နားမလည်ဘူး


နားမလည်ဘူး

ရှေးရှေးတုန်းက အရူးဖြစ်သွားပုံတွေများ ဆန်းကျယ်
ဘယ်လိုတေးသွားမျိုးကြောင့် ဒီလို အပွင့်တွေ ပွင့်ခဲ့ကြသလဲ
အချစ်တံဆိပ်တပ် ကော်ဖီနဲ့
အနုပညာတံဆိပ်တပ် အဖျော်ယမကာများ
အစွန်းနှစ်ဘက်ရောက်အောင် မူးဝေစေပုံတဲ့။
ကော်ဖီ ဆိုတာ ဘာရယ် နားမလည် တဲ့ လူအများနဲ့
ယမကာ ဆိုတာ ဘယ်လိုမှန်း နားမ၀င်တဲ့ ပုဂ္ဂိုလ်တွေ ကြား
ကိုယ့် အမှန်တရား နဲ့ ကိုယ် မွန်းကျပ်စေပေါ့။
အဆိပ်အတောက် ဖြစ်စေတဲ့ ခွန်အားတွေနဲ့
ခွန်အားဖြစ်စေ တဲ့ အဆိပ်အတောက်တွေလည်း
ကိုယ့်ဖက်ရှင် ကိုယ်ထွင်လို့ မတတ်ကြဘူး။
ပန်းသီး Cup လေးထဲက ၀ိုင်တွေကို ဘယ်လို နှလုံးသားနဲ့ နွားတွေက အရသာခံတတ်ပါ့မလဲ။
ဖိုခနောက် ဆိုင် သုံးခု ပေါ်က ရေနွေးအိုးလည်း
တဖြည်းဖြည်း ဆူလာခြေပြီ။
နေထွက် နဲ့ နေ၀င်ဟာ ဂီတ သံ ကို မုန်းသတဲ့လေ။
ရှေးရှေးတုန်းကဆို…
အရူးဖြစ်သွားပုံတွေ များ သိပ်ကို ဆန်းကျယ်။

ကျော်ညိုသွေး

ကဗျာဖြစ်ပေါ်လာပုံ
အနုပညာရှင် တွေ နဲ့ အနုပညာမှာ ပျော်မွေ့တတ်သူ ၊ ရင်ခုန်ခံစား ဘ၀ နဲ့ အတူတူယှဉ် တွဲပြီး နေတတ်တဲ့ သူများဟာ ဘယ်လို နက္ခတ်မျိုးခြံရံ ပြီး မွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေပါလိမ့်လို့ တွေးတောနေမိခဲ့ပါတယ်။ အနုပညာရှင် နဲ့ အနုပညာခုံမင်တပ်မက်သူ လူတန်းစားများဟာ တခြားလူများထက် တစ်ခုခု တစ်စုံတရာမှာ ထူးချွန်ချင် ထူးချွန် ဒါမှမဟုတ် ထူးခြားနေတဲ့သူများ ဖြစ်ပါတယ်။ အဲဒီလို ထူးခြားချက်တွေ ရှိနေတာကို အဲဒီလူ ကိုယ်တိုင် သိရှိတာမျိုးလည်း ရှိသလို ၊ မသိတာမျိုးလည်း ရှိတတ်ပါတယ်။ သေချာတာကတော့ သူတို့ဟာ တခြားလူတွေနဲ့ သဟဇာတ ဖြစ်အောင် မနေတတ်ကြပါဘူး။ နေတတ်တယ်ဆိုရင်လည်း သူတို့ရဲ့ ပင်ကိုယ်စရိုက် ၊ သဘာဝကို အတင်းထိန်းချုပ်ပြီး နေရခြင်းသာ ဖြစ်ပါလိမ့်မယ်။ အနုပညာဆန်သူ (သို့) အနုပညာရှင် နဲ့ အနုပညာခံစားခုံမင် သူများ ဟာ သူတို့ရဲ့ နေ့စဉ်ဘ၀ကို အနုပညာ ဆန်ခြင်း နဲ့ ပဲ ထုံမွှန်းထားတတ်ကြပါတယ်။ အနုပညာနဲ့ တနည်းမဟုတ် တနည်း ပတ်သက်အောင် အမြဲတမ်းကြိုးစား နေကြပါတယ်။ သူတို့ ဘ၀ထဲမှာ အနုပညာ ဆန်တဲ့ အနုပညာ ခံစားတတ်သူ များနဲ့ သာ ကြုံတွေ့ ပတ်သက် လိုကြပါတယ်။ ကုန်ကုန်ပြောရရင် ချစ်သူရည်းစားထားရင်တောင်မှ ရုပ်မချောရင်နေ အနုပညာ ဆန်တဲ့ သူ ကိုသာ ရွေးချယ်တတ်ကြပါတယ်။ အနုပညာ သည်သာ သူတို့ရဲ့ စိတ်ခွန်အား ၊ စိတ်အညောင်းပြေဆေး ၊ စိတ်ဧ။် ဖြေရာ လို့ ထင်မှတ်သူများ ဖြစ်ပါတယ်။ နေ့စဉ်ဘ၀မှာ ကြုံတွေ့သမျှတွေကို အနုပညာဆန်ဆန် ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်သမှုတွေ လုပ်တတ်ကြပါတယ်။ စီးပွားရေး လုပ်တာတောင်မှ အနုပညာဆန်တဲ့ စီးပွားရေးမျိုးကို ပြုလုပ်ချင်ကြတာပါ။ ကြက်ဥ တစ်လုံးကို ကြော်ရင်တောင် လှပစွာ စားချင့်စဖွယ် ဖြစ်အောင် ကြော်လှော်တတ်ကြပါတယ်။
                သူတို့ဟာ သာမန်လူများ နဲ့ ဆက်ဆံရေး အနုပညာဆန်ဆန် ဆက်ဆံရေးကို လိုလားကြသူများဖြစ်ပါတယ်။ အနည်းဆုံးအနေနဲ့ စကား ပြောဆိုကြရာမှာလည်း အနုပညာသမား ပီပီ ပုံတိုပတ်စများ ဥပမာ များ နဲ့ ခိုင်းနှိုင်း ပြောဆိုတတ်ကြပါသေးတယ်။
                ထိုသို့သော အနုပညာ ဆန်သူများ နှင့် ဆန့်ကျင်ဘက် လူတန်းစား တစ်ရပ်လည်း ရှိပါတယ်။ အဲဒီသူတွေကတော့ အနုပညာ မခံစားတတ်သူများဖြစ်ပါတယ်။ အနုပညာ မခံစားတတ်သူများ ဟု ဆို ရာမှာ အနုပညာ လုပ်ငန်းများကို လုပ်ကိုင်အသက်မွေးရန် ၀ါသနာမပါသူများကို ဆိုလိုခြင်းမဟုတ်ပါ။ ဆိုလိုချင်တဲ့ လူတန်းစားကတော့ အနုပညာမှန်သမျှဟာ သိမ်ဖျင်းတဲ့ လုပ်ရပ်များသာ ဖြစ်တယ်။ ပန်းချီဆွဲခြင်း ၊ သီချင်းဆိုခြင်း ၊ စာရေးခြင်း ၊ ကခုန်ခြင်း ၊ သရုပ်ဆောင်ခြင်း ၊ တို့ဟာ အပျော်လုပ်ရပ်များသာ ဖြစ်တယ်။ ထိုထိုသော အကြောင်းအရာများကို အပျော်အနေနဲ့သာ ပတ်သက်မှုရှိပြီး ၄င်း ကိစ္စရပ်များကို စိတ်ဝင်တစား လုပ်ကိုင်နေသူ ၊ ပတ်သက်နေသူ ၊ အနုပညာသမား ဖြစ်ချင်နေသူများကို နှာခေါင်းရှုံ့ တတ်သူများ ပင်ဖြစ်ပါတယ်။ သူတို့ဟာ အနုပညာ နဲ့ ပတ်သက် လာရင် Sensitive (ဆတ်ဆတ်ထိမခံ) သူများ ဖြစ်ပါတယ်။ ဘယ်လို ဆတ်ဆတ်ထိမခံသူများပါလဲ? အနုပညာဆန်ဆန်တွေးတောမှုများကို လက်မခံ ၊ အကြမ်းဖက် တိုက်ခိုက် ၊ ငြင်းခုန် ၊ ထိုးနှက်သူများ ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို သူတို့ကို ထိတွေ့စေလို့မရပါဘူး။ အထိတွေ့လည်း မခံနိုင်ကြပါဘူး။ နောက်ဆုံးတော့ သူတို့ဟာ အနုပညာသမားတွေကို အရူးတွေ လို့ သတ်မှတ်လိုက်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သိပ်ကို အစွန်းရောက်လာတဲ့ အခါ အနုပညာသမားတွေ ရဲ့ အနားမှာ မနေနိုင်တော့ပါဘူး။ ရှောင်ဖယ်လာကြပါတယ်။ ရွံလာကြပါတယ်။ စိမ်းစိမ်းကားကား လုပ်လာကြပါတယ်။ အနုပညာသမားတွေ အနုပညာအကြောင်း မဟုတ်ပဲ ရိုးရိုးတန်းတန်း စကားပြောတာများကိုပင် အနုပညာအကြောင်း ထိုင်ပြောနေကြတယ်လို့ ယူဆ နေကြပါတော့တယ်။ အနုပညာခံစားတတ်သူတွေ ရဲ့ စကားတွေကို နားမလည်တော့ပါဘူး။
                အဲဒီလို အနုပညာခံစား တတ်သူတွေ ရဲ့ စကားတွေကို နားမလည် တဲ့ သူတွေ ပြောတဲ့ စကားတွေကိုလည်း အနုပညာကို နက်နက်နဲနဲ ခံစား ပျော်ဝင်တတ်သူ တွေကလည်း နားမလည်နိုင်သလို ဖြစ်လာကြပါတယ်။
ဒီကဗျာ ဖြစ်ပေါ် လာပုံကတော့ ဒီမျှပါပဲ။ သေချာတာ တစ်ခုကတော့ ဒီ ရှင်းလင်းချက်ကို အနုပညာကို ဆန့်ကျင်တဲ့ လူများက နားလည်နိုင်ခြင်း ရှိနိုင်မှာ မဟုတ်ပါဘူး။

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး