အမည်မသိ ကစားနည်း

အမည်မသိ ကစားနည်း



ဆေးတံပျောက်တာထက် မီးခြစ် ပျောက်တာက ပိုဆိုးတယ် မဟုတ်လား
တခါတလေ မေးခွန်းမေးသူ တစ်ယောက် အဖြစ်
တခါတလေ အဖြေပေးသူ တစ်ယောက်အဖြစ်
စိတ်ပုရွက်တွေ ကြားမှာ လရောင်ဟာ အပျိုရည် ပျက်ခဲ့ပေါ့…။
လမ်းတွေ များများလျှောက်ဖို့ လိုတဲ့အခါ
လမ်းတွေရဲ့ လက္ခဏာ အလွတ်ကျက်မှတ်လို့
လမ်းလျှောက်ခြင်းရဲ့ အဓိပ္ပါယ်တွေ အမျိုးမျိုးရှိတဲ့ ကြားက
လမ်းလျှောက်နေရင်း လမ်းပေါ်က အသိတွေ
လမ်းလျှောက်နေရခြင်းရဲ့ ရည်ရွယ်ချက်တွေ တိုးလို့လာ
လမ်းလျှောက်နေရင်း လက်နှိပ်ဓါတ်မီးတွေ လိုတာထက် ပိုပြီးထိုးလာ
လမ်းလျှောက်နေရင်း မြေကြီးကို ပိုပြီး ကြည့်လာ
တစ်နေရာမှာထိုင်နေရင်း လမ်းသွားလမ်းလာတွေရဲ့ နောက်ကို လိုက်ကြည့်မိလာ
စာဖတ်ဖို့မဟုတ်ပဲ စာအုပ်စင်တွေ မွှေနှောက်မိတာတွေ များလာ
လမ်းလျှောက်ရင်း ဖောလိုးမီ ဆန့်စ် ရေမွှေးတွေ ဖျားယောင်းခံနေရ
ရတနာ လည်ဆွဲတွေ ဆီက သုညများရဲ့ ချွင်သံတွေ
လမ်းလျှောက်ရင်း နားစွင့်ကာ
တီဗွီ အစီအစဉ်များထဲက “ဘ၀များ” ကို သောက်သုံး
လမ်းဘေး ဘေလ်ဘုတ်တွေမှာ ကပ်ငြိသွားတဲ့ စိတ္တဇ
ရုပ်ရှင်ရုံတွေ ရှေ့က ခုံတန်းလျားတွေ ပေါ်မှာ ကျကျန်ခဲ့တဲ့
ကိုးထောင်တန် လက်မှတ်များ
နေ့စဉ် ကျောက်ခဲလေး တစ်လုံးပေါ် ပွတ်တိုက်မိတဲ့ လက်ဗွေရာလည်း
ခလုတ်နှိပ်လိုက်တဲ့ စန္ဒရားသံတွေ မိုးပျံသွားချိန်ထိ
အပျိုစင် တယောတို့ အိပ်မက်ကို လာရောက် နှောက်ယှက်ချိန်အထိ
လူမှုရေးတံခါးဝကို ဂစ်တာ ဖလက်တံနဲ့ တွန်းဖွင့် လိုက်ချိန်အထိ
စာနာခြင်းတေးသံကို အသားမာတက်နေတဲ့ လက်ချောင်းထိပ်တွေနဲ့
ဖိနှိပ်တီးခတ်မိချိန်အထိ
ကျောက်ဆောင်တွေကို တွန်းတိုက်ရင်း
လမ်းလျှောက်ခြင်းရဲ့ စိတ္တဇတွေ ကွဲလွဲစွာ အဓိပ္ပါယ်ယူရင်း
လမ်းလျှောက်ရင်း လက်နှိပ်ဓါတ်မီးတွေ လိုတာထက်ပိုထိုးနေတာနဲ့
လမ်းလျှောက်နေရင်း မြေကြီးကို ပိုမိုဂရုတစိုက် ကြည့်ရှုလို့
ကြောင်တကောင်ရဲ့ အနံ့ ခံခြင်းမှာ ပျော်ဝင်ရင်း
ဘေလ်ဘုတ်ပေါ်က ရွှေရောင်တွေ အတွက် ခံယူနေတဲ့
ခရေပင်အောက်က ကြယ်ရောင်တွေ
တန်းချိတ်ထားတဲ့ ရှပ်အင်္ကျီ အိတ်ထဲ ခဏခဏ နှိုက်မိတဲ့ လက်တွေ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး