မခြောက်သေးတဲ့ ထင်း

မခြောက်သေးတဲ့ ထင်း

စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့
လွမ်းကြည့်တယ်…
ရင်ခုန်သံကို အမှတ်တရ နဲ့ Mixing ဆွဲလို့။

နှင်းပျောက်နေတဲ့ ဆောင်းတွေနဲ့
ရွက်ကြွေတွေ ခရီးထွက်သွားတဲ့ နွေရာသီတွေထဲ
မိုးရာသီကို ငှားလို့ အညိုရောင်တိမ်တွေကို
ဖြားယောင်းမိတယ်။

သောခတ်ထားတဲ့ သေတ္တာထဲမှာ
ဘယ်တော့မှ မဖတ်တော့တဲ့
အချစ်ကဗျာလေးလည်း ရှိတယ်။

တစ်ကိုယ်ရည် အိပ်ရာထက်မှာ
ခိုနေတဲ့ အတိတ်ဟာ ၀ပ်ကျင်းဖွဲ့လို့
ပြတင်းက ၀င်လာတဲ့ လေပြေတွေကို
ပုန်ကန်နေတော့တယ်။

ဆောင်းတစ်ည
နွေတစ်ည နဲ့
မိုးတစ်ည တွေမှာ
ဆောင်းမနက်ခင်း အနွေးထည်နဲ့
နွေနေ့လည်ခင်း ရေစင်အေးနဲ့
မိုးစက်လမ်းမများက ခိုလှုံတဲ့ ထီးပြာပြာလေး အောက်မှာ
အရည်ပျော်နေတဲ့ နှင်းစက်တွေလည်း
လွင့်ဝဲလာတဲ့ ရွက်ကြွေတို့ရဲ့ ရစ်သမ်ကို ဖမ်းနေကြတော့တယ်လေ။

ဂစ်တာကို ရင်ခွင်ပိုက်မိတိုင်း
“အတိတ်အကြောင်း” ကို ကော့ဒ် ကိုင်မိလျှက်သား
လက်ယဉ် နေတဲ့ အဆွေးကလည်း
“အငွေ့ခရီးသွားခြင်း” ကို စတင်တီးခတ်တော့တယ်။        ။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး