ဂျစ်ပစီမိုးတိမ်သီချင်းထဲက ရုပ်ရှင်

ဂျစ်ပစီမိုးတိမ်သီချင်းထဲက ရုပ်ရှင်


Microsoft Word သာမရှိဘူး ဆိုလျှင် ကျွန်တော် ရူးသွပ်၍ သွားလိမ့်မည်လား မသိ။ ကျွန်တော့်စိတ်များသည် အဝေးသို့ပျံ့လွင့်လို့နေသည်။ လူလူသူသူများကြားထဲ ရောက်သွားသည့်အခါ ကျွန်တော့်ကို မည်သူမည်ဝါကမှ မတွေ့ဟု ကိုယ့်ကိုယ်ကို ထင်သည်။ ကျွန်တော် ကိုယ်တိုင်သည်လည်း မည်သူ့ကိုမှ ရင်းနှီးသည်ဟု မခံစားရ။ အပေါင်းအသင်းများနှင့် တွေ့သော အခါ ကျွန်တော် တစ်ကိုယ်တည်း ဖြစ်နေသည်။ သူတို့သည် ကျွန်တော်ဧ။် ရင်းနှီးသော သူများဟု တွေးကြည့် သောအခါ အထူးအဆန်းလို ဖြစ်နေလေပြီ။
Microsoft Word ကိုဖွင့်၍ ကျွန်တော် ရောက်တတ်ရာရာ စာများကို ရေးနေလေတော့သည်။ ကွန်ပြူတာထဲက အီးဘုတ်များကို လွန်ခဲ့သော နှစ်ရက်ခန့်က ခင်မင်သည့် အစ်မ တစ်ယောက်က ကျွန်တော့် Memory Chip လေးထဲသို့ ထည့်ပေးလိုက်သဖြင့် ဖွင့်၍ ဖတ်မိသည်။ တစ်ကယ်တမ်းမူ အီးဘုတ်ကိုဖတ်သည်ဟု ဆိုသော်လည်း ထိုအီးဘုတ်များထဲမှာ ကျွန်တော်ပါဝင်ရေးသားထားသော ကဗျာများ ၊ စာတိုစာစ များနှင့် အက်ဆေး တစ်ချို့ကို လိုက်ရှာ၍ ပြန်လည်ဖတ်ရှုနေခြင်းရယ်သာ။ ကျန်စာများကိုမူ မောက်စခရိုး ကို လှည့်၍ ကျော်ပစ်လေသည်။ ကျွန်တော် နှစ်သက်သော စာမူရှင်များ ဖြစ်သည့် ပန်ဒိုရာ ၊ ခိုင်စိုးလင်း ၊ ဟန်သစ်ငြိမ် စသော မည်သူတို့ဧ။် စာမူများကို မှ မဖတ်မိချေ။ စိတ်လိုလက်ရဖြင့် ဖတ်လျှင်လည်း သုံးလေးကြောင်းသာ။ အလွန်ဆုံးသုံးလေး ပိုဒ်မျှသာပင်။
            ကျွန်တော် စာဖတ်၍ မရတော့ချေ။ အဘယ်ကြောင့် စာဖတ်၍ မရတော့သနည်း။ မျက်စိများ မှုန်သွားခြင်းကြောင့်လည်းမဟုတ် ကျွန်တော့် မျက်လုံးများသည် လွန်ခဲ့သော သုံးနှစ်ခန့်ကတည်းက အင်တာနက်ဆိုင်တွင် အလုပ်လုပ်ကတည်းကပင် သုံးနှစ်လုံး အင်တာနက်ထိုင်သုံးသော်လည်း နည်းနည်းလေးမှ မမှုန်ချေ။ တစ်ခါတစ်ရံ ဘယ်ဘက်မျက်လုံး နီရဲလာသည်မှအပ ဘာမှ မဖြစ်ချေ။ သို့သော် ကျွန်တော် စာဖတ်၍မရခြင်းမှာ မျက်စိမှုန်၍မဟုတ်။ အိပ်ချင်၍မဟုတ် ၊ စိတ်လေနေခြင်းကြောင့်ဖြစ်သည်။ ဒီစာတွေကို ဖတ်ရင် ဘာထူးလာမလဲ။ ကိုယ့်ကိုယ်ကိုမေးကြည့်သည်။ ငါ့အတွက် ပိုပြီး စာပေ၀မ်းစာဖူလုံတာပေါ့။ ဖူလုံတော့ရော ဘာဖြစ်မှာလဲ။ ငါ စာတွေရေးတဲ့အခါ အထောက်အကူ ဖြစ်တာပေါ့။ အထောက်အကူဖြစ်လို့ ငါစာတွေကို လှိမ့်ရေးနေပြီပဲထား။ ငါ ဘာဖြစ်လာမှာလဲ။ နောက်ဆုံး ရသည့် အဖြေကား နောက်ဆုံးရသည့် မေးခွန်းပင် ဖြစ်တော့သည်။
            “GM ဒီကောင်လေးကို ပြောလိုက်တဲ့ လစာက မများလွန်းဘူးလား”ဟု ပြောသံကို ကျွန်တော်ကြားရသည်။
“ဘာဖြစ်လို့လဲ” ပြန်မေးသံ။ “ကျွန်မက ဒီလောက်ကတော့ များတယ်ထင်တာပဲ အခုမှ အစမ်းခန့်ပဲရှိသေးတာ” ဟုဆိုသည်။ “ဒါဆိုလည်း ဘယ်လိုလုပ်ရမလဲ ကျွန်မကတော့ မများဘူးထင်တယ်” “များတာပေါ့ GM ရဲ့” “ဒါဆိုဘယ်လိုလုပ်ရမလဲ” “ရပါတယ် ကျွန်မ ကြည့်လုပ်လိုက်မယ် အခုနေ ပြန်ပြင်ချင်တဲ့ လစာ ပမာဏသာ ကျွန်မကိုပြော ကျွန်မ ကြည့်စီစဉ်လိုက်မယ်။”
            ကျွန်တော့် စိတ်ခံစားမှုများ အထွပ်အထိပ်သို့ရောက်လာသော အခါများတွင် ကျွန်တော် ဖြေသိမ့်လိုက်သည်မှာ “ငါ့စိတ်တွေ ငြိမ်းချမ်းချင်တယ်” ဟူ၍ပင်။ ထိုစိတ်များဖြင့် မနက်ဖြန်တို့ကို အခွံခွာခဲ့သည်။ မနက်ဖြန်များထဲမှ အရသာချိုချိုများကို စားသုံးမိသည်။ အခုတလော ကျွန်တော် ဘာသာတရား နှင့်ဝေးကွာနေသည်မှာ ကြာခဲ့ပြီ။ ကျွန်တော့် အဘိဓါန်တွင် ဆုတောင်းခြင်း ကို မေ့လျော့နေခဲ့သည်မှာ ကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် လုပ်သော ကျွန်တော့် စိတ်ကို ပြန်လည် ပူနွေးလောင်မြိုက်လာစေသည်မှာ “ဂစ်တာဘယ်ကစ” သီချင်းကို တင်ပါးလှုပ်အကဖြင့် အက လေ့ကျင့်နေသော အကမယ်လက်ထဲတွင် ကိုင်ထားသော Tablet ကြောင့်သာဖြစ်လေသည်။
            ကျွန်တော် ကိုယ်တိုင် မှင်တံဖြင့် စာမရေးဖြစ်သည်မှာ ကြာခဲ့ပြီ။ ကျွန်တော်လက်ချောင်းများသည် မှင်တံနှင့် ပေါင်းဖက်ရသည်ထက် ကီးဘုတ်ကို ပို၍ ခင်တွယ်မိလေသည်။ သို့သော် ထောင်ဂဏန်းမျှသာရှိသော ငွေကြေးဖြင့် ရနိုင်သော ကီးဘုတ်တစ်ခု ကျွန်တော့်တွင် မရှိ။ ထို့ကြောင့် ကျွန်တော့်တွင် မှင်တံ တစ်ချောင်းမရှိ။ ထိုမျှသာမက မိုက်ခရိုဖုန်းတစ်လုံးလည်းမရှိ။ ထို့အတူ ဂရပ်ဖစ်အတ်တ် ဖန်တီးမှုလည်း မရှိ။ ထို့အပြင် သီချင်းတစ်ပုဒ်လည်းမရှိ ။ စိတ်ကူးပုံရိပ်များ အတွက် ကျွန်တော် ရေခဏခဏ ချိုးရမည်ကို ကြောက်မိနေသည်။ အညစ်အကြေး ခဏခဏ စွန့်ရမည်ကို ကြောက်မိနေသည်။ ခဏခဏ အိပ်ငိုက်ရမည်ကို ကြောက်မိနေသည်။
                        မြစ်ပြင်တလျှောက် တိုက်ခတ်သည့်လေဧ။်အဟုန်တွင် ချစ်မိုးစွေ သီချင်းသည် လောကကြီးကို မေ့လျော့နေသည်ကို ကျွန်တော်သတိရမိသည်။ စိတ်လွတ်ကိုယ်လွတ်ပျောက်မြူးနေသော လှိုင်းသဲ့သဲ့သည် ရပ်ထားသော သဘောင်္ကြီးကို တွန်းတိုက်သော အရှိန်ကြောင့် ကျွန်တော်ထိုင်နေသော ဘောတံတားသည် အနည်းငယ်မျှ လူးလွန့်နေဧ။် ။ ထိုသို့သော ခဏကို ကျွန်တော့် အက်ဆေးထဲတွင် ပါဝင်အောင် ရေးသားချင်သော်လည်း CCTV ဧ။်ရန်ကို ကျွန်တော်အလေးထားနေရသောကြောင့် ရူးသွပ်မသွားစေရန် Microsoft Word ကိုဖွင့်ထားလျှက်ကပင် အိပ်မပျော်ခြင်းကို လိုက်လျောညီထွေဖြစ်စေမည့် အကြောင်းအရာတို့ကို စဉ်း  စားမိနေတော့သည်။
            ထိုသို့သော အခါမျိုးတွင် ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော့်ဘာသာ ဖန်တီးနေမိသည်။ ပတ်ဝန်းကျင်ရှိ လူများသည် ကျွန်တော့်ပြောစကားများကို နားမလည်နိုင်ခြင်းအဖြစ်သို့ ရောက်နေကြလေသည်မှာ ကျွန်တော် ဖြေရှင်း၍ မရသော သင်္ချာများဖြစ်သည်။ ကျွန်တော် အိမ်ပြန်ချိန်များသည် ကျောင်းတုန်းက သင်္ချာဖြေရက်များပင်။ ထို့ကြောင့် ထိုအချိန်များကို ကျွန်တော် မုန်းခဲ့သည်။ သချာင်္ဖြေရက်များကို မုန်းတတ်ခဲ့သည်။ ထိုသင်္ချာဖြေရက်များသည် အခုတော့ ကျွန်တော့်အနီးအပါးတွင်ရှိသော ဟော်လို ဂစ်တာ လေးထဲမှ သတ္တုကြိုးသံများပင်ဖြစ်ခဲ့လေပြီ။
            ဟုတ်သည် ကျွန်တော့် အကြောက်တရားများကို တော်လှန်ရေးလုပ်ရမည်။ စုထားသော ပိုက်ဆံများကို လေထဲသို့ ကြဲလိုက်သောအခါ လှပသော ပန်းများပွင့်နေလေသည်ကို တွေ့ရသည်။ ဟုတ်ပြီ။ ဒါဆိုလျှင် ကျွန်တော့် အိပ်မက်များအတွက် စီဒီချပ်များဝယ်ရန် စိတ်ကူးမိလေသည်။ သင်္ကန်းကျွန်းရှိ တိုက်ခန်းလေးတစ်ခုအတွင်းသို့ ကျွန်တော် အုတ်လှေကားလေးအတိုင်း တက်သွားသောအခါ ကျွန်တော် တလောကလုံးကို မေ့လျော့သွားပေလိမ့်မည်။ ကျွန်တော့် မျောလွင့်ခြင်းများကို စုစည်းထားမည့် ကွန်ပြူတာလေးတစ်လုံးသည် အသင့်စောင့်ဆိုင်းနေပေမည်။ ထိုအခါ ကျွန်တော့် ငွေကြေးများထက် ကျွန်တော့် လက်ချောင်းများက တစ်စုံတရာကို ငတ်မွတ်နေသော လူများလို သိမ်မွေ့စွာဖြင့် ပြေးလွှားနေကြမည်။
            အခုတော့ ကျွန်တော်သည် အရစ်ချွန်မီးသီးဖြစ်သည်။ ကျွန်တော်သည် အရစ်ကြီးပု မီးလုံးဖြစ်သည်။ ကျွန်တော်သည် မှိုမီးသီးဖြစ်သည်။ ကျွန်တော်သည် မတ်တပ်ရပ်ပန်ကာတစ်လုံးဖြစ်သည်။ ကျွန်တော်သည် ပြင်ထိန်းစတို ဖြစ်သည်။ ကျွန်တော်သည် ပင်စွပ် မီးလုံး ဖြစ်သည်။ ကျွန်တော်သည် 1” Tee PVC ဖြစ်သည်။ ကျွန်တော်သည် 0.75” valve socket PVC ဖြစ်သည်။ ကျွန်တော်သည် တီးခတ်ခွင့်မရှိသော သူတပါးဧ။် ဂစ်တာဖြစ်သည်။ ကျွန်တော်သည် ဗမာဆေးဝါ ဖြစ်သည်။ ကျွန်တော်သည် လေးပေမီးချောင်းဖြစ်သည်။ ကျွန်တော်သည် မီးချောင်းကွေးဝါဖြစ်သည်။ ကျွန်တော်သည် လိုင်းခွဲနံပါတ်1008 ဖြစ်သည်။ ကျွန်တော်သည် ခဲဖျော့ရောင် လိုင်းခွဲဖုန်းတစ်လုံးဖြစ်သည်။ ကျွန်တော်သည် Damage ပစ္စည်းများပြည့်နေသော လေးထောင့် ပလပ်စတစ်ခြင်းတောင်း တစ်လုံးဖြစ်သည်။ ကျွန်တော်သည် လေးနာရီ မတ်တင်းဖြစ်သည်။ ကျွန်တော်သည် ATM Spray ဖြစ်သည်။ကျွန်တော်သည် March’s Issues ဖြစ်သည်။ March’s Receives ဖြစ်သည်။ ကျွန်တော်သည် Ledger စာအုပ်ဖြစ်သည်။ ထို့အတူ ကျွန်တော်သည် သန်းခေါင်ကျော် စက်ရုံမှ Pentium တစ်စင်းဖြစ်၍။ Sleep ဖြစ်နေသော ကွန်ပြူတာ တစ်လုံးလည်း ဖြစ်သည်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး