ဖာ


ဖာ

ကျွန်တော်ဟာ ပျော်ချင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ပျော်စရာတွေကို အမြဲတမ်းတွေးတောမိပါတယ်။
ပျော်စရာဆိုတာ ဘာများပါလိမ့်? သင်တို့ရော သိချင်သလား? ဟုတ်ကဲ့  ကျွန်တော်လည်း ပျော်စရာဆိုတာ ဘာများပါလိမ့်လို့ အဖြေရှာနေတုန်းပါပဲ။

* * * * * * * * * * * * * * * * *
တက္ကသိုလ်ဝင်တန်း မအောင်ခင်က ကျူရှင်ဆရာတွေက “မင်းတို့ ဆယ်တန်းအောင်ရင် သိပ်ပျော်ရလိမ့်မယ်” လို့ ပြောဖူးတယ်။ အဲဒါ နဲ့ပဲ ဆယ်တန်းစာမေးပွဲဖြေပြီး အောင်စာရင်းထွက်တော့ ကျွန်တော် ဆယ်တန်း ကျတယ်။ အောင်သွားတဲ့ သူငယ်ချင်းတွေ ကို ကြည့်ပြီး ထပ်ကြိုးစားလိုက်တဲ့ အခါ ဆယ်တန်းအောင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မပျော်ပါဘူး။ အဝေးသင်တက္ကသိုလ်တက်ပြီး ဘွဲ့နှင်းသဘင် ခန်းမ ထဲကို ရောက်တော့လည်း ကျွန်တော် မပျော်ခဲ့ပါဘူး။ သူများတွေ လုပ်သလို လိုက်လုပ်ပြီးတော့လည်း ကျွန်တော်သိမ်းထားရမယ့် ပစ္စည်း တစ်ခု တိုးလာတာပေါ့။

* * * * * * * * * * * * * * * * *
ကျွန်တော်တို့ ရှစ်တန်းလောက်တုန်းက ဆံပင် အနီရောင်တွေ ခေတ်စားလာတာပေါ့။ ကျောင်းသားတွေ ကြားထဲမှာ ဆံပင် အနီ ဆိုးတဲ့ သူ ဆိုရင် တစ်ကျောင်းလုံးက ငေးကြည့်ရတယ်။ ငေးကြည့်ကြတယ်။ ဆံပင်အနီရောင် ဆိုးပေးတဲ့ ဆံပင်ညှပ်ဆိုင်တွေလည်း သိပ်မရှိသေးဘူး။ ဆိုးဆေးတွေကိုလည်း အခုလိုပေါပေါလောလော မရသေးဘူးလေ။ နောက်တော့မှ သိရတာက အဆိုတော် တစ်ယောက် ဆံပင်အနီဆေးဆိုးတာကို မြင်ပြီး လိုက်ဆိုးကြတယ် ဆိုတာကိုပေါ့။ ဆံပင် အလယ်ခွဲနဲ့ နီညိုရောင်ဆိုးထားတဲ့ အဆိုတော် စည်သူလွင် က ကျွန်တော်တို့ကျောင်းသားတွေကြားမှာ အတော်ကို ရေပန်းစားခဲ့ပါတယ်။ စည်သူလွင်ရဲ့ “ကိုယ့်ကြောင့်” “မျက်ဝန်း” “ပထမအနမ်း” သီချင်းတွေဟာ ကျွန်တော် အကြိုက်တွေ့ အသည်းစွဲ သီချင်းတွေ ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ စည်သူလွင် ဗွီဒီယို ရိုက်လာတော့ ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “ဂန္ထ၀င် သီချင်းသည်” သီချင်းဟာလည်း ကျွန်တော့် နှလုံးသားထဲ စွဲထင်နေခဲ့တယ်။

* * * * * * * * * * * * * * * * *

ဆယ်တန်းအောင်ပြီးတော့ ကွန်ပြူတာ သင်တန်းတစ်ခုမှာ အလုပ်ဝင်လုပ်နေပြီ။ အဲဒီအချိန်မှာ ဇော်ပိုင်တို့ ၊ ဖြိုးကြီးတို့ မျိုးကြီးတို့ အဆိုတော် ဖြစ်နေပြီ။ သူတို့သီချင်းတွေနဲ့ ရင်ခုန်သံတွေကို ပြုစားတတ်နေပြီ။ အဲဒီတုန်းက ကွန်ပြူတာ သင်တန်းမှာ သီချင်းမျိုးစုံ(မြန်မာသီချင်း ရော ၊ အင်္ဂလိပ်သီချင်းပါ) MP3 ဖိုင်တွေနဲ့ အများကြီးရှိတယ်။ အလုပ်ပါးချိန်ဆိုရင် အဲဒီသီချင်းတွေကို Playlist လုပ်ပြီး ဆောင်းဘောက် အသေးလေးနဲ့ ဖွင့်ထားတတ်တယ်။ တစ်နေ့တော့ ကွန်ပြူတာသင်တန်းက သင်တန်းသူတစ်ယောက်က ကွန်ပြူတာ ထိုင်သုံးနေရင်း ဘေးကစက်မှာ ကျွန်တော်က သီချင်းတစ်ပုဒ်ကို ဖွင့်ပြီးနားထောင်မိတယ်။ အဲဒီသင်တန်းသူက အင်္ဂလိပ်လို သိပ်ပြီး ကြားညှပ်ပြောတတ်တဲ့ သူတစ်ယောက်ပေါ့။ အင်္ဂလိပ်လို ပြောကြတဲ့ အသိုင်းအ၀ိုင်း တစ်ခုက ထင်ပါတယ်။ ဥပမာ အနေနဲ့…

“စင်္ကာပေါ က ယူနီဗာ့ဇရီ တွေမှာဆိုရင် စတယ်ရီ လုပ်ရတာပိုပြီး ဟာ့ဒ်  ဖြစ်မှာပေါ့နော”

“ဒေါင်းတောင်း မှာပဲနေချင်တယ်။ ဒေါင်းတောင်း မှာက ရှော့ပင် လုပ်မယ်ဆိုရင်လည်း အီးဇီးဖြစ်တယ်။ ရှော့ပင်း လုပ်ရင်း စီနီမာ ၀င်မလား ဗြူတီစပါ မှာ ဘော်ဒီထရိမန့် လုပ်မလား”

အဲဒီလိုမျိုးပေါ့။ နည်းနည်းတော့ကြီးကြီးကျယ်ကျယ်နိုင်လှတယ်။ ထားပါလေ။
အဲဒီအမျိုးသမီးက ကွန်ပြူတာသုံးနေတုန်း ကျွန်တော်ဖွင့်တဲ့ သီချင်းလည်း ကြားရော “ဟာ …အဲဒီသီချင်းက သိပ်ကောင်းတယ်” လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း “ဟုတ်တယ် ကျွန်တော်လည်း ကြိုက်တယ်” လို့လည်း ပြောရော…
“သီချင်းစာသား အဓိပ္ပါယ်ကို သိလို့လား” လို့ ကျွန်တော့်ကို မေးပါတယ်။
ကျွန်တော်က “မသိပါဘူး” လို့လည်းပြောရော…
“အဓိပ္ပါယ်မသိပဲ ဘယ်လိုလုပ်ပြီး ကြိုက်တယ် ဖြစ်ရတာလဲ” တဲ့လေ…
ကျွန်တော်ကလည်း ပြန်ပြောမိပါတယ်…
“သီချင်းကို ကြိုက်တာ အဓိပ္ပါယ်သိဖို့ လိုလို့လား” လို့လေ။

ဒါတင် မက သေးပါဘူး။ မကြာခင်က ဖတ်ရတဲ့ မဂ္ဂဇင်းတစ်ခုမှာဆို အမေးအဖြေ ကဏ္ဍမှာ ကောင်မလေး တစ်ယောက်က သီချင်းတစ်ပုဒ်ကို သိပ်ကြိုက်လို့ အဲဒီသီချင်း ဆိုတဲ့ အဆိုတော်ရဲ့ အကြောင်းကို ဖော်ပြပေးဖို့ တောင်းဆိုတဲ့ အခါ ကောင်မလေးက သီချင်းအဓိပ္ပါယ်ကို တော့ မသိပါဘူး လို့ ပြောတော့ ပြန်ဖြေတဲ့ အယ်ဒီတာ မမကြီးက သီချင်းစာသားအဓိပ္ပါယ်မသိပဲ သိချင်းကို ဘယ်လို ကြိုက်ရတာလဲလို့ ပြန်မေးတယ်လေ… ကဲ…ဘယ်လို နားလည်ရပါ့မလဲ။

* * * * * * * * * * * * * * * *

သူများတွေ သီချင်းကို ဘာကြောင့် ခံစားတယ်။ ဘယ်လိုကြောင့် ကြိုက်တယ်ဆိုတာ ကျွန်တော် မလေ့လာ မသိရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်အနေနဲ့တော့ သီချင်းကို စာသား အဓိပ္ပါယ် သိမှုကြောင့် နှစ်သက်တာမဟုတ်ပါဘူး။ သီချင်းတေးသွားသံစဉ်ကြောင့် ကြိုက်တာပါ။ ကြိုက်လွန်းမက ကြိုက်လွန်းပြီး ညည်းဆိုလိုရင်တော့ သီချင်းစာသားကို လိုက်ရှာပြီး မရမက ဘာသာပြန်ပြီး ခံစားကြည့်ပါတယ်။ တေးလောက က လူတွေကြားထဲမှာ ရှိတဲ့ စကားဆိုရိုးတစ်ခုရှိပါတယ်။ “ဂီတ ဆိုတာ နှလုံးသားချင်း ဆက်သွယ်တဲ့ ဘာသာစကားပါ” တဲ့။ ဘာသာမတူ ၊ စကားမတူတဲ့ လူတွေကို နှလုံးသားချင်း ဆက်သွယ်ခံစား နားလည်စေတာကတော့ ဂီတ သံစဉ်တွေပဲ မဟုတ်ပါလား။

* * * * * * * * * * * * * * * * *

ကျွန်တော့်ရဲ့ အနုပညာ အပေါ်ခံစားမှုဟာ တပြေးညီ တသမတ် တည်းပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ခေတ်လူငယ် တစ်ယောက် ဖြစ်တာကြောင့် ခေတ်ပေါ် ဂီတတွေကို အလွန်ကြိုက်နှစ်သက်ပါတယ်။ လက်လှမ်းမှီရာ တေးသီချင်း ပေါင်းစုံကို ကြားရာနေရာကနေ နားထောင်ခံစားသမှု ပြုခဲ့ပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာမဆို ဂီတကို နားထောင်ရတာ ကျွန်တော် အကြိုက်ဆုံး အလုပ်တစ်ခုပါပဲ။ အလှူခံ မဏ္ဍပ်ကနေ ဖွင့်တဲ့ သီချင်းကနေ ဟိုတယ်မှာ ဖွင့်တဲ့ သီချင်းသံအထိ နားထောင်ရတာ နှစ်သက်သလို ။ လေဘာတီ မမြရင်ရဲ့ “ရွှေပြည်စိုး” သီချင်းကနေ J Me ရဲ့ “မင်းမကြိုက်တဲ့ Hip Hop” သီချင်းအထိ သီချင်းပေါင်းစုံကို နှစ်သက်ပါတယ်။
            ကျွန်တော့် ဂီတ ခံစားမှု အရ မြန်မာသံဖြစ်စေ ၊ နိုင်ငံခြားဂီတသံစဉ် ဖြစ်စေ ဂီတမခွဲပဲ နားလည်ခံစား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မကြိုက်တဲ့ ဂီတ အမျိုးအစားကတော့ မြန်မာသံမကျ ၊ အင်္ဂလိပ်သံမကျ ဟိုမရောက် ဒီမရောက် တေးများကိုတော့ ကျွန်တော် မကြိုက်ပါ။
ဥပမာ ပြောရရင်…

“ အင်္ကျီ အစုတ်ကလေး ၀တ်လို့ မြို့ထဲ တို့လေ ရောက်ခဲ့မိတယ်။
ဆော်ကလေးတွေလည်း လှလိုက်ကြတာ အရောင်စုံပါကွယ်
ဘောင်းဘီ ဖင်ကျပ်ဝတ်တာ အမြင်လည်းဆန်းတယ် ကြည့်လို့ကောင်းတယ်
ထမီလေးတွေတော့ မတွေ့ပါတယ် ကိုယ်ရင်မောခဲ့ရပါတယ်။”  ဆိုတာမျိုး…..

“ရွှေစေတီထံတော်ပါးမှာ ဆုထူးတွေခြွေ မင်းနဲ့လေ ဘ၀စက်တိုင်းမှာ ပေါင်းဖို့ရယ်လေ
အခြေအနေတွေ မပေးလို့ ဝေးခဲ့ရရင် အစဉ်သာ သတိရနေမြဲပင်”

အဲဒီလို အတောမျိုးကို Rock လည်း မဟုတ် ၊ Pop လည်းမဟုတ် ၊ မြန်မာသံလို့လည်း ပြောလို့မရ ၊ အင်္ဂလိပ်သံစဉ်မျိုးလို့လည်း ပြောမရ မြန်မာ့ တူရိယာ နဲ့ တီးခတ်တာမျိုးမဟုတ်ပဲ ခေတ်ပေါ် ဂီတာ ၊ ကီးဘုတ် ၊ ဒရမ် တို့ နဲ့ တီးခတ်ပြီး မြန်မာသံဖြစ်ပါတယ်
ဆိုတဲ့ သီချင်းများကိုတော့ ခံစားလို့မရပါဘူး။

ကျွန်တော်ခံစားလို့ရတဲ့ မြန်မာသံ သီချင်းများကတော့ “အလှသစ္စာတရား” , “ဂျင်မလေး ဂျမ်း” “ကဉ္စနား” တို့လို သီချင်းမျိုးသာပါပဲ။

* * * * * * * * * * * * * * * * *




မြန်မာ့ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းဖို့တင် မလုံလောက်ပါဘူး။ ဆက်လက်ဖန်တီး ဖို့လည်း လိုအပ်ပါတယ်။ ရှေးတုန်းက ရှိခဲ့တဲ့ သီချင်းကြီး သီချင်းခန့်တွေ တဖြည်းဖြည်းနဲ့ ဘာလို့ မှေးမှိန်သွားသလဲဆိုတဲ့ မေးခွန်းကို ကျွန်တော် တစ်ကိုယ်တည်းရှိတဲ့ အချိန်တွေမှာ အမြဲတွေးမိပါတယ်။ အဖြေတစ်ခုပဲရပါတယ်။ အဲဒီလို တေးသွားမျိုးတွေကို ဆက်လက် မရေးဖွဲကြတော့လို့ပါပဲ။ ရေးဖွဲ့ရအောင်လည်း ရေးဖွဲ့မယ့်သူ မရှိတော့လို့ပါပဲ။ ဒါဆိုရင် ရော့အင်န်ရိုးလ် လို့ခေါ်တဲ့ နိုင်ငံခြားတေးသွား ကို ရော ရေးဖွဲ့တဲ့သူ မရှိကြတော့ဘူးလား။ သီဆိုတဲ့သူရော မရှိကြတော့ဘူးလား။ ရှိပါတယ်။ ရေးတဲ့ သူရော ၊ ဆိုတဲ့သူရော ရှိကြပါတယ်။ ပြီးခဲ့တဲ့ လ ကမှ သင်္ကြန် သီချင်းခွေ တစ်ခွေမှာ မြန်မာအဆိုတော် တစ်ယောက် ရော့ခ့်အင်န်ရိုး သီချင်းတစ်ပုဒ် ကို ဆိုတာ မြင်ကြားမိတယ်။  မြန်မာ ရှေးခေတ် သီချင်းအဖွဲ့တွေ ကြတော့ရော ဘာလို့ အဲဒီလို မျိုး မရှိကြ/မရှိရတာလဲ။ နိုင်ငံခြားက ရှေးဟောင်းသံစဉ် ရော့ခ်အင်ရိုး ကို အခုထိ (နိုင်ငံခြား မှာရော ၊ မြန်မာမှာပါ) သီဆိုနေကြသလို “ဂျင်မလေး ဂျမ်း”  နဲ့ “ချစ်မိုးစွေ” “မိုး” စသည်တို့လို သီချင်းမျိုးတွေကို ရေးဖွဲ့အားထုတ်ကြဖို့ ကို မြန်မာသံနှစ်ခြိုက်လှပါတယ် ဆိုတဲ့ တေးရေး/တေးဆိုတွေ ဘာလို့ မစဉ်းစား အားမထုတ်ကြတာပါလိမ့်??? ။ အကြောင်းကတော့ မြန်မာသံ စစ်စစ် သီဆိုရမယ့်အစား အထက်က ကျွန်တော် ပြောသလို ဟိုမရောက် ဒီမရောက် မြန်မာသံတွေ ဆိုနေကြလို့ ပဲလို့ ကျွန်တော် ထင်မိပါတယ်။
* * * * * * * * * * * * * * * * * * * * * * *

ကမ္ဘာမှာ ဂီတ အမျိုးအစား တွေက စုံလင်ပါတယ်။ ဂီတ အမျိုးအစား တိုင်းက စီးဆင်းလာတဲ့ ပင်မရင်းမြစ် နှစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ Rock နဲ့ Pop ပါပဲ။ အဲဒီကနေ ဆင့်ပွား ပေါက်ဖွားလာတဲ့ ဂီတ အမျိုးအစားတွေမှာလည်း အားနည်းချက် အားသာချက်ဆိုတာတွေ ရှိပါတယ်။ အဲဒီလိုပဲ ဂီတ အမျိုးအစား တစ်ခုမှာ အဓိက အသားပေးတဲ့ အချက်တွေရှိပါတယ်။ တချို့က သံစဉ်ကို ဦးစားပေးတယ်။ တချို့က စာသားရေးဖွဲ့မှုကို ဦးစားပေးတယ်။ တချို့က အတီးပိုင်းကို ဦးစားပေးသလို တချို့က ရွတ်ဖတ်မှု နဲ့ ပေါက်ကွဲမှုကို ဦးစားပေးတယ်။ တချို့ကလည်း ခံစားသီဆိုမှုကို အလေးပေးထားတဲ့ ဂီတ တွေလည်း ရှိပါယ်။ ဒါတွေဟာ အဲဒီလို ဂီတ အမျိုးအစားတွေ ပေါက်ဖွားရာ ဒေသ လူတွေရဲ့ နေထိုင်မှု ဓလေ့စရိုက်တွေရဲ့ ရိုက်ခတ်မှု တွေက စတင်ခဲ့တာပါ။ ဒါကြောင့် ဘယ်ဂီတကတော့ ဘယ်လို စွန့်ပစ်သင့်တယ် ဆိုတာမျိုးမရှိသင့်ဘူး လို့ကျွန်တော် တစ်ကိုယ်တည်း ယူဆမိပါတယ်။

* * * * * * * * * * * * * * * * *
ကျွန်တော့် အထင်တော့ အိမ်တစ်အိမ်မှာ အနုပညာ ၀ါသနာပါတဲ့ ကလေးတစ်ယောက် မွေးဖွားလာတာဟာ အဲဒီအိမ်အတွက် စိတ်ပျက်စရာ အကောင်းဆုံးပါပဲ။ အဲဒီကလေးအတွက်လည်း တစ်ကယ့်ကို ကျိန်စာ ပါပဲ။ ကျွန်တော့်အတွက်ကတော့ ဘယ်လိုကျိန်စာလဲ ဆိုတော့ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းပါပဲ။ ရင်ထဲမှာ သီချင်းတွေ ပြည့်နေပြီး အစာမကြေနိုင်တဲ့ ဝေဒနာလိုပါပဲ။ အန်ထွက်လို့လည်း မရ ၊ အစာလည်း မကြေနိုင်ပါဘူး။

သာမန် လက်လုပ်လက်စား အိမ်တစ်အိမ်က လူငယ်တစ်ယောက်ရဲ့ အနုပညာ ၀ါသနာပါမှုဟာ သိပ်ဆိုးဝါးတဲ့ အဖြစ်ပါ။ လူမှု အသိုင်းအ၀ိုင်းမှာ သူရူးတစ်ယောက်လို ထင်မြင်ယူဆခံရရုံမျှမက ချစ်သူရဲ့စွန့်ခွာမှု ၊ ဥပေက္ခာပြုမှုကိုပါ ခံစားရပါတယ်။

တစ်ကယ်တမ်းတော့  ဂစ်တာ နဲ့ မိုက်ခရိုဖုန်းကို ကိုင်ချင်တဲ့ လက်တွေဟာ ချစ်သူရဲ့ လက်ကို ကြင်ကြင်နာနာ ဆုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းနဲ့ အခွင့်အရေး နည်းပါးပါတယ်။

အခုတလောမှာ ဆရာမ “ဂျူး” ရဲ့ “ကျွန်မဧ။် သစ်ပင်” ဆိုတဲ့ ၀ထ္ထုကို အလုပ်ထဲမှာ ခိုးဖတ်နေခဲ့ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ ကျွန်တော်ဟာ မတ်တပ်ဖျား ဖျားနေခဲ့ပါတယ် လူတွေအားလုံးရဲ့ အဝေးမှာ ကျွန်တော် ရောက်နေတယ်လို့ ခံစားရတယ်။ ကျွန်တော့်ချစ်သူ “သိမ့်” ကလည်း ကျွန်တော့်ကို စွန့် ခွာသွားပြီလို့ စိတ်ထဲမှာထင်နေတယ်။ သူ နဲ့ တူ တဲ့ သက်မွန်မြင့် ကို ကျွန်တော် ချစ်ပါတယ်။ ဒါပေမယ့် သိမ့် ကို ပိုချစ်ပါတယ်။
ဘတ်စ်ကား စီးတိုင်း အသိမိတ်ဆွေ တစ်ယောက်ယောက်များ တက်လာမလားလို့ လိုက်ရှာနေမိတယ်။



* * * * * * * * * * * * * * * * *
ကျွန်တော့်ရဲ့ လူမှန်းသိတတ်စ အရွယ်ကတည်းက နေထိုင်လာခဲ့တဲ့ ပုံစံက တစ်ယောက်တည်းပါပဲ။ တစ်ယောက်တည်း နေလာခဲ့ရတဲ့ အတွက် အထီးကျန်မှုကို မသိစိတ်က ခံစားရမှာပါပဲ။ အဲဒီအချိန်တွေမှာ ကျွန်တော့်အတွက် ပထမဆုံး စိတ်ပျော်ရွှင် မှုရစေတာက အဖေ ရန်ကုန်က ၀ယ်လာခဲ့တဲ့ ကက်ဆက် ထဲက သီချင်းသံတွေပါပဲ။ အဲဒါကြောင့်လည်း ကျွန်တော့် နှလုံးသားထဲမှာ ဂီတဟာ မသိမသာ ကိန်းဝပ်လာခဲ့တာပေါ့။ အဲဒီတုန်းက သုံးလေး နှစ်သား အရွယ်မှာ ကက်ဆက်ထဲက ကျွန်တော် လိုက်ဆိုမိတဲ့ သီချင်းခွေဟာ “နာရီပေါ်က မျက်ရည်စက်များ” ဆိုတာ ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ် မှာ ဆရာ ထူးအိမ်သင် ကွယ်လွန်ပြီးမှ သိခဲ့ရပါတယ်။

သူများတွေပြောသလိုတော့ “အနုပညာကို ငယ်ငယ်လေးကတည်းက ၀ါသနာပါတာ” “ငါးနှစ်သားလောက်ကတည်းက ၀ါသနာပါတာ” ရယ်လို့တော့ မဟုတ်ဘူးပေါ့။ တကယ်တမ်းဝါသနာ ပါမှန်းသိတာကတော့ ခြောက်တန်းလောက်မှာ ပန်းချီတွေ ဆွဲချင်တယ်။ ရှစ်တန်းလောက်မှာ သီချင်းတွေ ကြိုက်တတ်လာတယ်။ အနုပညာ ၀ါသနာပါတာ အဲဒီအချိန်ကစလို့ ပြောရမှာပေါ့။

အနုပညာ ၀ါသနာပါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ဘာကိုမှ လုပ်ဖူးခဲ့တာ မရှိပါဘူး။ ကျောင်းကပွဲတွေဆိုလည်း ငေးရုံပဲ ကြည့်ဖြစ်ခဲ့တာပါပဲ။ ဒါပေမယ့် အနုပညာဝါသနာပါတယ် လို့ ကိုယ့်ကိုယ်ကို သိလိုက်ရတဲ့ အချိန်ကနေစလို့ ယနေ့အထိ စိတ်ခံစားမှု၊ ၀မ်းနည်းမှု ၊ ကြည်နူးမှု စတဲ့ အရာတွေ အားလုံးကို ဂီတ ၊ ကဗျာ တို့နဲ့ ထုပ်ပိုးခဲ့ပါတယ်။

* * * * * * * * * * * * * * * * *

ကျွန်တော်တို့ မြို့က ရပ်ကွက်လမ်းတွေပေါ်မှာ နာမည်ကြီးတေးသမားတွေရဲ့ သီချင်းတွေကို ညဘက်မှာ အော်တတ်တဲ့ လူငယ်တွေ ထွက်တဲ့ အချိန်မှာ ကျွန်တော်ကတော့ ရှုပ်ထွေးတဲ့ စိတ္တဇတွေ သွတ်သွင်းထားတဲ့ ကဗျာတစ်ပုဒ်ကို စီမံခန့်ခွဲနေပါတော့တယ်။

ကျွန်တော် တန်ဖိုးမထားတဲ့ အချိန်တွေဟာ ကျွန်တော့် ဆယ်ကျော်သက် ဘ၀နေ့ရက်တွေကို သိမ်းဆည်းသွားပါတယ်။
ကျွန်တော် တန်ဖိုးထားတဲ့ ချစ်သူ “သိမ့်” တစ်ယောက်ကတော့ ဘာတွေ တွေးနေမယ် မသိပါဘူး။ ကျွန်တော် သူ့ကို လွမ်းနေပါတယ်။ သူကျွန်တော့်ကို စွန့်ပစ်သွားမှာ သိပ်ကြောက်ပါတယ်။

ကျွန်တော့် ခွန် ကျွန်တော့် အားနဲ့ တီးခတ်ရေးသားထားတဲ့ သီချင်းတွေနဲ့ အိမ်ကလေး တစ်လုံး ဆောက်ချင်ပါတယ်။ ဒီအိမ်ကလေးထဲမှာ အနုပညာနဲ့ သူ့လက် ၊ ကျွန်တော့်လက် နှစ်ဖက်ကို ရစ်ပတ်လို့ ထားချင်ပါတယ်။ သူက မန္တလေးမှာ ကျွန်တော်က ရန်ကုန်မှာ။ ကျွန်တော် နဲ့ သူ နီးစပ်ဖို့ တံတားတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော့် ရဲ့ အောင်မြင် ဖြစ်ထွန်းခြင်းသက်သက်ရယ်ပါ။

အနုပညာဟာ ကျွန်တော်ပိုင်ဆိုင်တဲ့ ဘ၀နဲ့ မနီးစပ်ဘူး ဆိုရင်တောင် ကျွန်တော့်နေထိုင်မှုဘ၀ ၊ ကျွန်တော့် ခံစားမှု အချစ်တွေကို အနုပညာနဲ့ ထုံမွှမ်းထားချင်ပါတယ်။

ကျွန်တော်ချစ်တဲ့ ဂီတ သံစဉ် တွေထဲမှာ အခြေခံ အသံ ခုနှစ်သံနဲ့ ဖွဲ့စည်းထားတယ်ဆိုရင်…
ကျွန်တော်ဟာ အဲဒီအခြေခံ အသံထဲက အသုံးဝင်တဲဂီတ နုတ်စ် လေး တစ်ခုဖြစ် မှတ်ယူ နေထိုင်ရင်း ချစ်သူရဲ့ လက်မောင်း တစ်ဖက်ကို ဂစ်တာ ဖလက်တံလေးကို တယုတယ ဆုပ်ကိုင်မိသလိုမျိုး ကြင်နာချင်ပါတော့တယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး