ဂစ်တာ တစ်လက် ရောင်းရန်ရှိသည်

ဂစ်တာ တစ်လက် ရောင်းရန်ရှိသည်



ပြန်တွေ့မယ် ဂျွန်ဆောရီ…
အသားမာတက်ခဲ့တဲ့ လက်က အသားနုတွေတက်ခဲ့ပေါ့
ကား နှစ်ဆင့် သုံးဆင့် စီးရမယ် ဆိုလို့
ဘတ်စ်ကားပေါ် စုံမှိတ်လို့ တက်လိုက်တယ်။
ပါးစပ်ထဲ မြုံထားတဲ့ အရာတွေ ထွေးထုတ်ပစ်လိုက်ပြီးလည်း
အကင်းမသေ သေးတော့ ပြန်ပြန်ပြီး ပြည့်ပြည့်လာတယ်
နည်းနည်းပဲလေ မျိုချလိုက်တာပေါ့ အေးဆေးပါ။
အတွေးတွေနဲ့ အလွင့်တွေက ပခုံးလာသပ်တဲ့အခါ ပြေလည်သွားလိမ့်မပေါ့။
ဒီလိုပဲ ဂျွန်ဆောရီ
မဖြစ်သင့်တာတွေ ဖြစ်ခဲ့ပြီးနောက်
ငါတို့ ဖိနပ်တွေပဲ “ငါတို့ကို မစွန့်ပစ်ပါနဲ့” လို့
တောင်းပန် တိုးလျှိုးကြတာပဲ။
ရှား နဲ့ ချော့ကလက်ရောင် ဘေးလွယ်အိတ်ကလေးကို လွယ်ပြီး
လမ်းလျှောက်တဲ့အခါ…
မင်းကို သတိရတယ် ဂျွန်ဆောရီ
တချို့ အနုပညာတွေက လမ်းဆုံးရောက်နေပြီလား
ဒီ Model တွေ သိပ်ရိုးသွားတဲ့အခါ
ဘယ်လို စံ သတ်မှတ်ချက်တွေနဲ့ ဘယ်လို ပါဖောမန့်စ် မျိုးနဲ့
ထိုးထွက်လာမလဲဆိုတဲ့ ဂျန်နရေးရှင်း ဂက်ပ် ကို
မသိနိုင်သေးဘူး။
တချိန်ချိန်မှာပေါ့…
နံပါတ်တွေ ဓါတ်ပုံတွေနဲ့ ယှဉ် တွဲ ဖော်ပြထားတဲ့
အနုပညာပြချက် တစ်ခုကို မြင်တွေ့ရမယ်လို့ ထင်သလား
မင်း အတွက်ပြောတာ ဟန်နီ
မင်းဖိနပ်ကလေးအတွက် ကြိုးညှိပါ။
မင်း ဖိနပ် တစ်ရံပြီး တစ်ရံ လဲတိုင်း
အဲဒီဖိနပ်လေးတွေ အတွက် သီချင်း တီးပါ။
ငါတို့ အခုက စပြီး….
တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောကြတော့ဘူးနော
ခွင့်မတောင်းပဲ မင်းအနားက ထပြန်သွားတဲ့ အခါ
မင်းလည်းပဲ မင်းကိုင်ထားတဲ့ သစ်ရွက်ကလေးကို မှုတ်လို့ ဖျော်ဖြေပါ။
နောက်ထပ် သစ်ရွက်တွေ ကြွေလာတဲ့အခါ
ဒီလမ်းကလေး ပေါ်က ငါနင်းလျှောက်ဖူးတဲ့ ခြေရာတွေကို ဖုံးသွားမှာပေါ့
အခုနေ မင်းမျက်နှာကို မမြင်ရလို့ ငါအင်္ကျီအဖြူလေး ၀တ်ထားဆဲပါ။
မင်းနှုတ်ခမ်းပေါ်က အခွက်ကလေးမှာ
ငါ့သီချင်းတွေ အိပ်စက်ကြပြီလေ။
သစ်ရွက်ကလေးကို ဆက်ပြီး မှုတ်နေဦး
ငါကတော့ ဦးထုပ်ကလေး ဆောင်းလို့ ဟိုး တောင်ကုန်းပေါ် တက်လိုက်ဦးမယ်လေ…။
သစ်ရွက်ကလေးကို မှုတ်လိုက်ဦး ဆောရီ။
Fighting!


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး