လူပြောသူပြော များတဲ့ သတင်း

လူပြောသူပြော များတဲ့ သတင်း



မင်းကို ငါ့မိန်းမ ဖြစ်စမ်းစေချင်ပ ကွယ် လို့
ရှေးတုန်းက ယင်းသို့ကို လူပျိုစကား ပြောကြ ဟူလို။

မင်းအတွက် ပ ကွယ်
ဆင်မြီး လက်စွပ်တစ်ကွင်းလေ။

မင်းကို မြင်တိုင်း ပ ကွယ်။
စိတ်ကူးထဲမှာ ငါ
နှုတ်ခမ်းနီတောင့်လေးကို ထုတ်လိုက်သွင်းလိုက်
လုပ်နေမိ သူ ရယ်လေ။

မုန့်ကြက်တိုက် ၊ ကြာဇံဟင်းခါး ၊ မုန့်ဗိုင်းတောင့်နဲ့ မုန့်ကျွဲသည်း ၊ မုန့်စိမ်းပေါင်း ၊
အညာမုန့်လေပွေ အငန်၊ ပြီးတော့ ပလို့ဝ် ပြောင်း စေးစေးလေး ၊ ပြည်က မလိုင်လုံး ၊
ပုသိမ်ဟာလ၀ါ နဲ့ ဟီလာရီ ကလင်တန်ကို ဒေါ်အောင်ဆန်းစုကြည်က ဧည့်ခံတဲ့ မုန့်လိပ်ပြာ၊
ကောက်လှိုင်းကျီ မုန့် ၊ ထန်းသီးမုန့် ၊ရေညှိထမင်းလိပ် နဲ့ ကန်စွန်းရွက်သုပ် ၊
မုန့်လင်မယား နဲ့ ငရုတ်သီးစပ်တဲ့ မန်ကျည်းအချဉ်ရည် ၊ ၀က်သားတုတ်ထိုး ၊
ထန်းရည်ချိုချိုလေး နဲ့ ပဲကြီးလှော် အ၀ါ ၊ စပိုင်အပြာ နဲ့ အာတာပူစီ ။
အဲဒါတွေထက် ပို...
မင်းဟာ ကိုယ့်ရဲ့ 
ရေစိမ် ခေါက်ဆွဲလေးကွယ့်။

မင်းဟာ
ဦးထွန်းလွင် တောင် ခန့်မှန်းလို့မရတဲ့
ကိုယ့်ရင်ထဲက လာနီညာ လေး ရယ်လေ။

နွေဦးလေပြေတွေထဲ
ဝေ့၀ဲ နေတဲ့ သစ်ရွက်
ကြက်ပေါင်စေး တွေရဲ့
အသက်ဓါတ်
ရွှေဖီချိန် တွေ ရဲ့
နေရောင်ပျပျ။

မင်းဟာ ကိုယ့်ရဲ့  လင်ဇီး
မင်းဟာ ကိုယ့်ရဲ့  ဂျင်စင်း
မင်းဟာ ကိုယ့်ရဲ့ 
စိမ်းပြာရေညှိတွင်း လေးပါကွယ်။
ကိုယ် မမာ ခဲ့တာ ကြာပေါ့။


လူတွေကို စိတ်မ၀င်စားဟန်နဲ့
လူတွေရဲ့  စိတ်ဝင်စားခြင်း ခံချင် သူတွေကို
ငါစိတ်မ၀င်စား တော့ဘူးကွယ့်။



သရီးဒီ မျက်မှန်နဲ့
မင်းပြိုင်ပွဲဝင်ပုံ ကို ကြည့်ချင်စမ်းပ
နန်းရေ….။


အမှန်တရားတွေက အချိန်တိုတောင်းလာတယ်
ဒီလို ကဗျာစာကြောင်းလေးတွေနဲ့ပဲ
မင်းရင်ကို မထိခလုတ် ထိခလုတ်
ငါတစ်ယောက်တည်း အလုပ်ရှုပ်
ငါ့ကဗျာကို ဘယ်သူ Vote လုပ်မှာလဲကွယ်။

မင်းကို မြင်တိုင်း ဆောင်းတခက်ကို သတိရတယ်
ဟောဒီ ခေတ် ပလက်ဖောင်းကြီးထဲ
Flarf ယဉ်ကျေးမှုကို
ရှော်တီလေးက လက်ဆောင်ထုပ်ရဲ့ ပါကင်ကို ဖောက်လိုက်သလို
အသံမြည်အောင် ဖွင့်ဖေါက် ပြသ လိုက်တယ် နန်း။

သိပ္ပံခေတ်ကြီးပဲ
ဘာတတ်နိုင်မှာလဲ
အဲဒီစကားကို ဆောင်းတခက် က
လစ်လျူရှုခဲ့တယ်လေ။

ခရေတွေ မပွင့်ခင်
ခရေတွေ မျှော်လင့်
ခရေတွေ ပွင့်တော့
ခရေတွေ ခင်းထားတဲ့ လမ်းက
ခရေရနံ့ နဲ့ သိပ်မွှေးဆိုပဲ။
လူတွေက အဲဒီလိုပါပဲ နန်းရေ…။


ကဗျာအကြောင်း များများပြောရင် လူရာဝင်မယ်။
ကဗျာအရာ ၀င်တဲ့ အခါ လူအကြောင်း များများပြော။
သိုးကလေးလို အခွင့်အရေးကိုချောင်း
ကျားရဲလို သိမ်သိမ်မွေ့  မွေ့
အသိစိတ်ကို အိပ်မွေ့ ချတော့ မသိစိတ်ကို စွန်လိုလွှတ် ခဲ့ပေါ့

ဆံပင်တွေ ရှည်လာတယ်နော်..
နာရီတွေ မြန်တယ်နော်။
Counter မေးခွန်းတွေ ကို စိတ်မ၀င်စားတာ
ဒီဘ၀ကို ဖြစ်သလို နေတတ်လို့ပါ နန်းရယ်။

မင်းကိုငါ ဆိုရှယ်နက်ဝဒ်ထဲက ချောင်းမြောင်းရင်း
ပုရစ်တွင်းထဲ လမင်းသာခဲ့ပေါ့ နန်း။



အမြဲတမ်း ကိုယ့်ကဗျာကို
အားပေးတဲ့ စစ်သည်တစ်သိန်းအားနဲ့ ညီမျှတဲ့
သစ်ပင်တစ်ပင်ဟာတော့...
ကိုယ့် အတွက် အောက်စီဂျင်တွေ ထုတ်ပေးခဲ့ဖူးပေါ့ နန်းရေ...။

ကြော်ငြာတစ်ခုမှာ ယောက်ျားသားတွေ အတွက် သတင်းကောင်းဆိုလားပဲ
မိန်းမသား တစ်ယောက်တည်း နဲ့ အရာရာအဆင်ပြေစေမယ်တဲ့ နန်းရေ...။
မိုဘိုင်းဖုန်းတွေလည်း
လှုပ်တာနဲ့ ပွင့် ၊ ထိတာနဲ့ ပိတ်
ဆိတ်ကွယ်ရာမရှိတဲ့ အရပ်ဆိုတာ
ဆိတ်ကွယ်ရာ မရှိတဲ့ အရပ် ပါပဲ ကွယ်။


မောင်သစ်လှိုင်း(ကျောက်ဆည်)ရဲ့
အသံတိတ်အရက်ဆိုင် မဖတ်ဖူးပါ။
သူကိုယ်တိုင် ပြောပြတဲ့ ဇာတ်လမ်းလေး
ကြားတာနဲ့ ကြိုက်တယ် နန်း။

ကျုပ်ကလည်း လူတစ်မျိုးပဲ နန်းရေ
စုံထောက်ဖြစ်မှ ဆားပုလင်းနှင်းမောင် စီးကရက်သောက်ပုံလို
စီးကရက်သောက်မယ်လို့ ဆုံးဖြတ်ထားရင်
စုံထောက်မဖြစ်မချင်း ဆေးလိပ်သောက် မသင်ဘူး။

မင်းကိုငါ ဆိုရှယ်နက်ဝဒ်ထဲက ချောင်းမြောင်းရင်း
ပုရစ်တွင်းထဲ လမင်းသာခဲ့ပေါ့ နန်း။


ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ကျင်းပနေပြီဆို..
အဲဒီမှာ ပြိုင်တဲ့ တိုင်းရင်းသူလေး တစ်ယောက်ယောက်ကို
ကိုယ်ကြွေမယ်...နန်း။
ပတ်ဝန်းကျင်ကို ငေးရင်းနဲ့
ကိုယ်နင်းတဲ့ စက်ဘီးက ကမ္ဘာတစ်ပတ် ပတ်ပြီးချေပေါ့ နန်းရေ...
ကိုယ်ကသာ ဆက်ပြီး တွေးလို့ ကောင်းနေတုန်း။

ကဗျာတွေ အားလုံး ဒီမိုကရေစီမြစ်ထဲ မျောပါသွား
ရန်ကုန်မှာ တစ်ခါတစ်ရံသာ နှင်းပွင့်သစ္စာသီချင်းဖွင့်ကြ တော့တယ်..နန်း။

အနုပညာမှာ
ခေတ်ကိုအမှီ လိုက်နိုင်တယ် မလိုက်နိုင်ဘူးဆိုတာ
ရှိပါသလား နန်း။
အရိုးဆုံး အ၀တ်အစား နဲ့
ကဗျာတွေ တောပြန် ကောက်စိုက် နေကြရော့ထင်။

ရေစိမ်ခေါက်ဆွဲ ရနံ့ ရယ်၊ ဟင်းထုပ် မွှေးမြပုံရယ်၊
ပဲပုပ် မီးကင်နံ့ရယ်
ကိုယ့် ဘ၀ထဲမှာ အမြဲတမ်း သင်းပျံ့  နေပေါ့ နန်းရေ…
တစ်ခါတစ်လေတော့...
လူပြောသူပြောများ တဲ့ သတင်း
အပေါစား သီချင်းလို ပျင်းစရာကောင်းလှတယ်။
သ၀န်တို တတ်တဲ့ အချစ်ဟာ
ဟောဒီ ရန်ကုန်က ရေခဲမုန့်ကြော် ပေါ့...နန်းရေ.။

အခုတလော ခရိုနီ ဆိုတဲ့ စကားလုံး
သိပ်ခေတ်စားတယ်။
ဒီလိုနဲ့ ပဲ …
မင်းရဲ့ သတင်းလည်း ရွှေသုန္ဒရီ သီချင်းလို
ရေးပန်းစားလာတာပဲ နန်း။


ချစ်တဲ့သူတွေ သိပ်များတဲ့ လမ်း မှာ
မင်းနှလုံးသားလေး ဟဲလ်မက် ဆောင်းထား စမ်းပါကွယ်။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး