မျက်နှာများ တဲ့ စာအုပ် ၂


မျက်နှာများ တဲ့ စာအုပ် ၂


ခေတ်ပြိုင်ကဗျာ မှာ
စာလုံးပေါင်း မှန်ဖို့ မလိုဘူး။
စာလုံးပေါင်းမှန်ရင် ခေတ်ပြိုင်ကဗျာကို မဟုတ်ဘူး။
ခေတ်ပြိုင် ကဗျာဆရာ/ဆရာမ ဆိုရင်..
စာလုံးပေါင်း မှန်အောင် မရေးဘူး။
စာလုံးပေါင်း မှန်အောင် ရေးတာဟာ
ခေတ်ပြိုင် လမ်းကြောင်းထဲကနေ
သွေဖည်သမှု ပြုလုပ်တာပဲ ဖြစ်တယ်။
စာလုံးပေါင်း မမှန်ခြင်းဟာ
ဖောက်လွှဲဖောက်ပြန် ဖြစ်နေတဲ့
စိတ္တဇ ဖေါ်ညွှန်းချက်တွေ ကို တန်ဆာဆင်တာ ဖြစ်တယ်။
ဒါကြောင့် စာလုံးပေါင်း မှန်ဖို့ မလိုဘူး။
စာလုံးပေါင်း မှန်ခြင်းကြောင့် လှနေတယ်။
အလှတရားဟာ လှပခြင်း ထဲမှာ ပျောက်ကွယ်
မလှပခြင်း တွေ မှာ အလှအပတွေ ကို ရှာဖွေ ခြင်းခံရတယ်။
ဆိုရှယ်နက်ဝဒ် ထဲက ဗလောင်ဆူနေတဲ့
စတေးတပ်စ်တွေ...
ကွန်းဖစ်ဖြစ်စေတဲ့ အစိုင်အခဲတွေ
ဆွံ့ အ နေတဲ့ မျက်ခုံးရိုးတွေ နဲ့
အာမေဋိတ်တွေ ရဲ့ တဖျပ်ဖျပ်ခတ်နေတဲ့
အဓိပ္ပာယ် ဟာ စာလုံးပေါင်း မမှန်ခြင်း ပဲ ဖြစ်တယ်။
စာလုံးပေါင်း မှန်ခြင်းဟာ
ခေတ်ပြိုင်ကဗျာရဲ့ ရသ အဆီအနှစ်ထဲ
မစင် တစ်စက် ထည့်သွင်းခံရသလို
မနှစ်မြို့ ဖွယ်တောင် ဖြစ်သေးတယ်။
....
...
...
အဲဒီလို ပြောပြီး...
ခေတ်ပြိုင် ကဗျာဆရာဟာ
အပျိုစင်မ လေး ရဲ့ ၀စ်လစ်စလစ် ခန္ဓာကိုယ်ပေါ်
ရာဂဂျယ်လီတွေ ဖျန်းပက်လိုက်သလို
ကွမ်းတတွေး ကို ပေတရာပေါ်
"ပျစ်ခနဲ" ထွေးထုတ်လိုက်တော့ တယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး