လက်ပြောင်း လက်လွှဲ


လက်ပြောင်းလက်လွှဲ


ယခင် - လေထန်ကုန်း ရောက်ဖူးရန်လိုဧ။်
ယခု   - ဖေ့စ်ဘုတ် တစ်ခုရှိရန်လိုဧ။်
ကိုငှက်ကြီးကို ရူးသွပ်ရန်လို၏
ဂျော်ဒါးနိုးတီရှပ်နှင့် မိုးပြာဂျင်းန်လို၏
ထွိုင်ဦးထုပ်လိုဧ။်
သရီးကွာတားလို၏
မြန်မာဘီယာ ကြိုက်တတ်ရန်လိုအပ်သည်။
မလုံလောက်ပါက ပေါက်စည် ကြိုက်တတ်ရန်လိုအပ်သည်။
နှုတ်ခမ်းထူရမည်။
နှုတ်ခမ်းမွှေးပေါက်ရန်မလိုအပ်/မလိုအပ် အချိန်တစ်ခုကိုစောင့်ဆိုင်းလျှက်ရှိ
မုတ်ဆိတ်မွေး ရှိရန်လိုအပ်သည်။
ဥတုသုံးပါး၌ လိုအပ်လျှင် လိုအပ်သလို အာဟာရသိဒ္ဓိပြီးမြောက်ရန် လိုအပ်သည်။
လီယိုနာဒို ဒါဗင်ချီအား သိရှိရန်လိုအပ်သည်။
(မနေ့တစ်နေ့ကမှ ငါလည်း သူ့ကိုသိတော့သကိုး)
မွန်ရိုးအား သိရန်လိုအပ်သည်။
ရှယ်လီအား သိရန်လိုအပ်သည်။
ဒိုင်ယာနာရို့စ်အားသိရန်လိုအပ်သည်။
ဝိုင် ၊ ပေါင်မုန့် ၊ ရမ် ၊ ဘလက်လေဘယ် တစ်ပက်နှင့် သိုးမည်းများ
မမြင်ရသော တတိယ မျက်လုံး
တိမ်တွေနှင့်တူသော အတွေးများ ၊
ချော့ကလက်များ
ဇာတိရဲ့ကဗျာထဲက အားလုံးအားလုံး(စိတ်မရှည်တော့ဘူး)
ပိုင်ဆိုင်ခြင်းမရှိသော လက်ဆုပ်လက်ကိုင်များ
နိုင်းမြစ်ဝှမ်းက ရွံ့စေးများ
ဓါတုဗေဒဆရာ ပြောတာတော့ ကလီယိုပါထရာက
သူမျက်နှာကို ပေါင်းတင်တဲ့အခါ နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေကို အသုံးပြုသတဲ့။
သက်မွန်မြင့် ၊ ခင်လေးနွယ် ၊ မိုးယုစံတို့ မလိုအပ်သေး
စုမေ ၊ ဟဲဗီးဖြိုး ၊ တို့မလိုအပ်သေး
ဒွိဟဖြစ်နေစိတ်တို့ ငါ့နောက်ကို ငါလိုက်လို့မဆုံးဘူး
ထိရိုက်သံတိုင်း အတွက် ငါ့စကားလုံးများ အရောင်တွေ သုတ်လိမ်းရန်လိုအပ်
အသုံးချခံ တစ်ခုအဖြစ် အစာကိုစားတယ်
အစာစားရင်း တစ်ခုခုနောက်ကို လိုက်နေ
ငါလိုက်နေမဆုံး…ဒီတင်ခဏရပ်
လှေကားပေါ်တစ်ယောက်တက် သွား လှေကားပေါ် ကို တစ်ယောက် တက်လာ
လှေကားဘေးဘက် မိန်းမနှစ်ယောက် ဖြတ်သွား
ကဲ…ဘာလိုအပ်သေးသလဲ
ကဲကဲ…
လဲမယ်…ဒီ အဟောင်းအနွမ်းတွေထဲမှာ လက်ရှိကျန်သမျှ
မလန်းဘူးဆို brand new နဲ့လဲမယ်။
ဂန္တ၀င်တွင်ရန် စောစော သေဆုံးရန်လိုအပ်လျှက်ရှိကြောင်း
သတင်းပို့၍ ပြီးပါပြီ။


ကျော်ညိုသွေး

Comments

lwin said…
ဒီကဗျာလေး ခံစားရတာမိုက်တယ်...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး