်ပဲ ငယ်ငယ်က အဖေ့ကို အိမ်ရှေ့ဈေးဆိုင်လေးပေါ်မှာ သွားပြင်ချင်သည်ဟုပြောမိတာကိုပင် အားနာမိလေသည်။

သူနှင့်မတွေ့တာကြာပြီဖြစ်သဖြင့် စကားတွေအများကြီးပြောမိသည်။ ပတ်ဝန်းကျင်အကြောင်း၊ အလုပ်အကြောင်း၊ အစားအသောက်အကြောင်း၊ ဆေးဆိုးသည့် အစားအစားများအကြောင်း သဘာဝသစ်သီးများအကြောင်း။ ပြုပြင်မှု့မပါသော မင်းသမီးလေးဧ။် ရိုးရှင်းသော ချစ်စရာ ကောင်းသော ဆွဲဆောင်မှု့အကြောင်းစသည်ဖြင့်အကြောင်း ထို့နောက်တော့သူနှင့်လမ်းခွဲပြီး စာသင်ရန်ကျန်သည့် ကောင်လေးဆီသို့သမိုင်းလမ်းဆုံ ကားမှတ်တိုင်မှကားစီးရန် ၃၆ကားကိုစီးလျှက်ထွက်ခဲ့သည်။ ဒီနေ့သင်ရမည့် အကြောင်းအရာက Looking Good အကြောင်းလေ…။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး