သူငယ်ချင်း သန်းစိုး နှင့် စကားပြောခြင်း။
သူငယ်ချင်း သန်းစိုး နှင့် စကားပြောခြင်း။
ကျွန်တော် ဆယ်တန်းအောင်ပြီးစ က ကွန်ပျူတာသင်တန်းတက်ပြီး ၊ အဲဒီ သင်တန်းမှာပဲ Training Guide တစ်ယောက်အဖြစ် ပြန်ပြီး အလုပ်ဝင်ခဲ့တယ်။ တစ်နေ့တော့ ကျွန်တော်တို့ သင်တန်းကို အင်ဂျင်နီယာ အစ်ကိုကြီး သုံးယောက် လာပြီး တက်တယ်။ သူတို့က အလုပ်ထဲကနေ လိုအပ်ချက်အရ Auto Cad (အင်ဂျင်နီယာ ပုံဆွဲ) ကို လာတက်ကြတာပါ။ တဖြည်းဖြည်းနဲ့ သူတို့နဲ့ ကျွန်တော်တို့ ကွန်ပျူတာ သင်ပေးသူတွေ ရင်းနှီးလာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က ကဗျာရေးသလိုလို အဆင့်သာရှိသေးတာပါ။ Fashion Image မဂ္ဂဇင်းမှာ "ရည်းစားစကား" ဆိုတဲ့ ကဗျာလေး စပြီး ဖော်ပြခံရတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်တဲ့ အချိန်ပေါ့။ မဂ္ဂဇင်းမှာ ကဗျာပါလာတော့ အားတက်ပြီး နောက်ထပ်ကဗျာတွေရေး ၊ ထပ်ပို့ နဲ့ တစ်ယော်တည်း နဲ့ အလုပ်ရှုပ်နေလိုက်တာ။ ရေချိုးရင်း ကဗျာရေးချင်စိတ်ပေါက်လာရင်တောင်မှ ရေချိုးရပ်ပြီး ကဗျာရေးလို့ရေး။ သွားလေရာမှာ စာရွက်နဲ့ ဘောလ်ပင် ကို ယူသွားပြီး တွေး ၊ ငေး ၊ ရေး လုပ်နေတဲ့ အချိန်ပေါ့။
သင်တန်းက အင်ဂျင်နီယာ အစ်ကိုကြီးတွေ နဲ့ တစ်နေ့တော့ စကားလက်ဆုံ ကျ ဖို့ အချိန်ရောက်လာခဲ့တယ်။ အဲဒီနေ့က မီးပျက်တော့ အတန်းမရှိဘူး။ ဒါနဲ့ သူတို့ ရောက်လာပြီး စကားပြောရင်း မုန့်စားရင်းနဲ့ ကျွန်တော့် ရှေ့ စားပွဲပေါ်မှာ တင်ထားတဲ့ မှတ်စု စာအုပ်က ကဗျာကို တွေ့တဲ့ သင်တန်းဆရာမ အစ်မ တစ်ယောက်က "နင့် ကဗျာလား" ဆိုပြီး ကဗျာ ကို ပြပြီးမေးပါတယ်။ ဒါနဲ့ ကြားလိုက်တဲ့ အင်ဂျင်နီယာ သုံးယောက်ထဲက တစ်ယောက်က ကျွန်တော့်ကို ကဗျာရေးတာ ၀ါသနာပါလား ဘာညာ ဆိုပြီး စပ်စုပါလေရော။ ဒါနဲ့ စကားဝိုင်းက ကဗျာအကြောင်းရောက်သွားတယ် ဆိုပါစို့။ အဲဒီမှာ အင်ဂျင်နီယာတွေထဲက တစ်ယောက်က "တစ်ကယ်တော့ ကဗျာရေးတဲ့ သူတွေ အများစု က စိတ်လေ နေတဲ့ သူတွေပဲ"လို့ သူ့အမြင် ကို တိတိပြတ်ပြတ် ပြောပါတယ်။ အဲဒါကို သင်တန်းဆရာမ ကလည်းထောက်ခံသလိုလို ရှိနေပါတယ်။ ကျွန်တော်ကတော့ အဲဒီကအချိန် က လူငယ်မို့ ထောင်းခနဲ ဒေါသထွက်မိပေမယ့် ခပ်တည်တည်ပါပဲ။ သူ့စကားကို သဘောမကျပေမယ့် ဘာပြန်ပြောရမှန်းတောင် သိတဲ့ အရွယ်မဟုတ်ပါဘူး။
ကဗျာရေးတဲ့ စိတ်နဲ့ ကဗျာ လမ်းကို လျှောက်ရင်းကနေ တစ်နေ့တော့ ကျွန်တော့် လက်ထဲ ကဗျာစာအုပ် သုံးအုပ် ရောက်လာခဲ့ပါတယ်။ တစ်အုပ်က ဆရာ သုခမိန်လှိုင်ရဲ့ အင်ဒီဝါးဟိုး တို့ ကမ္ဘာ စာအုပ်အပါးလေးပါ။ နောက်တစ်အုပ်က ဆရာ မိုဃ်းဇော် ရဲ့ ကြေးစား ဖြစ်ပြီးတော့ ၊ နောက်ဆုံးတစ်အုပ်ကတော့ ကဗျာဆရာ သုံးယောက်ပါဝင်ရေးသားတဲ့ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း ကဗျာစာအုပ်ပါ။ အဲဒီမှာ ကဗျာဆရာ သုံးယောက်ပါ ပါတယ်။ ကျွန်တော့် လေ့လာမှု အားနည်းပါးစွာနဲ့ ထိုကဗျာဆရာ သုံးယောက်နာမည် ကို အဲဒီအချိန်ကမှ ကြားဖူးခြင်းရယ်ပါ။ နာမည်တွေက ကိုအိမ့် ၊ ရိုးဒီ နဲ့ ထွဏ်းသွေးအိမ် တို့ပါ။
ကျွန်တော့်လက်ထဲ အဲဒီ ကဗျာစာအုပ်တွေ ရောက်လာချိန်မှာ အရင်က ကျွန်တော့်မှာ ၀ယ်သည်ပဲဖြစ်စေ ၊ လက်ဆောင်ရသည်ပဲ ဖြစ်စေ ကဗျာစာအုပ်တစ်အုပ်မှ မရှိသေးပါဘူး။ ရလာတဲ့ ကဗျာစာအုပ်လေးတွေကို ကျွန်တော် နည်းနည်းမြည်းလိုက် ၊ ပြန်ချထားလိုက် ခံစားလိုက် ၊ ပြန်ဖတ်လိုက် နဲ့ လုပ်ပါတယ်။ အဲဒီထဲက ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း ကဗျာစာအုပ်ထဲက ထွဏ်းသွေးအိမ် ရေးသားထားတဲ့ "သူငယ်ချင်း သန်းစိုး " ကဗျာလေး ကတော့ ကျွန်တော့် ကို ပြောနေသလို ခံစားရစေပါတယ်။ ပြီးတော့ သူရေးထားတဲ့ အကြောင်းအရာကလည်း ကျွန်တော် စိတ်လေနေတုန်းမှာ ရေးချင်တဲ့ ကဗျာပုံစံ ဖြစ်တဲ့ အပြင် ကဗျာရဲ့ စကားလုံးရွေးချယ်မှုတွေကလည်း ရိုးရှင်းပြီး ပွင့်လင်းမြင်သာမှု ရှိစေတယ်လို့ မှတ်ယူနေမိပါတယ်။
သူငယ်ချင်း သန်းစိုး
ခုချိန်ထိ
စာရွက်အလွတ်တွေပေါ်မှာ
ဖြူဖြူကျော်ဆိုတဲ့ နာမည်ကို မင်းရေးနေတုန်းပဲလား။
မင်းရှေ့မှာတင်
နံရံက ဆေးတွေလည်း အရောင်ဖျော့သွားပြီ
ခုံတန်းလျားတွေလည် အိုဟောင်းသွားပြီ
အစွဲအလမ်းဆိုတာ
မင်းအတွက်
ခွာချလို့မရအောင် ခက်ခဲတဲ့ အရာတစ်ခုလား။
စိတ်ကိုလျော့ချလိုက်ပါ သူငယ်ချင်း
မင်းနဲ့ငါ အားပေးတဲ့ မန်ယူအသင်း
ဒီနှစ်ဖလား မရနိုင်တော့သလို
ဖြူဖြူကျော်နဲ့ ပတ်သက်လာတိုင်း
မင်းလည်း
အိမ်ကွင်း အဝေးကွင်း
ပွဲစဉ်တိုင်း မင်းရှုံးနိမ့်ခဲ့တယ်ဆိုတာ ပြန်သတိရပါ။
ကြွေသွားတဲ့ သစ်ရွက်က မင်းမဟုတ်သလို
ကျန်ခဲ့တဲ့ ပင်စည်ဟာလည်း ဖြူဖြူကျော်မဟုတ်ဘူး။
ဆင်ခြင်တုံတရားဆိုတာ
ပိုက်ကွန်နဲ့ဖမ်းလည်း မင်းမမိဘူးဆိုတာ သိခဲ့ပြီ
မင်း
မီးနီကို အတင်းမဖြတ်ပါနဲ့ သူငယ်ချင်း
ငါ ခဏခဏ ပြောခဲ့သလို
မင်းစိတ်တွေ အရမ်းမွန်းကျပ်လာတဲ့အခါ
လေးဖြူရဲ့
ထွက်ပေါက်သီချင်းကို အော်ဆိုလိုက်ပေါ့
လောကမှာ
ဖြစ်ချင်တာ မဖြစ်ပဲ
မဖြစ်ချင်တာ ဖြစ်နေရတာ
မင်းတစ်ယောက်တည်း မဟုတ်ဘူး။
ဆောင်းစစ်စစ်ထဲမှာ
နှင်းစစ်စစ်တွေ မင်းရှာကြည့်ပါ
ငါခဏနေတဲ့ ရန်ကုန်မှာတော့
ဆောင်းတွင်း မရှိဘူး။
နှစ်သစ်ရဲ့ လမ်းမကြီးပေါ်
အခု
ငါတို့ လျှောက်ရဦးမယ်
ငြီးငွေ့မှုဆိုတာကို
ဆေးလိပ်မီးခိုးလို မှုတ်ထုတ်ပြီး
ကြေကွဲမှု ဆိုတာကို
ပိုက်ဆံလို မင်း မစုဘူးဆိုရင်
အရာအားလုံး မင်း အဆင်ပြေမှာပါ။
မင်းနဲ့ငါ
ကြွေကျလာတဲ့ ခရေပွင့်ကြွေတွေကို ဆက်ကောက်ပြီး
ရှေ့လျှောက်
လမ်းကို
မီးစိမ်းမှ ငါတို့ ဖြတ်ကြမယ်ကွာ။
ထွဏ်းသွေးအိမ်
ဒီကဗျာလေး ထဲမှာ ပါတဲ့ စာကြောင်းတွေထဲက ကျွန်တော် အနေနဲ့တော့…
“ကြွေသွားတဲ့ သစ်ရွက်က မင်းမဟုတ်သလို
ကျန်ခဲ့တဲ့ ပင်စည်ဟာလည်း ဖြူဖြူကျော်မဟုတ်ဘူး။”
“ငြီးငွေ့မှုဆိုတာကို
ဆေးလိပ်မီးခိုးလို မှုတ်ထုတ်ပြီး
ကြေကွဲမှု ဆိုတာကို
ပိုက်ဆံလို မင်း မစုဘူးဆိုရင်
အရာအားလုံး မင်း အဆင်ပြေမှာပါ။”
တို့ကို High Light ပေးချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ကဗျာဆရာ ထွဏ်းသွေးအိမ် ကို ဘာမှ မှတ်ချက် မပေးချင်ပေမယ့်။ ဒီ High Light ပေးထားတဲ့ စာကြောင်းတွေ ကတော့ ကျွန်တော့်ဘ၀ တစ်လျှောက်လုံး သတိတရ ဖြစ်စေမယ့် စာကြောင်းတွေလို့ ဆိုချင်ပါတယ်။
ကဗျာနောက်ဆုံးမှာ…
“မင်းနဲ့ငါ
ကြွေကျလာတဲ့ ခရေပွင့်ကြွေတွေကို ဆက်ကောက်ပြီး
ရှေ့လျှောက်
လမ်းကို
မီးစိမ်းမှ ငါတို့ ဖြတ်ကြမယ်ကွာ။” တဲ့
ကျွန်တော်တို့ ဘ၀မှာ မီးစိမ်း တာ ကို စောင့်ပြီး လမ်းဖြတ်ကူးရတဲ့ အခြေအနေတွေ ရှိခဲ့မှာပါ။ တကယ်တော့ ကျွန်တော်တို့ မီးနီကို အတင်းဖြတ်ချင်နေတာလည်း ရှိခဲ့မှာပေါ့လေ။ ကဗျာရေးတာ ကတော့ ကျွန်တော်တို့ အတင်းဖြတ်နေရတဲ့ မီးနီများ ဖြစ်လေမလား တစ်ခါတစ်ရံ တွေးမိပါတယ်။ အချစ်ကဗျာ တစ်ပုဒ်ဆိုပေမယ့် အောင်မြင်ချင်နေတဲ့ စိတ်နဲ့ ဘယ်လောကမှာပဲ ၀င်တိုးတိုး အခြေအနေ အချိန်အခါကို စောင့်စားနေရတာလည်း မီးစိမ်းကို စောင့်နေရတဲ့ စက္ကန့်တွေပဲပေါ့။
အခုတော့ ကျွန်တော် ကဗျာတွေ တစိုက်မတ်မတ်ရေးနေပါတယ်။ တစ်ခါတစ်ရံ တော့ "တစ်ကယ်တော့ ကဗျာရေးတဲ့ သူတွေ အများစု က စိတ်လေ နေတဲ့ သူတွေပဲ"လို့ သူ့အမြင် ကို တိတိပြတ်ပြတ် ပြောခဲ့ဖူးတဲ့ အင်ဂျင်နီယာ အစ်ကိုကြီးကို သတိတရ ရှိတတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ စိတ်လေ နေတဲ့ အချိန်မှာ တစ်ခါတစ်ရံတော့ ကဗျာရေးလို့ ရချင် ရနေနိုင်ပါတယ်။ ဒါပေမယ့် ကဗျာရေးတိုင်းတော့ စိတ်လေနေတာမဟုတ်ပါဘူး။ စိတ်လေနေလို့ ကဗျာရေးတယ်ဆိုရင်တောင် အရက်ဆိုင်မှာ ပုလင်းထောင်နေတာထက် အများကြီးသာပါတယ်။ ဘာလို့ဆို လေနေတဲ့စိတ်ကို အနုပညာ နဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်စေလို့ပါပဲ။ လေနေတဲ့ စိတ်နဲ့ ကမ္ဘာကြီးပေါ်မှာ ဆိုးဆိုးရွားရွား တစ်ခုခု မလုပ်မိပဲနဲ့ ကဗျာရေးမိခြင်းကြောင့် ကဗျာကို ကျွန်တော် အခုအချိန်ထိ ကျေးဇူးတင်သလို။ အဲဒီလို လုပ်မိနေတဲ့အတွက်လည်း ဂုဏ်ယူ ၀မ်းမြောက်မိ ပါတော့တယ်။
ကျော်ညိုသွေး
Comments