ဖီးနစ်ငှက်များ


ဖီးနစ်ငှက်များ

အချစ်ရေ တက်နေကျ ဓါတ်လှေကားအတိုင်း ကိုယ်တို့တက်သွားရင်
ဓါတ်လှေကားခြေရင်းမှာ ညခရေ နှစ်ပွင့်တော့ အလှတွေ ၀င့်လို့
စေ့စေ့ စပ်စပ် လှမ်းမကြည့်လည်း သူတို့ ဘယ်လို ဆင်မြန်းထားလည်း မောင်သိတာပေါ့
ဇီးရိုးကွာတား နဲ့လည် ဟုတ်တယ်။ ဂျီစရင်းန် နဲ့လည်း ဟုတ်တယ်။
တက်ခ်ျစခရင် ကလည်း သူတို့အတွက် ဖက်ရှင်တစ်ခုပဲပေါ့။
မရိုးပေမယ့် မဆန်းတဲ့စိတ်နဲ့ ဝေ့ကြည့်တယ်။
အရာရာတိုင်းမှာ ပင်ကိုစိတ်ကို ဖုံးမရတဲ့ တံခါးပေါက်တွေနဲ့
အပေါ်ယံတွေကြားက သူတို့ရဲ့ သိမ်ငယ်တဲ့ စိတ် နဲ့ မူးစေတဲ့ ဆူးတွေကြားက
ရူးနေတဲ့ ဆိုက်ကိုတွေ ကို တွေ့တယ်။
မောင့်လို့ အောက်ခြေ၀န်ထမ်းတစ်ယောက်အတွက် တော့ တစ်ကယ်ကို ရင်နာစရာပါပဲ
ဓါတ်လှေကား တံခါးအပွင့်မှာ ရုတ်တရက် မော့လာကြတဲ့ မျက်နှာတွေ မောင်မကြည့်ဝံ့ဘူး
ကိုယ့်ကိစ္စအတွက် ဓါတ်လှေကား တံခါး ခလုတ်အနှိပ် ထိုင်နေတဲ့ ခုံပေါ်က
မတ်တပ်ထရပ်ကြပုံက ရင်နာစရာ
မောင်ဟာ ဟုတ်ဟုတ်မြည်နေတဲ့ ဒီဟော်တယ် ကြီး ထဲက
ဘာမှမဟုတ်တဲ့ ၀န်ထမ်းတစ်ယောက်သာ
သူတို့ အတွက်မှာက သစ်ပင် ထက်က ကိုင်းဖျား ကိုင်းနား အပွင့်အခေါက် ဘယ်လောက်များများအတွက်
အတန်းရှင်းန် လုပ်နေရသလဲ မတွေးတတ်ဘူး။
အခုတလော စိတ်ညစ်လို့ထားတဲ့ မောင့်နှုတ်ခမ်းမွှေး မည်းမည်းတွေ ကြောင့်လည်း မဟုတ်နိုင်
အဟောင်းကုလားတောင်မ၀ယ်တဲ့ မောင့်ဝန်ထမ်းကဒ်ကြောင့်လည်း မသေချာ
မောင့်ရဲ့ တည်တည်နေတဲ့ ရုပ် နဲ့ မာထန်ထန် မျက်ဝန်းတွေ ကြောင့်လည်း မဖြစ်နိုင်
အချစ်ကြောင့် ခွေယိုင်လဲမတတ် မောင် ဖျားနာနေချိန်တွေ ကို အခုနေ ပြန်တွေးကြည့်တယ်
အချစ်ရဲ့ ဒဿန တွေကို ဖတ်မရတဲ့ မျက်မှန်တွေ တပ်ပြီး ဖတ်နေ ရတဲ့ ဒုက္ခ
တတ်ခ်ျစခရင် ဖုန်းတွေ နဲ့ ဟောဒီညကို အပျင်းဖြေရင်း
ဘယ်အချိန်မှာ တချွင်ချွင်မြည်တဲ့ ပုလင်းတွေ လိမ့်လာမလဲ ဆိုတဲ့
ကိုယ်ပိုင်လမင်းကို ချာဂျင်သွင်းနေတဲ့ အခိုက်အတန့်တွေ
ဒီအချိန်မှာ စိတ်ရင်း ဆိုတဲ့ စကားက အယ်ရာ တက်နေလိမ့်မှာပေါ့ သူတို့ရဲ့ မက်ချင်းထဲမှာ
ဆရာတစ်ယောက်ကတော့ ပြောဖူးတယ်
“ညဘက် အိပ်တဲ့ လူရဲ့
အသားအရည် နဲ့ ညဘက်မအိပ်တဲ့ လူရဲ့ အသားအရည်က ကွာကို ကွာတယ်။”
ဒါပေမယ့် ဒါတွေလည်း အပရိုဒိုက်စ်က အလိုလို တိုက်စားသွားခဲ့ပြီ။
တချို့က တက် နင်း ခံရပြီးကတည်းက
တချို့က လှိုင်းထနေတဲ့ နေရာ ဘေးက လက်ပစ်ကူးနေရတဲ့ တစ်မိုက်တစ်ထွာ
တစ်ချို့က အပြာရောင်ဒီပလိုမာ ကို လက်လှမ်းရင်း ကန်းနေတဲ့ ကြက် ဆန်အိုးထဲက ထွက်မရသလိုမျိုး
ဘီယာ ဆိုတာ လုပ်ငန်းဆောင်တာအတွက် ဖက်ရှင်
ကိုရီးယားတွေ ဘယ်လောက်ပဲ ထွင်ထွင် အဲဒီအဆင်တွေက
သူတို့ရဲ့ စစ်ဝတ်တန်ဆာ…
လေလုံတဲ့ အခန်းထဲမှာ စီးကရက် မီးခိုး အကွင်း ထုတ်တာ သိပ်လွယ်တာပေါ့။
အချစ်ဆိုတာ မနှုတ်လောက်လို့ တစ်ဆယ် ချေး ရတဲ့ ပုစ္ဆာ ဆို တဲ့ ဒဿနတွေက အိမ်ပြန်ချိန် တိမ်ကလေးတွေ
စံပါယ်ရုံတွေ ထဲ ၀င်ပြေးကုန်ကြရလေရဲ့။

ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး