ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား

ကျွန်တော်အမြဲတမ်း ကြုံရတဲ့ ကိစ္စတစ်ခုရှိတယ်…။ ကျွန်တော်တင်မကလူအတော်များများ ကြုံတွေ့ရတဲ့ကိစ္စပေါ့။ ကိုယ်က တစ်ခုခုလုပ်လိုက်/ရေးလိုက်မိတဲ့အခါ။ ဝေဖန်တယ်ဆိုပြီး ပြောချင်ရာ အပြောခံရတဲ့ ကိစ္စပါ။ အွန်လိုင်းပေါ်မှာဆိုပိုဆိုးတာပေါ့။ လူလည်း မမြင်ရ တွယ်ချင်တဲ့လူက အသာလေးဝင်တွယ်သွား၊ ပြီးရင် သူ့အပြောအဆိုနဲ့ အရေးအသားတွေက တစ်စက်ကလေးမှ အဆင့်အတန်းမရှိတာလည်းပါရဲ့။ သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတွေကမှားလို့မှား။ တစ်ခါတစ်လေလည်း ပြုံးရုံကလေးသာဖြစ်ခဲ့ပေမယ့်။ တစ်ခါတစ်လေတော့လည်း စိတ်အနှောက်အယှက်တော်တော်လေး ဖြစ်ရတယ်။ ခက်တော့လည်း ခက်သားလားဗျ။ ကိုယ်ကိုယ်တိုင်ကလည်း အချိုးမပြေတာရှိရင် ပြောချင် ဆိုချင်တာမျိုး။ ကိုယ့်ကို မဟုတ်မမှန်တာလာပြောနေရင် သိပ်ပြီး သည်းခံတတ်တာမဟုတ်တော့ လည်းခက်တယ်။

တစ်ချို့လူတွေက ကိုယ်ရေးသမျှ ပြောသမျှ လုပ်သမျှတွေကို လိုက်ဝေဖန်တယ်။ အဲ့ဒီမှာ ပြောစရာတစ်ခုရှိတာက ဝေဖန်တယ်သာ ပြောတာ။ ဝေဖန်တယ်ဆိုတဲ့ အပြုအမူ လုပ်ဆောင်ချက်က ဘယ်လို မျိုးဆိုတာသိလည်းမသိသလို ၊ သိဖို့လည်း မကြိုးစားကြတဲ့ လူတွေက တစ်ပုံကြီး။ လုပ်ဆောင်ချက်တစ်ခု ၊ အကြောင်းအရာ တစ်ခု စာတစ်ပုဒ် ကို သဘောထား တူသူ မတူသူ ၊ သဘောကျသူ မကျသူဆိုတာ နေရာတိုင်းမှာရှိကြတာပါပဲ။ အဲ့ဒီတော့ ဝေဖန်ချက်တွေဆိုတာကလည်း ထွက်ပေါ်လာတတ်စမြဲပါပဲ။ ဒါပေမယ့် ဝေဖန်မှု့နဲ့ အပြစ်တင်ရှုတ်ချ မှု ၊ ပုတ်ခတ်စော်ကားမှု့ကိုတော့ ကွဲပြားဖို့လိုပါတယ်။ အများစုကတော့ ဝေဖန်မယ်ဆိုရင် သူတပါး ကျရှုံးသွားအောင် ၊ သိမ်ငယ်သွားအောင် ၊ ပြုတ်ကျသွားအောင် ဆော်ကြ ၊ အော်ကြ  ၊ သရော်ကြတော့တာပါပဲ။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အဆော်ခံရ ၊ သရော်ခံရတဲ့ သူကလည်း။ ဘယ်နေလိမ့်မလဲ ပြန်ထု တာပေါ့။ ပြန်အော်တာပေါ့။ အဲ့ဒိမှာတင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ရ သူ့လူ ၊ ကိုယ့်လူတွေက ပါလာ။ သူ့လူနဲ့ ကိုယ့်လူနဲ့ ရန်စောင် ၊ တည့်တည့်တစ်မျိုး ၊ သွယ်ဝိုက်တစ်မျိုး တွယ်နေကြတော့တာပဲ။ Web ပေါ်မှာပဲဖြစ်ဖြစ် ၊ Print Media ပေါ်မှာပဲ ဖြစ်ဖြစ် ၊ ဒါမျိုးတွေက အများကြီးမြင်နေ ၊ ကြုံနေကြရတာပါ။

တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ကြပြီဆိုကတည်းက အမှန်တရားတွေပါလာဖို့က နည်းသထက် နည်းသွားပြီဆိုတာ ကျွန်တော် ယုံကိုယုံပါတယ်။ အဲ့ဒိမှာတင် စာဖတ်သူတွေ အမြင်တွေေ၀၀ါးရပါတော့မယ်။ တစ်ဖြည်းဖြည်းနဲ့ ဝေဖန်ရေးကနေ စကားလုံးတိုက်ပွဲတွေ ဖြစ်လာကြရော။ စာဖတ်သူတွေလည်း အကျိုးမရှိသလို။ နောက်ဆုံးတော့ စကားလုံး ဖောင်းပွပြီး စိတ်ဓါတ်ကျစရာတွေပဲ ကြုံလာကြရမှာပါ။

အဲ့ဒါက ဘာကြောင့်လဲဆိုတော့ အဓိကက ဆွမ်းကြီးလောင်း စိတ်ဓါတ်တွေ ရှိလို့ပဲ။ ဘယ်ကောင် မှားတော့မလဲ၊ မှားရင်ဝင်တွယ်မယ်။ ဆိုတာကို မသိစိတ်ထဲမှာ ကိန်းဝပ်နေလို့ပဲ။ ဒီလိုမျိုး လည်း စိတ်ထဲမှာရှိရော သူများ နည်းနည်းလေး အလွဲအချော် အတိမ်းအစောင်းလေးဖြစ်တာနဲ့ ၀င်တွယ်တာပဲ။ ခံရတဲ့ကောင်ကလည်း ပြန်နှက်တာပဲ။(ဘယ်ခံမလဲ ၊ ကျွန်တော်လည်းမခံဘူး)။ မခံတာလည်း မခံချင်စရာကောင်းလို့ပေါ့။ လူငယ်တွေကြားထဲမှာ နောက်ပြောင်ပြီး ပြောတဲ့ စကားတောင်ရှိသေး…” ပြောတတ်ရင် ချီးပုန်းတောင် ထမ်းခိုင်းလို့ရတယ်” ဆိုတာလေ..။ အဲ့ဒါ အဟုတ်ပဲ ။ လူဆိုတာမျိုးက ကိုယ့်ကို အကျိုးသင့်အကြောင်းသင့် ပြောတာမျိုး ၊ အကြံပေးတာမျိုးဆို ဘယ်သူကမှ တော်ရုံတန်ရုံတော့ မဆန့်ကျင်ကြပါဘူးဗျာ။ အခုတော့ ဝေဖန်ရေးလို့ ဆိုလိုက်တာနဲ့ သူများအားနည်းချက်ကို အခွင့်ကောင်းယူပြီး အားနည်းချက်ကို ထိုးနှက်ကြဖို့ပဲ တွေးတတ်ကြတယ်။

တစ်ကယ်တမ်းတော့ ဝေဖန်ရေးဆိုတာ သိပ်ကို အဆင့်အတန်းရှိတဲ့ အလုပ်ပါ။ ပိသာလေးနဲ့ ဘေးပစ်တာမျိုးကို ဝေဖန်ရေးလို့ မခေါ်ထိုက်ဘူး။ သရော်တာကိုလည်း ဝေဖန်ရေးနဲ့ မပေါင်းပစ်သင့်ဘူး။ သရော်တာတောင်မှ အဆင့်အတန်းရှိရှိ သရော်တာနဲ့ အဆင့်နိမ့်ပြီး ။ သူကြားသူကြား ချပြလို့မရတဲ့ ဟာမျိုးလည်းရှိရဲ့။ထားတော့ ဒါက သတ်သတ်။ အဲ့ဒိတော့ ဝေဖန်ရေး ဆိုတာကို ကြားလိုက်တာနဲ့ သူများကို ပိသာလေးနဲ့ဘေးမပစ်ဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင် ဝေဖန်ရေးဆိုပြီး လက်သီးလက်မောင် တန်းနေတဲ့ လူတစ်ယောက်နဲ့ အပြန်အလှန်ပြောဖူးတယ်။ သူကပြောတယ် “ ဝေဖန်ရေးသမားတွေက နှစ်ဖက်မြင်သမားတွေပါတဲ့” သူပြောတဲ့ စကားကို သေချာ ကို ကျွန်တော်နားမလည်ဘူး။ သေချာတာကတော့ ဝေဖန်ရေးသမားဆိုတာက နှစ်ဖက်မြင်လို့ မရပါဘူး။ သုံးဖက်မြင်ရမှာပါ။ A  ဆိုတဲ့ အမြင် နဲ့ B ဆိုတဲ့ အမြင် အပြင် C ဆိုတဲ့ အမြင်ကို မြင်တတ်တဲ့ Third Eye ဆိုတာလည်း ရှိရမှာပါ။ အဲ့ဒီတော့ ဝေဖန်ရေးသမားဆိုတာ အဆိုးမြင်သမားမဟုတ်သလို အကောင်းမြင်သမားလည်း မဟုတ်ပါဘူး။ အားလုံးကို ခြံငုံလေ့လာ ကြည့်ရှု့ပြီး အကြံပြုချက်ထုတ်နိုင်တဲ့လူပါ။ အားနည်းချက်/အားသာချက်ကို အမှန်အတိုင်း/အရှိအတိုင်း ထုတ်နှုတ်တင်ပြနိုင်ပြီး။ သင့်တော်နိုင်မယ့် အကြံပြုချက်ကို အကောင်းမြင်စိတ်နဲ့ တင်ပြနိုင်သူလို့ ဆိုလိုနိုင်ပါတယ်။



နောက်တစ်ခုက အကြောင်းအရာတစ်ခုကို ဝေဖန်မယ်ဆိုရင် ဘာကြောင့်ဝေဖန်တာလဲ ဆိုတာ ဝေဖန်မယ့်လူကိုယ်တိုင်က သိဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဒီကောင်က ကိုယ့်ရန်သူမို့လို့ နာနာလေးနှက်ချင်လို့လား။ သမ္ဘာပြချင်လို့လား၊ သူ့စာတွေ သူ့အထာတွေကို ကြည့်မရလို့လား ၊ ဒါမှမဟုတ် စေတနာအရင်းခံနဲ့  အမှားတွေ အတိမ်းအစောင်း အချွတ်အချော်တွေကို Point out လုပ်ပြပြီး။ အကြံပေးဆွေးနွေးချင်လို့လား။ ဒါကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ တွေ့ကရာကို ၀င်ပြီး ဆွေးနွေးမှု့ ၊ သုံးသပ်အကြံပေးမှု့မပါပဲ ပြောနေဆိုနေရင်တော့…မလိုလားအပ်တဲ့ ပြဿနာတွေ စိတ်အနှောက်အယှက်ဖြစ်မှု့တွေကို နှစ်ဦးနှစ်ဖက် ကြုံတွေ့ခံစားနေကြရဦးမှာပါပဲ။

            ပြီးတော့… ဝေဖန်တယ်ဆိုတဲ့ လူတွေက သူတို့ပြောသမျှကို လက်မခံရင် ၊ လက်မခံတဲ့လူကပဲ ဝေဖန်ရေးကို မနှစ်သက်သလိုလိုမျိုး ပြောတာမျိုး ကြုံရပါတယ်။ တစ်ကယ်တမ်းတော့ ဝေဖန်ရေးကို လက်ခံနိုင်ပါတယ်။ ဝေဖန်ရေးမဟုတ်တာကိုပဲ လက်မခံတာပါ။ တချို့ တချို့ ရဲ့ ဝေဖန်ရေး ဆိုတဲ့ အကောင်းစား စကားလုံးကို အသုံးချပြီးမဟုတ်မဟပ်တွေ လျှောက်လုပ်တာမျိုးကိုတော့ ဘယ်သူကမှ လက်ခံနိုင်မယ်မထင်ပါဘူး။ ကိုယ့်ကိုယ်ကို ၀င်ဆန့်တယ်လို့ ထင်ယောင်မှားပြီး တွေ့ကရာလျှောက်ပြောတဲ့ လူမျိုးကိုလည်း ကြုံဖူးပါရဲ့။ တစ်ကယ်တမ်းတော့ အဲ့လိုမျိုးလုပ်နေ ပြောနေတဲ့လူတွေက ကာယကံရှင်ရဲ့အကျိုးတစ်ခုခုဖြစ်ထွန်းအောင် ဘာမှ လုပ်ဆောင်မပေးနိုင်ကြပါဘူး။ အပြစ်တင်နေတာကို ဝေဖန်တယ်လို့ပြောပြီး ဝေဖန်ရေးဆိုတဲ့ စကားလုံးကို ဖျက်ဆီးပစ်လိုက်ကြတာပါပဲ။

           
            ဝေဖန်ရေး/ ဝေဖန်တယ် ဆိုတာ အကြောင်းအရာတစ်ခု ၊ ပြဿနာတစ်ခုကို သေချာ သုံးသပ် ၊ ဆန်းစစ်ပြီးမှ  သင့်တော်ရာကို / ဖြစ်နိုင်ခြေရှိတာကို ထုတ်ပြတာမျိုးပါ။ “ ခင်ဗျားမှားတယ် ။ ခင်ဗျားသေသင့်တယ်/ ခင်ဗျား လူ့လောက အပြင်ဘက်သာထွက်နေတော့” လို့ ပြောတာမျိုးကတော့ ဝေဖန်ရေးမဟုတ်ပဲ။ လောကကြီးရဲ့အလှအပတွေကို ဖျက်လို့ဖျက်စီးလုပ် ချင်တဲ့ လူတွေရဲ့ လက်နက်ပဲဖြစ်ပါလိမ့်မယ်။ ဝေဖန်တယ်ဆိုတာ အကြောင်းနဲ့ အကျိုးနဲ့ ၊ ကောင်းနဲ့ အဆိုးနဲ့ ပိုင်းခြားလေ့လာပြီး အဖြေထုတ်ပြခြင်း (သို့မဟုတ်) ဖြစ်သင့် ဖြစ်ထိုက်တာကို အကောင်းဆုံးအကြံပြုခြင်းပါ။ ဝေဖန်ရေးဆိုတာ ဖွာလန်ကျဲစေတဲ့ လက်နက်မဟုတ်ပါဘူး။ တစ်ကယ်တမ်းက အကြောင်းအရာတစ်ခု ဖြစ်စဉ်တစ်ခုကို အချောသတ် ပြီးမြောက်စေတဲ့ စကားလုံးပဲဖြစ်ပါတယ်။

            တစ်ခုခုကိုဝေဖန်ပြီး ဝေဖန်ခံရတဲ့လူရဲ့ တုန့်ပြန်ချက်မကောင်းဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်ဝေဖန်ဖို့က လိုနေပါပြီ။ ကိုယ်ဝေဖန်တဲ့ အကြောင်းအရာတစ်ခုကို သေချာမသိပဲနဲ့ ဝေဖန်ရေးလုပ်လို့မရပါဘူး။ သေချာမသိပဲနဲ့ ဝေဖန်ခဲ့ရင် အရူးချီးပန်းဆိုသလို ကိုယ့်ရဲ့ဝေဖန်ချက်က ဝေဖန်ခံရသူ ကာယကံရှင်ကို ထိခိုက်နစ်နာစေနိုင်ပြီး အကျိုးမရှိရုံမက စေတနာက နေ ဝေဒနာပါ ဖြစ်သွားနိုင်ကြောင့်ပါ။ ကိုယ့်အားနည်းချက်ကို မသိရင်တော့ ရှေ့ဆက်ပြီး ဝေဖန်ရေးမလုပ်ပါနဲ့တော့… ကိုယ့်ကို ပြန်နှက်လာဖို့ဆိုတာက ကိုယ့်ဘက်ကိုက မှန်ကန်တဲ့စကားလုံးနဲ့ ဝေဖန်မယ်။ မှန်ကန်တဲ့စေတနာနဲ့ ဝေဖန်မယ်ဆိုရင် ဘယ်သူကမှ ပြန်လှန်ထိုးနှက်မှာမဟုတ်သလို လုပ်ကြည့်မယ်/ပြုပြင်မယ် ။ တစ်ကယ်လို့သာ ကိုယ့် ဝေဖန် အကြံပြုချက် အတိုင်းအောင်မြင်ခဲ့ရင်။ ထိုင်ကန်တော့ခံရဖို့တောင် ဖြစ်လာပါဦးမယ်။

            ဇာတ်ကားလေးတစ်ကားကို MRTV – 4 ကျေးဇူးနဲ့ကြည့်ရတယ်။ ထွန်းထွန်း(Example) နဲ့ သဉ္ဖာဝင့်ကျော်တို့ ခေါင်းဆောင်ပါဝင်တဲ့ကားပါ။ အရေးပါတဲ့ ဇာတ်ကောင်တစ်ကောင်ပါပါသေးတယ်။ အဲ့ဒါက စာရေးဆရာ ဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့ ဇင်မျိုးပါ။ သဉ္ဖာဝင့်ကျော်နဲ့ ထွန်းထွန်းတို့က သူငယ်ချင်း။ သဉ္ဖာဝင့်ကျော်က ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်တက်တယ်။ ထွန်းထွန်းကတော့ လောကကြီးကိုအရွဲ့တိုက်ပြီး ဆယ်တန်းတောင် ပြန်မဖြေ ပဲ ပေတေနေပြီး။ ပွဲစားဘ၀နဲ့ ရုန်းကန်တယ်။ ပညာမတတ်လည်းလူလိုသူလိုနေနိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ ကြိုးစားတယ်။ အောင်မြင်တယ်။ တစ်နေ့ သဉ္ဖာဝင့်ကျော် နေတဲ့အဆောင်ကို ရောက်သွားတော့ သဉ္ဖာဝင့်ကျော်ကို စာပြပေးနေတဲ့ စီနီယာ ဆရာဝန်လောင်းနဲ့ မိတ်ဆက်ပေးတယ်။ အဲ့ဒိဆရာဝန်က ထွန်းထွန်းကို အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို စပ်စုပါလေရော နဂိုကတည်းက ပညာတတ်ပြီး မာန်တက်နေတဲ့ လူတွေကိုကြည့်မရတဲ့ကြားထဲ သူ့အလုပ်အကိုင်နဲ့ ပညာအရည်အချင်းတွေကို အင်တာဗျူးစစ်တဲ့ ဒီဆရာဝန်လောင်းကို မကြည်ပဲ လူမှု့ရေးအရ ပြန်ဖြေပေးခဲ့တယ်။ ဒါပေမယ့် ဒီဆရာဝန်လောင်းကလည်း ဒီအထိမရပ်သေးပဲ လူမှု့ရေး မသိတတ်စွာနဲ့ ဆယ်တန်းပြန်တက်သင့်ကြောင်း ၊ ဘွဲ့လေးတစ်လုံးယူထားမှ လူရိုသေ ရှင်ရိုသေ ဖြစ်မယ်ဆိုတဲ့အကြောင်းပြောတဲ့ အခါ ထွန်းထွန်းက ဒေါသပေါက်ကွဲပြီး ပြန်ပြောတဲ့အထဲက ဒီစကားလေးကို မှတ်မိလိုက်တယ်။

“လူကြီးလူကောင်းဆိုတာ ကိုယ့်အကြောင်းကိုယ်ပြောပြီး ၊ ကိုယ့်အလုပ်ကို လုပ်ရတယ်၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ၊ သူများ အလုပ်နဲ့ သူများ ကိုယ်ရေးကိုယ်တာကို ၀င်စွက်ဖက်တဲ့လူဟာ လူကြီးလူကောင်းမဟုတ်ဘူး” ဆိုတာကိုပေါ့။




ထားတော့…ဒါက တစ်ကဏ္ဍ၊ နောက်မကြာခင်မှာ ထွန်းထွန်း အလိမ်ခံရပြီး ဘ၀ပျက်တယ် ရှိသမျှတွေပြောင်ကုန်တယ်။ ဒုက္ခရောက်စဉ်မှာ သူ့သူငယ်ချင်းနဲ့ အတူ သူငယ်ချင်းရဲ့ အစ်ကိုဝမ်းကွဲ စာရေးဆရာ ဖြစ်တဲ့ ဇင်မျိုးဆီရောက်သွားတော့ ဇင်မျိုးက သူတို့ကို နှစ်သိမ့်ပြီး၊ သူတို့ကို ပညာတတ်ပီပီ ချက်ကျ ၊ လက်ကျနဲ့ ဒီခေတ်က ပညာခေတ်ဖြစ်တဲ့အကြောင်း၊ ကိုယ့်ကိုယ်ကို ရေစုန်မျှောမနေသင့်ကြောင်း စသည်ဖြင့် ကျိုးကြောင်းဆီလျော်စွာ ထောက်ပြဝေဖန်တဲ့အတွက် ပညာ တစ်ပိုင်းတစ်စနဲ့ စီးပွားရှာနေတဲ့ ထွန်းထွန်းတို့ သူငယ်ချင်းနှစ်ယောက်လည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့အတွက် ကြိုးစားမှု့ရဲ့ရလာဒ်ကို ခံစားခဲ့ရတော့တယ်။

အဲ့ဒီမှာ ဆရာဝန်လောင်းနဲ့ ၊ စာရေးဆရာ ၊ အဲဒီ နှစ်ယောက်က ထွန်းထွန်း(အဓိကအားဖြင့်တော့ ဇာတ်လိုက်ဖြစ်တဲ့ ထွန်းထွန်း) ကို ဝေဖန်ကြရာမှာ မတူညီတဲ့ ဝေဖန်မှု့ နှစ်ခုကို ပါးပါးလေး ပြသွားတယ်။

“ လူရိုသေ ၊ ရှင်ရိုသေ ” ဆိုတဲ့ တလွဲအမြင်တွေနဲ့ ဝေဖန်ပြီး အကြံပြုတာနဲ့ ၊ ပညာခေတ်ဖြစ်လို့ ပညာကိုအရင်းတည်ပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို အသုံးချပြီး အောင်မြင်မှု့ဆီ တက်လှမ်းဖို့ အတွက် စာရေးဆရာ  ဇင်မျိုးရဲ့ သိမ်မွေ့ပြီး ထိရောက်ရုံတင်မကပဲ အကျိုးတစ်ကယ်ဖြစ်ထွန်းစေမယ့် ဝေဖန်မှု့ ကို ယှဉ်ကြည့်မယ်ဆိုရင် ၊ ကိုယ်ကိုယ်တိုင်လည်း ဘယ်လိုဝေဖန်မှု့မျိုးနဲ့ ကိုယ့် အသိတရားကို လင်းပွင့် စေမယ့် ဝေဖန်မှု့မျိုးကို လိုလားသလဲဆိုတာ ခံစားမိစေနိုင်ပါတယ်။

စာရေးဆရာဇင်မျိုးရဲ့ ဝေဖန်မှု့မှာ ပထမအနေနဲ့ ထွန်းထွန်းရဲ့အားနည်းချက်ကို ထောက်ပြတယ်။ ကိုယ့်ကိုယ်ကို ရေစုန်မျှောနေမိခြင်းဆိုတာကို ပြောပြီးနောက် အခြေအနေအချိန်အခါအရ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောပြတဲ့အတွက် ဝေဖန်ခံရတဲ့သူ အကျိုးရှိရုံတင်မက အသိတရားနဲ့ အတွေးအခေါ်တွေပါ ရှင်သန်လာခဲ့ရတယ်။

ဆရာဝန်လောင်းကတော့ လူတစ်ယောက်ရဲ့သိမ်ငယ်မှု့(သို့မဟုတ်) အားနည်းချက်ကို ဖိပြီး ကိုယ့်အမြင် ကို မတင်ပြတတ်ရုံတင်မက ဝေဖန်ခံရသူ လက်မခံနိုင်လောက်တဲ့ ဥပမာမျိုးနဲ့ ဝေဖန်ခဲ့တဲ့အတွက်ကြောင့် သူ့အပြောတွေ လန်ထွက်ခဲ့ရတယ်။ တစ်ကယ်တမ်းတော့ ဝေဖန်ရေးဆိုတာ အဖြစ်အပျက်တစ်ခု ၊ အကြောင်းအရာတစ်ခုကို ဝေဆာပွင့်လန်းလာအောင် ဖန်တီးပေးခြင်းပါပဲ။ အားနည်းချက်ကို ဖိနှိပ် နင်းချေဖို့မဟုတ်ဘူးဆိုတာကိုတော့ သိရှိနေဖို့ ဝေဖန်ရေးကို နှစ်သက်မြတ်နိုးတဲ့လူတိုင်းသိသင့်ပါတယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး